“တစ်.. နေရာယူ၊
နှစ်.. အဆင်သင့်၊
သုံး.. မောင်းချိန်၊
လေး.. ကျည်ဆံထည့်၊
ငါး.. ဝပ်၊
ခြောက်.. ပစ်နိုင်ပြီ၊ ပစ်… ”
ကျောင်းဝတ်စုံဟု မှတ်ခေါ်ရန်
မသေချာတော့သည့် အင်္ကျီတချို့ ဝတ်ဆင်ထားသော စာသင်ခန်းဝင်အရွယ် ကလေးငယ်တချို့၏
အသံများကို ကြားလိုက်ရသည်။ သူတို့တွေ စစ် တိုက်တမ်းဆော့ ကစားနေကြခြင်း
ဖြစ်သည်။ နေရာဌာနက အသစ်စက်စက် တူးထားသော ဗုံးခိုကျင်းများထဲတွင်ဖြစ်သည်။
ဗုံးခိုကျင်းက သူတို့အတွက် ခိုအောင်းရာ၊ ဗုံးခိုကျင်းက သူတို့အတွက်
လုံခြုံရာဟု သဘောထားကာ နေရာအသီးသီးယူ ပြီး တိုက်ပွဲ တစ်ခုအသွင် ဆော့ကစား
နေကြခြင်းဖြစ်သည်။ “ဒီကလေး တွေ ရဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကို သာ
ပြုပြင်လို့ရကောင်းရမယ်။ သူတို့ရဲ့ စိတ်တွေကိုတော့ လွယ်လွယ်နဲ့ ပြင်
လို့ရမှာမဟုတ်တော့ ဘူး။ သူတို့သွေးထဲမှာ စစ် ဆိုတာကြီးက ရှိနေပြီ။ ပြီးတော့
သေ နတ်သံတွေ၊ အမြောက်သံ တွေနဲ့ ယဉ်ပါးနေကြပြီ။ ဒါဟာ သူတို့ အနာဂတ်အတွက်
ရင်လေးစရာတစ် ခုပဲ” ဟု ဒုက္ခသည် စခန်းများသို့ ကိုယ်တိုင်သွားရောက်ခဲ့သော
လူမှု ကူညီရေး အရပ်ဘက်အဖွဲ့အစည်းဝင် တစ်ဦးက ဆိုသည်။ စစ်ဘေးဒုက္ခ
သည်များနေထိုင်ရာ ဒုက္ခသည်စခန်း များ၏ ရှေ့တိုင်းလိုလိုတွင် ဗုံးခိုကျင်း
များ အသီးသီးနေရာယူထားကြသည်။ တူးထားသည်မှာ မကြာသေးဟု တူး
လက်စဗုံးခိုကျင်းများကိုကြည့်၍ သိနိုင်သည်။ ကချင်ပြည်နယ်အတွင်း စစ်ရှိန်
တဖြည်းဖြည်းမြင့်လာ၍ ဒုက္ခသည်များက မိမိတို့၏ အသက် အန္တရာယ် လုံခြုံရေး အတွက်
အားကိုးတကြီး တူးဆွ ထားခြင်းဖြစ်သည်။
မိမိတို့ တစ်ခါမှမမြင်ခဲ့ဖူးသော
လူစိမ်းများရောက်ရှိလာသဖြင့် ခိုနားရာ တဲအိမ်များထဲမှ စစ်ဘေးဒုက္ခသည်
တို့အသီးသီးထွက်ကြည့်ကြသည်။ ယင်းတို့၏ မျက်လုံးများထဲတွင် ထိတ် လန့်မှု၊
စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများ အထင်းသားပါဝင်နေကြောင်း မျက်
မြင်ခံစားလိုက်ရသည်။ ကူညီဖေးမရန် စာနာမှုနှင့်အတူ လာရောက်ကြောင်း အချိန်ယူ
ရှင်းပြလိုက်ကြသည်။ သူတို့ အတော်အတန် သဘောပေါက်သွား ကြသည်။
“နင်တို့မပြန်ကြပါနဲ့။ နင် တို့နေသမျှ ငါတို့အတိုက်မခံရဘူး” ဟု
စစ်ဘေးဒုက္ခသည်တစ်ဦးဆီက ဆန္ဒပြု အသံထွက်ပေါ်လာသည်။ “ဘာလို့ လဲ၊ ဘာကြောင့်
ဒီလိုခံစားနေရတာလဲ၊ ရှင်းပြပါဦး”ဟု စစ်ဘေးဒုက္ခသည် များကို ကူညီမှု၊
အားပေးမှုများ ပြုလုပ်ရန် ရောက်ရှိလာသော လူမှုကူညီရေး အရပ်ဘက်အဖွဲ့ဝင်တစ်ဦးက
မေးမြန်းလိုက်သည်။ “နင်တို့မြို့ ပေါ်မှာ အဆန်းမဟုတ်ပေမယ့် ငါတို့
တွေဆီမှာတော့ မိုးချုပ်တာနဲ့ တံခါး ပိတ်ပြီး ပုန်းနေရတယ်။ မနက်မိုး
လင်းရင်လည်း ကိုယ့်အထုပ်ကလေး ကိုယ်ပိုက်ပြီး ပြေးဖို့ပြင်နေရတယ်။ အခု
နင်တို့လိုဧည့်သည်တွေ ရှိလို့ ဒီလို အေးအေးနေရတာ” ဟု ကချင်ဒေသ
ခံဒုက္ခသည်တစ်ဦးက ရှင်းပြသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သော
တိုက်ပွဲများကြောင့် ပြည်သူ တစ်သောင်းကျော်မှာ ဒုက္ခသည်များ အဖြစ်
စုဝေးနေထိုင်နေရခြင်းဖြစ်သည်။ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားခဲ့သော
ကချင်ပြည်နယ် တွင် ၂ဝ၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှ စတင်ကာ တိုက်
ပွဲများဖြစ်ပွားခဲ့သည်။ စစ်၏အရှိန်သည် တဖြည်းဖြည်းမြင့်တက် လာခဲ့သည်။
စစ်ပွဲများဖြစ်ပွားနေစဉ် တစ်ပြိုင်နက် တည်းမှာပင် တွေ့ဆုံဆွေးနွေးညှိနှိုင်း
မှုများလည့်း ပြုလုပ်ခဲ့ကြသည်။ တွေ့ ဆုံဆွေးနွေးမှုများ၏ ရလဒ်အဖြစ်
တိုက်ပွဲကြီး၊ ငယ်များစွာပိုတိုးလာသည် ဟု လေ့လာသူတချို့က သုံးသပ်ကြ သည်။
တိုက်ပွဲတိုးလာသည်နှင့်အမျှ ဒုက္ခသည်များလည်း တိုးလာခဲ့သည်။ ထို့ပြင်
ယင်းဒုက္ခသည်တို့၏ စိတ် ဒဏ်ရာလည်း လျော့နည်းမည်မဟုတ်။ “ဒုက္ခသည်စခန်းက
ကချင်မလေးတစ် ယောက်ကို ဦးတို့နဲ့ လိုက်မလား မေးတော့၊ နင်တို့ကို
ငါကြောက်တယ်လို့ ပြောတယ်။ နင်တို့ ဆိုတဲ့စကားက ဗမာတွေကို ရည်ညွှန်းတာပါ။
သေချာတာက သူတို့ကြုံတွေ့ခဲ့ရတဲ့ ဗမာတွေဟာ ဒီမှာ အခုစုဝေးရောက်ရှိနေကြတဲ့
ဗမာတွေ မဟုတ်ကြပါဘူး” ဟု မအူပင် ပျိုးခင်းသစ် လူမှုကူညီရေး အဖွဲ့မှ
ကိုထိုက်ထိုက်က သူ၏အတွေ့အကြုံကို အခမ်းအနားတစ်ခုတွင် ပြန်ပြော ပြသည်။
“တိုက်ပွဲတွေ
ရပ်ဆိုင်းတော့မယ်လို့ကြားမိတယ်။ အပြင်က လက်တွေ့တိုက်ပွဲတွေ ရပ်ဆိုင်းတာက
တကယ် တော့ သိပ်မခက်လှပါဘူး။ စိတ်ထဲမှာ စွဲမြဲနေတဲ့ တိုက်ပွဲအနိဋ္ဌာ ရုံတွေကို
ပယ်ဖျက်ဖို့က ပိုအရေးကြီး ပါတယ်” ဟု ငြိမ်းချမ်းရေးအတွက် လေ့လာနေသူတစ်ဦးက
သုံးသပ်သည်။
“စစ်ပွဲတွေကြားမှာ လူလား မြောက်လာတဲ့
ကလေးတွေရဲ့ အမုန်း တရားပြဿနာတွေ၊ နှစ်ဖက်တပ်တွေ မြှုပ် ထားတဲ့
မြေမြှုပ်မိုင်း အန္တရာယ် တွေကို ဘယ်လို ရှင်းလင်းကြမလဲ” ဟု လူမှုကူညီရေး
အဖွဲ့ဝင် ကိုထိုက်ထိုက် က ဝေဖန်သုံးသပ်သည်။
တရားသော စစ်မရှိနိုင်၊ နောက်ကြောင်း ပြန်ဖော်ရန် မသင့်၊ အထက်အောက် တစ်ပြေးညီ ဖြစ်သင့်
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော
တိုက်ပွဲများနှင့်ပတ် သက်သည့် သတင်းထုတ်ပြန်ချက် တစ်စောင် ကို
နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဇန်နဝါရီ ၁၈ ရက်စွဲဖြင့် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း
ထုတ်ပြန်ချက်(၃/၂ဝ၁၃)ကို ဖော်ပြ ပါရှိခဲ့သည်။ အဆိုပါ သတင်းထုတ် ပြန်ချက်
တွင် အချက်ပေါင်း ၈ ချက် ပါဝင်ခဲ့သည်။ ယင်းသတင်းထုတ်ပြန် ချက်ပါ
အချက်များနှင့်စပ်လျဉ်းပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို တက်ကြွစွာ
ပါဝင်လှုပ်ရှားကြသူ တချို့နှင့် မြန်မာအင်ဒီပဲန်ဒင့်မှ တွေ့ဆုံမေးမြန်း
ခဲ့သည်။ ထိုသို့ မေးမြန်းရာ၌ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့်
ဒီမိုကရေစီ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဖော်လားကမ်ဖန်က
“သတင်းထုတ်ပြန်ချက် အချက် ၄ မှာပါတဲ့ လဂျားယန်ဒေသမှာ စစ်ဆင်ရေးရပ်
ဆိုင်းမယ်ဆိုတဲ့အမိန့်ကို ကချင်ပြည်နယ် တစ်ခုလုံးကို သက်ရောက်စေချင်တယ်။
ကေအိုင်အေနဲ့ ကချင်လူထု က တောင်းဆိုနေတာက လက်ရှိကချင် ပြည်နယ်မှာရှိတဲ့
တပ်မတော်တပ် ဖွဲ့တွေကိုသာမက အောက်ပြည် အောက်ရွာကနေ ထိုးစစ်အနေနဲ့ တက်လာတဲ့
တပ်မတွေ၊ စစ်ကြောင်းတွေကို ဆုတ်ပေးဖို့ တောင်းဆိုတာပါ။ ငြိမ်းချမ်းရေး
ဖော်ဆောင်တဲ့နေရာမှာ ဒါတွေဟာ အမှန်တကယ် ဆုတ်သင့်ပါတယ်။ တပ်မလည်း
ထိုးထားတယ်။ ငြိမ်းချမ်းရေးလည်း ဆွေးနွေးဦးမယ် ဆိုရင် ဘယ်သူမှ အယုံအကြည်
မရှိနိုင်ဘူး။ အစိုးရဘက်တပ်တွေကို ဆုတ်ပေးလိုက်မယ် ဆိုရင် ယုံကြည်မှု
ပိုတည်ဆောက် နိုင်မှာပါ။ လဂျားယန် တစ်ခုတည်း ကွက်ပြောလို့တော့ အားရစရာ
မရှိပါဘူး။
“နောက်တစ်ခုက အချက် ၅ မှာပါတဲ့
မိမိကိုယ်ကို ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် ဆိုတဲ့
အချက်ကလည်း လဂျားယန်ဖြစ် ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် တပ်ထိုးထားရင်
ရိက္ခာပို့ရတယ်။ အဲဒီလို ပို့တဲ့နေရာ မှာ ကေအိုင်အေကို ဖြတ်ရတယ်။
သူတို့နေရာကိုဖြတ်တော့ သူတို့က ကာကွယ်တဲ့ အနေနဲ့ ပစ်မှာပဲ။ ရိက္ခာ
မပို့နိုင်အောင် လုပ်မှာပဲ။ အဲဒီတော့ တပ်မထိုးထားရင် ရိက္ခာလည်း ပို့စရာ
မလိုတော့ဘူး။ စစ်လည်းဖြစ်မှာ မဟုတ်တော့ဘူး။ စစ်ဖြစ်ပြီဆိုမှတော့ လည်း
ဘယ်သူမှ မတရားတော့ဘူးပေါ့။ အဲဒီတော့ တပ်တွေ ထိုးထားသရွေ့ ကိုယ့်ကိုယ်ကို
ခုခံနေရဦးမှာပဲ။ ဒါ ကြောင့် သိသာထင်ရှားအောင် တပ်တွေဆုတ်ခွာသင့်တယ်။
ဒါဆိုရင် ဆွေးနွေးတဲ့ စားပွဲဝိုင်းကို ရောက်လာမှာပါ” ဟု
သုံးသပ်ပြောကြားသည်။

ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကိုလည်း အဆိုပါ
သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာ အင်ဒီပဲန်ဒင့်မှ တွေ့ဆုံမေးမြန်း
ဖြစ်ခဲ့သည်။ ဒေါ်ဒွဲဘူသည် ယခု ကျင်းပဆဲဖြစ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော်
ဆဋ္ဌမပုံမှန်အစည်း အဝေး တတိယနေ့တွင် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန်
အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက် ရှိသော ကေအိုင်အို၊ ကေအိုင်အေ နှင့်
အစိုးရတပ်များ အကြား ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းပြီး
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့
လွှတ်တော်မှ သက်ဆိုင်ရာတာဝန် ရှိအဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရကို
တိုက်တွန်းကြောင်း အရေး ကြီးအဆိုကို တင်သွင်းထားသူဖြစ် သည်။ ယင်းအဆိုကို
လွှတ်တော်က ဇန်နဝါရီ ၁၈ ရက်တွင် အတည်ပြုခဲ့ သည်။ ထိုသို့ ကချင်ပြည်နယ်အတွက်
အရေးကြီး အဆို တင်သွင်းခဲ့သော ဒေါ်ဒွဲဘူက နိုင်ငံတော်သတင်း ထုတ်ပြန်ရေး
အဖွဲ့၏ သတင်းထုတ်ပြန်ချက် အချက် ၄ နှင့်ပတ်သက်ပြီး “လဂျားယန်စခန်း
မှာရှိတဲ့ စစ်သည်တွေရဲ့လုံခြုံရေးနဲ့ မြစ်ကြီးနား-ဗန်းမော်ပြည်ထောင်စု
လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်တဲ့ ကန့်သတ်ချက် ရသွားလို့ စစ်ဆင်ရေးကို
ရပ်ဆိုင်းမယ် ဆိုတော့ အရင်က မရသေးလို့ လုံခြုံရေး ရအောင် လေယာဉ်နဲ့
သွားတိုက်ရတယ် ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ လွှတ်တော်မှာ တင်ပြတဲ့
ပြည်သူလူထုရဲ့ ဆန္ဒအရ ရပ်ဆိုင်းတာ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေတယ်။
သူတို့လုံခြုံရေးရလို့ ရပ်ဆိုင်းတယ်လို့ပဲ နားလည်မိတယ်။ အဲဒီတော့
သူတို့ရပ်ဆိုင်းတာက အရင်လား။ ကျွန်မတို့ လွှတ်တော်ကပဲ တင်ပြတာ နောက်ကျတာလား။
အဲဒါလည်း သုံး သပ်ဖို့ လိုတယ်။ ပြည်သူလူထုရဲ့ သဘောထားပေါ်မှာ သူတို့ ဘယ်လို
သဘောထားလဲ ဆိုတာ ပြန်ထုတ်ပြန်ပေးဖို့ လိုတယ်။ ဒါပေမယ့် သူတို့ရပ်ဆိုင်းတာ
ဘယ်လိုနည်းနဲ့ပဲ ရပ်ဆိုင်း ရပ်ဆိုင်း လူထုအတွက် ဝမ်းသာတယ်” ဟု
သုံးသပ်ပြောကြားသည်။ သတင်းထုတ် ပြန်ချက်ပါ အချက် ၇ နှင့် ၈ ကို လည်း
ကြိုဆိုကြောင်း ယင်းက ဆိုသည်။
ဆက်လက်ပြီး ဒေါ်ဒွဲဘူက “စစ်ဆိုရင်
နှစ်ဖက်စလုံးက အမှားအယွင်း ရှိတာပါပဲ။ အထက်က မလုပ်နဲ့ ဆိုပေမယ့် အောက်ခြေက
လုပ်တာတွေ ရှိတယ်။ အဲဒါတွေကို သင်ပုန်းချေပစ်ဖို့ လိုတယ်။ အခုအစိုးရက အရင်က
ဖြစ်ခဲ့တာတွေကို ပြန်ဖော်ပြနေတယ်။ ဒါဟာ နောက်ကြောင်းပြန်ဖော်တာပဲ။
သူများရဲ့စိတ်ကို ထိုးဆွတာ။ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ မဖြစ်နိုင်အောင်
လုပ်တာပဲ။ ပြီးတော့ သောင်းကျန်းသူလို့ ပြောဆို သုံးနှုန်းတာတွေ လည်း
မလုပ်သင့်ဘူး။ နှစ်ဖက်စလုံးက သူတို့ရည်ရွယ်ချက် တစ်ခုစီနဲ့ လုပ်နေတာလေ။
ဒါကြောင့် အပြစ်တွေ ပြန်မဖော်ဖို့ ရှေ့အနာဂတ်မှာ အရေးကြီးတယ်” ဟု ဆိုသည်။
သတင်းထုတ်ပြန်ချက်အချက် ၅ တွင်ပါရှိသော
မိမိကိုယ်ကိုကာကွယ် ခြင်းမှအပ အပစ်အခတ်ရပ်စဲမည်ဆို သည့် အချက်နှင့်ပတ်သက်၍
“မိမိ ကိုယ်မိမိ ကာကွယ်တယ် ဆိုပြီး စစ်ပြန် မဖြစ်သင့်ဘူး။ ဒါလည်း သေးသေး
လေးကနေ ကြီးကြီးမားမား ပြန်ဖြစ်နိုင်တယ်” ဟုဒေါ်ဒွဲဘူက သုံးသပ်ပြောကြားသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမှန်တကယ်
မြန်ဆန်စွာရရှိနိုင်ရေး နှင့်ပတ်သက်ပြီးဒေါ်ဒွဲဘူက “သမ္မတ အနေနဲ့ ဘာကိုမှ
မခွဲခြားဘဲနဲ့ ကချင် ပြည်သူလူထုအပေါ်မှာ သူ့ရဲ့ချစ်ခြင်း မေတ္တာကိုပြသပြီး
ပြုမူဖို့လိုတယ်။ ဒါ့အပြင် အစိုးရကလည်း သူ့ရဲ့ စစ်တပ်ကိုနိုင်အောင်ထိန်း၊
စစ်တပ်အနေ နဲ့လည်း မလိမ်မညာဘဲ အမှန်အတိုင်း ဆောင်ရွက်ဖို့ လိုတယ်။ အောက်မှာ
လုပ်တာတစ်မျိုး၊ အပေါ်မှာတင်ပြတာ တစ်မျိုးမဖြစ်သင့်ဘူး” ဟု အကြံပြု
ပြောကြားခဲ့သည်။
မြန်မာပြည် ငြိမ်းချမ်းရေးနှင့်
ပတ်သက်ပြီး လှုပ်ရှားပါဝင်နေသူများ မှာ အရွယ်အသီးသီး၊ နယ်ပယ်အသီး
သီးရှိကြသည်။ လူပုဂ္ဂိုလ်များသာမ က ရဟန်းတော် များလည်း ခေတ်
အဆက်ဆက်ပါဝင်ခဲ့ကြသည်။ ထို့ ကြောင့် ယခုကချင်ပြည်နယ်ရှိစစ်ပွဲ
များနှင့်ပတ်သက်၍လည်း ဆရာတော် တစ်ပါးနှင့် တွေ့ဆုံမေးမြန်းလျှောက် တင်ရန်
မြန်မာအင်ဒီပဲန်ဒင့်မှ ကြိုးပမ်း ခဲ့သည်။ မကွေးဆရာတော်ဦးပါမော က္ခက ပြန်လည်၍
သုံးသပ်မိန့်ကြားခဲ့ သည်။ မကွေး ဆရာတော်က “ငြိမ်းချမ်းရေး
ရဖို့ကြိုးစားကြတာကို ကြိုဆိုပါတယ်။ အပစ်အခတ်တွေရပ်စဲတာ ကိုလည်း
ကြိုဆိုပါတယ်။ တစ်ခုရှိ တာက မိမိကိုယ်ကို ခုခံကာကွယ်တာ ကတကယ့်ကိုပဲ
ခုခံကာကွယ်တာလား၊ မိမိဟာ အများကြားကောင်းရုံ လုပ်နေတာလား၊ အဲဒါတော့
စဉ်းစားဖို့လိုတယ်။ တကယ်ခုခံတာကိုတော့ ဘာမှ မပြောလိုဘူး” ဟု
မိန့်ကြားခဲ့သည်။
သမ္မတ၏ မိန့်ကြားချက်က တစ်မျိုး၊
ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ရပ်ကတစ်မျိုး၊ အောက်ခြေက လုပ်ရပ်က တစ်မျိုး
ဖြစ်နေမည်ကိုလည်း မလိုလားကြောင်း၊ ယုံကြည်မှု တည် ဆောက်ရာတွင် အပစ်အခတ်မရပ်
စဲ၍ မဖြစ်ကြောင်း၊ ဆွေးနွေးပွဲများ ပြုလုပ်မည်ဆိုပါက တိုက်ပွဲများ
အရင်ရပ်သင့်ကြောင်း ဆရာတော် ဦးပါမောက္ခက အကြံပြု မိန့်ခဲ့သည်။
နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့မှ
ထုတ်ပြန်ထားသောသတင်း တွင် အချက် ၈ ချက်ပါဝင်ပြီး ကချင် ပြည်နယ် အတွင်း
တိုက်ပွဲများဖြစ်ပွား ရသည့် နောက်ခံ အကြောင်းရင်းများကို
အများဆုံးဖော်ပြထားကြောင်း တွေ့ ရှိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
များပျက်ပြားရခြင်းအကြောင်းရင်းများ ကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။ ၂ဝ၁၃
ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၆ နာရီမှစကာ ကချင်ပြည်နယ်
လဂျားယန်စခန်းနှင့် မြစ်ကြီးနား- ဗန်းမော်ပြည်ထောင်စု လမ်းမကြီး၏
လုံခြုံရေးအတွက် လိုအပ်သည့် ကန့် သတ်ရည်မှန်းချက်များ ရရှိသဖြင့်
စစ်ဆင်ရေး ရပ်ဆိုင်းမည်ဟုလည်း အချက်အမှတ် ၄ ၌ ဖော်ပြထားသည်။အချက် ၅ တွင်
မိမိကိုယ်ကို ခုခံကာကွယ်ရန်မှအပ ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ရန်ဟူသော
အချက်ကိုလည်း ဖော်ပြထားသည်။
သတင်းထုတ်ပြန်ချက်မှ အချက် ၇ တွင်
အပစ်အခတ်ရပ်စဲ ရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှု များကို
ဆက်လက် လုပ်ဆောင်သွားမည်ဟု ပါရှိသည်။ ထို့ပြင် အချက် ၈ ၌ နိုင်ငံတော်
အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကို တည်ဆောက် နိုင်ရန် အတွက် ကေအိုင်အို၊ ကေအိုင်
အေအပါအဝင် တိုင်းရင်းသားပြည် သူအားလုံးနှင့် လက်တွဲဆောင်ရွက် သွားရန်
အသင့်ရှိကြောင်း ထည့် သွင်းဖော်ပြထားသည်။
နယ်ပယ်အသီးသီးမှလည်း ကြေညာချက်များ ထုတ်ပြန်
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော
အခြေအနေများ အပေါ် အဖွဲ့အစည်းအသီးသီးကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
ယင်းထုတ်ပြန်ချက် များကြောင့် တင်းမာနေသော အခြေအနေများ ပြေလျော့နိုင်မည်
ဟုတ် မဟုတ်ကိုမူ အတိအကျ မသိရှိရချေ။ သို့သော် သဘောထား ကြေညာချက်များ ကလည်း
တဖွဲဖွဲ ထုတ်နေကြမြဲ ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ်၏ သဘောထားကြေညာ ချက်တွင် အစိုးရနှင့် တိုင်းရင်းသား များအကြား
ပဋိပက္ခဖြစ်ပွားရခြင်း မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိရေးကို
ကျင့်သုံးလိုက်နာမှုမရှိခဲ့ ခြင်းအပေါ် အခြေခံကြောင်း၊ နိုင်ငံ
ရေးပြဿနာများကို နိုင်ငံရေးနည်း လမ်းဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်း
ခြင်းသည် ပြေလည်မှုရစေမည့် နည်းလမ်းဖြစ်ကြောင်း ထည့်သွင်း ဖော်ပြ ထားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း
ယခုကာလသည် မိမိတို့၏ လိုလားချက်များကို လက်နက်ကိုင် တောင်းဆိုရမည့်
ကာလမဟုတ်သကဲ့သို့ လက်နက်ကိုင် ပယ်ချရမည့် ကာလလည်း မဟုတ်တော့ကြောင်း၊
ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းရေးနည်း
မပါရှိဘဲ ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း၊ စစ်ရေးအရှိန် တင်းမာနေ မှုများ
လျှော့ချပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပြည် ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ကေအိုင်အို/ ကေအိုင်အေ သို့
ပြည်သူ့လွှတ်တော် မှ တိုက်တွန်းကြောင်း တိုက်တွန်း ချက်တစ်ရပ် ကို ဇန်နဝါရီ
၁၇ ရက် က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်
အရေးကော်မရှင်ကလည်း ဇန်နဝါရီ ၁၈ ရက်နေ့စွဲဖြင့် ကြေညာချက် တစ်ရပ်
ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ပဋိပက္ခဒုက္ခသည် များထံသို့ လူသားချင်း
စာနာထောက်ထားမှု ဆိုင်ရာ အကူအညီရောက်ရှိ ရေးနှင့် လုံခြုံချောမွေ့စွာ
ပို့ဆောင် ရေးကို မည်သို့ တာဝန်ယူနိုင်မည် ဆိုသည့် ပြဿနာကို နှစ်ဖက်ငြိမ်း
ချမ်းရေးဆွေးနွေးမှုတွင် အရေးကြီး သော ကိစ္စတစ်ရပ်အဖြစ် ကိုင်တွယ်
ဖြေရှင်းကြရန် တိုက်တွန်းပါကြောင်း ထည့်သွင်းဖော်ပြထားသည်။
ကြေညာချက်များ ထုတ်ပြန်သော် လည်း တိုက်ပွဲများဖြစ်နေဆဲ
ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၆ နာရီမှ စတင်ကာ
ကချင်ပြည်နယ် လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး ကို
ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း၊ ကြေးမုံ သတင်းစာတွင် အတိအလင်း
ဖော်ပြထားသော်လည်း ယင်းဒေသတစ်ခွင်တွင် ဇန်နဝါရီ ၁၉၊ ၂ဝ၊ ၂၁ ရက်များတွင်
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ပွဲများဖြစ်ပွားမှု
နှင့်ပတ်သက်၍ ကေအိုင်အေ အရာရှိ တစ်ဦးက “အစိုးရဘက်က ဒီနေ့ ၂ဝ ရက် ညကစပြီး ၂၄
နာရီ အတွင်း အပြီးသတ် ထိုးစစ်ဆင်သွား ဖို့ ညွှန်ကြားထားတာ ရှိတယ်လို့
သိရတယ်” ဟု ဆိုသည်။ အစိုးရ အနေဖြင့် လဂျားယန်ဒေသ ခယာဘွမ် (Hka Ya Bum)
စခန်းကို ၂၄ နာရီ အတွင်း အပြီး သိမ်းပိုက် ရန် ညွှန်ကြားခြင်းဖြစ်ဖွယ်
ရှိကြောင်း၊ ခယာဘွမ် ထိုးစစ်သည် ၁၉ ရက် မွန်းလွဲပိုင်း တွင် အကျအဆုံး
များခဲ့ကြောင်း၊ ၂ဝ ရက် မနက် ၈ နာရီတွင် ခယာဘွမ် ၏ အရှေ့ဘက်ခြမ်းမှ
ဝင်ရောက် တိုက်ခိုက်သော်လည်း အကျအဆုံး များရှိခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီ
တွင်လည်း ခယာဘွမ်၏ အနောက်ဘက်နှင့် မြောက်ဘက် များမှ အစိုး ရတပ်မှ
ထိုးစစ်ဆင်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲတွင်လည်း
လဂျားယန် တောင်ခြေရှိ လဝါယန်အနီးမှ အစိုးရတပ် ဖွဲ့သည် လိုင်ဇာဘက်သို့
ထိုးဖောက် ရန် ကြိုးစားစဉ် မိုင်းတွင်းထဲ ကျကာ ကေအိုင်အေတပ်ဖွဲ့များ၏
ချေမှုန်း ခြင်းကို ခံခဲ့ရကြောင်း၊ ဇန်နဝါရီ ၂၁ ရက် မနက်မှ စတင်ကာ အစိုးရ
လက်နက်ကြီးတပ်ဖွဲ့သည် စိန်လုံ တောင်မှ မိုင်ဂျာယန်အနီးရှိ ဒေသ များသို့
ပစ်ခတ်မှုများရှိနေကြောင်း၊ ထို့အတူ မိုင်ဂျာယန်နှင့် ခါယာ တောင်ကျောကိုလည်း
တောက်လျှောက် ပစ်ခတ်နေကြောင်း၊ ယင်းသို့ ၂၄ နာရီ စစ်ဆင်ရေးရည်မှန်းချက်
အောင်မြင်ပါက သမ္မတ ဦးသိန်းစိန် မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ကြောင်း
ကြေညာရန် ရှိကြောင်း၊ ရွှေဟင်္သာ သတင်းဌာနက ဇန်နဝါရီ ၂၁ ရက်တွင်
ထုတ်ပြန်ဖော်ပြထားသည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန်
လာမှုကြောင့် ကေအိုင်အို ဗဟိုကော် မတီက ဇန်နဝါရီ ၂ဝ ရက်တွင် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီထံသို့
အကြောင်းပြန်ကြားချက်တစ်ခုပို့ ဆောင်ခဲ့သည်။ အဆိုပါ အကြောင်း
ပြန်ကြားချက်တွင် မြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်း
ထုတ်ပြန်ချက်နှင့် ရှေ့တန်း စစ်မြေ ပြင်တွင် တိုက်ပွဲဖြစ်ပွားနေမှု များမှာ
လုံးဝဆန့်ကျင်ကွဲပြားနေကြောင်း၊ ထိုသို့ ကေအိုင်အိုကို ကြည်းတပ်၊ လေတပ်၊
အမြောက်တပ် များဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ကာ စစ်ရေးအရ
ဖိအားပေးမှု အခြေအနေ အောက်တွင် ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်
ငန်းကော်မတီနှင့် ကေအိုင်အို အဖွဲ့တို့ သာ သီးခြားတွေ့ဆုံဆွေးနွေးမှု
မပြုလုပ်ဘဲ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ)၏
ဆုံးဖြတ်ချက်အတိုင်း UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ တို့ ဆွေးနွေးခြင်းကသာ ပိုမိုသင့် လျော်မည်ဖြစ်ကြောင်း
ပြန်ကြား ထားသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ
ဖက်ဒရယ်ကောင်စီသည် ဇန်နဝါရီ ၁၁ ရက်က ယင်းကောင်စီ၏ နှစ်ပတ်လည် အစည်းအဝေးတွင်
ကချင်ပြည်နယ် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှု များကို ချက်ခြင်း
ရပ်တန့်ပြီး လွတ်လပ်တန်းတူတရားမျှ တသော နိုင်ငံရေးတွေ့ဆုံဆွေးနွေး
ပွဲအမြန်ခေါ်ယူကျင်းပရန် ပန်ကြား တောင်း ဆိုကြောင်း သတင်းထုတ်
ပြန်ထားပြီးဖြစ်သည်။
တိုက်ပွဲများ အဘယ့်ကြောင့်ဖြစ်ပွား
ထိုသို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားနေရ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ
ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးစောရွှေလင်းက “စီးပွားရေးအရ ကြည့်ရင်
စားကျက်လုတာပေါ့။ နယ်မြေအရ ကြည့်မယ်ဆိုရင်တော့ ကိုယ့်နယ်မြေမှာကိုယ်
လုံခြုံစွာ နေချင်တယ်ဆိုတဲ့အပေါ်မှာ မူတည် ပြီး တိုက်ပွဲတွေ ဖြစ်လာတယ်လို့
ထင်ပါတယ်” ဟု သုံးသပ်ပြောကြား သည်။
ကချင်ပြည်နယ်လူထုအနေဖြင့် လည်း
အစိုးရဘက်မှ တိုက်ပွဲများ ရပ်ရန် ဆန္ဒရှိပြီး ကေအိုင်အို/ ကေ
အိုင်အေဘက်မှလည်း တိုက်ပွဲများ ရပ်တန့်ရန် ဆန္ဒရှိနေသော်လည်း အဘယ့်ကြောင့်
တိုက်ပွဲများ ဆက် ဖြစ်နေသည်ကို အဖြေမထုတ်နိုင်၊ နားမလည်နိုင်ဖြစ်နေကြောင်း
သိရ သည်။
“စစ်ပွဲတွေ ဘာကြောင့်ဖြစ် သလဲဆိုရင်
သမိုင်းကြောင်းနဲ့ ချီ လာတဲ့ ပြဿနာတွေ၊ စစ်နာနာတိုက် ပေးမှ အကျိုးရှိမယ့်
သူတွေရှိနေ တာကြောင့် ပြည်သူတွေဟာ စာနာ တရားနဲ့ ဘယ်လောက်ပဲ အော်အော်၊
မျက်ရည်နဲ့ မျက်ခွက် ဘယ်လောက် ပဲပြောပြော အရာမထင်တာပါ” ဟု ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သုံးသပ်ပြောကြားသည်။
အဲဒီတိုက်ပွဲတွေ ရပ်အောင် ဘယ်လို လုပ်သင့်သလဲ
အကြောင်းအရာ အချက်အလက် မျိုးစုံပေါင်းစုကာ
တိုက်ပွဲများ ဖြစ် ပွားလာခဲ့ပြီ။ ထိုသို့ ဖြစ်ပွားနေသော တိုက်ပွဲများကို
နည်းလမ်းများရှာဖွေ ကာရပ်တန့်အောင် လုပ်ကြရမည်မှာ အရေးကြီးသော
အကြောင်းတစ်ရပ် ပင်ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲ များ ရပ်တန့်ရေးအတွက်
လုပ်ဆောင် သင့်သော အချက်များ ကို ရွှေပါရမီ တောရ ဆရာတော် အရှင်ဆန္ဒာဓိက က
“စစ်ပွဲဖြစ်တာ အကြောင်းတရား ရှိတယ်။ အဲဒီအကြောင်းတရားကို ရိုးရိုးသားသား၊
ဖြောင့်ဖြောင့်မတ် မတ်နဲ့ အမှန်အတိုင်း သိအောင် အဖြေ ရှာဖို့လိုတယ်။
သိအောင်ရှာပြီးမှ ပြေလည်သွားအောင် ဖြေရှင်းရမယ်။ ကိုယ့်ဘက်သူ့ဘက်
ညီညွတ်မျှတ အောင် အပေးအယူ၊ အလျှော့ အတင်း လေးနဲ့ ဖြေရှင်းရမယ်။ နှစ်ဖက်
စလုံးကတော့ ကိုယ်မှန်တယ်ပြောမှာ ပဲ။ မှန်တယ် မမှန်ဘူးဆိုတာ ကိုယ်
တစ်ယောက်တည်းအကျိုးစီးပွားနဲ့ မစဉ်းစားဘဲ တိုင်းသူပြည်သား အကျိုးစီးပွား
လိုအင်ဆန္ဒတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာနဲ့ ချိန်ထိုးပြီး
စဉ်းစားသင့်တယ်”ဟု မိန့်ကြား တော်မူသည်။
“တစ်ဖက်နဲ့ တစ်ဖက် အပြန်
အလှန်လေးစားမှုတွေနဲ့ ရိုးရှင်းတဲ့ ဆွေးနွေးမှုမျိုးတွေ လုပ်ရင် တိုက်ပွဲ တွေ
မရပ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ
ကိုထွန်းမြင့်အောင်က သုံးသပ်ပြောကြားသည်။
တိုက်ပွဲများ ရပ်ဆိုင်းရန်အတွက်
ပြည်တွင်းငြိမ်းချမ်းရေးရရန်အတွက် ဟူသော ရည်ရွယ်ချက်များဖြင့် အစိုးရနှင့်
ကေအိုင်အို /ကေအိုင်အေ တို့ကြားတွင် ဆွေးနွေးပွဲများ အကြိမ်
ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် ဆွေး နွေးပွဲများ နှင့်အတူ တိုက်ပွဲများ၊
ကျဆုံးသူများ၊ သေဆုံးသူများ၊ စစ် ပြေးဒုက္ခသည် များသာ နေ့စဉ်တိုး ပွားလျက်
ရှိနေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်
မင်းကိုနိုင်က “ဒီတိုက်ပွဲတွေ ဖြစ်တာကို ပစ်ထားသလို ဖြစ်ရင် သတင်းတွေက
အမှောင်ကျသွားရော၊ အသံတိတ် သွားတဲ့အခါ တိုက်ပွဲတွေ ပြန်စတော့တာပဲ။
ဒါကြောင့် မီးမောင်း နာနာထိုးပေး၊ ဝိုင်းအော်ပေးရင် မဟုတ်တာလုပ်တဲ့ သူဟာ
လက်ရုပ် သွားမယ်” ဟု သုံးသပ်ပြောကြား ခဲ့သည်။
တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒများ ဖော်ထုတ်ကြ
ကချင်ပြည်နယ်တွင်း၌ ဖြစ်ပေါ် နေသော
တိုက်ပွဲများ ရပ်တန့်ရေး အတွက် တောင်းဆိုသော ဆန္ဒဖော် ထုတ်ခြင်း များ
ဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။ ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန်မြို့
တော်ဝင်နှင်းဆီ ခန်းမ၌ ကချင်ဒေသ ခံပြည်သူများ က ကချင်ဒေသစစ်ပွဲများ
ရပ်ဆိုင်း ပေးရေးဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ် ခဲ့သည်။
မုံရွာမြို့၌လည်း မုံရွာရဲစခန်း ၏
တရားဝင်ခွင့်ပြုချက်ဖြင့် ကချင် စစ်ပွဲရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ
စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၂ဝ ရက်တွင် လူ အင်အား ၁ဝဝ
ခန့်ဖြင့် ပြုလုပ်ခဲ့ ကြောင်း သိရှိရ သည်။
ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာသို့
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် အဖွဲ့တစ်ခုလည်း ပေါ်ပေါက်
ခဲ့သည်။ ယင်းအဖွဲ့တွင် အဖွဲ့ဝင်လူငယ် ၂၉ ဦးပါရှိပြီး မိုင်ပေါင်း ၇ဝဝ
ကျော်ရှိ သော ခရီးကို ခြေလျင် လျှောက်ကာ ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရန်
တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းမည် ဟု သိရသည်။ ယင်းတို့သည် ဇန်န ဝါရီ ၂၁ ရက်
နံနက် ၇ နာရီမှ စတင်ကာ ရန်ကုန်မှ လိုင်ဇာသို့ ထွက်ခွာခဲ့ကြပြီး
အချိန်တစ်လကျော် ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။
လက်ရှိတွင် ကချင်ဒေသခံ ပြည်သူလူထုမှာ
ဆိုင်ကယ်စက်နှိုးသံ ကြားရရုံဖြင့် ဗုံးခိုကျင်းများထဲသို့ ပြေးဝင်
ပုန်းတတ်သည့် အလေ့အထ ပင်ရှိနေကြောင်း သိရသည်။ ဒုက္ခ သည်စခန်းများ၏ ရှေ့တွင်
ဗုံးခို ကျင်းတူး နေသော ဒုက္ခသည်များ၊ လူစိမ်းမြင်ပါက ကြောက်ရွံ့စွာ
ကြည့်နေတတ်သော မျက်လုံးများက တိုက်ပွဲများ အမြန်ဆုံးရပ်ရန်
တောင်းဆိုနေသည်ဟု မှတ်ယူနိုင်သည်။
တိုက်ပွဲများ မရပ်တန့်ပါက ယင်းပြည်သူလူထု၏
ရင်ထဲမှ ကြောက်ရွံ့စိတ်၊ ထိတ်လန့်စိတ်၊ စိုးရိမ်စိတ်များသည် မည်သို့မျှ
ပျောက်ပျက်နိုင်မည်မဟုတ်။ ထို စိတ်များရှိနေသမျှလည်း စစ်မှန်သော ဖက်ဒရယ်
ပြည်ထောင်စု တစ်ခု ဖြစ် ပေါ်လာနိုင်မည်မဟုတ်။ ထို့ကြောင့် စစ်မှန်သော
ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရန်၊ ပြည်သူ လူထု၏ ဆန္ဒအမှန် ပြည့်ဝရန်
ပြည်သူလူထု၏ စိတ်များ ငြိမ်းချမ်းရန် ဆိုသည်မှာ….။
မြန်မာအင်ဒီပဲန်ဒင့်
0 comments:
Post a Comment