Home » » တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ရှင် သန်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မ တီနှင့် ကေအိုင်အေ ဆွေးနွေး

တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ရှင် သန်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မ တီနှင့် ကေအိုင်အေ ဆွေးနွေး


ဆွေးနွေးပွဲ မြင်ကွင်း
ဆွေးနွေးပွဲ မြင်ကွင်းမြန်မာအစိုးရ အဖွဲ့သည် မြန်မာနိုင်ငံ၏ အထိအရှ အများပြားဆုံးသော တိုင်းရင်းသား ပဋိပက္ခ တစ်ရပ်ကို အဆုံးသတ်ရန်နှင့် တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆက်လက် ရှင်သန်စေရန် ကြိုးစားသည့် အနေဖြင့် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အဖွဲ့နှင့် ဖေဖော်ဝါရီ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့ (Ruili) တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ကျင်းပခဲ့ပြီ ဖြစ်သည်။
ရွှေလီမြို့၊ ကျင်းချိန်ဟိုတယ်တွင် ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သလို ကချင် လွတ်မြောက်ရေး (ကေအိုင်အို)ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နှင့် အဖွဲ့ဝင် ၄ ဦး ပါ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။ အောက်တိုဘာလ ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ခြင်း မရှိသော ကေအိုင်အေမှ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်လာခဲ့ခြင်း ကလည်း ထိုဆွေးနွေးပွဲ၏ ထူးခြားမှုတစ်ရပ် ဖြစ်သည်။
ဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သံအမတ်ကြီး Mr. Luo Zhaohui တက်ရောက်ခဲ့ပြီး ထူးခြားမှု တစ်ရပ် အနေဖြင့် ထပ်မံတွေ့ရှိရသည်မှာ ကရင် အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူးတို့ ဦးဆောင်သော တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ် များလည်း သက်သေအဖြစ် တက်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲအပြီး နှစ်ဖက်ပူး တွဲထုတ်ပြန်သော ကြေညာချက်အရ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ အတွင်း ကျင်းပရန်၊ အစိုးရနှင့် ကေအိုင်အို အကြား နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပ သွားကြရန်နှင့် ပဋိပက္ခ ဖြစ်ပွား ရာ ဒေသများတွင် လေ့လာစောင့်ကြည့် စိစစ်ရေးစနစ်တစ်ရပ် ထားရှိရေး ဆွေးနွေးဆောင်ရွက် သွားရန် သဘောတူညီ ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ ကျင်းပသော ဆွေးနွေး ပွဲသည် ဆက်လက်ကျင်းပရန်ရှိ သည့် ညှိနှိုင်းမှုများအတွက် အခြေခံ ချမှတ်ရန် ရည်ရွယ် ထားဟန် ရှိပြီး နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေး တင်းမာမှု လျှော့ချနိုင်ရေး၊ လာမည့်ဆွေးနွေးပွဲ များတွင် သက်သေအဖွဲ့အစည်းများ ထပ်မံဖိတ်ခေါ်နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြသည်။
ဤဆွေးနွေးပွဲသည် နှစ်ဖက် အဖွဲ့အစည်း တို့အကြား တင်းမာမှု လျော့ကျစေကာ ယုံကြည်မှုအချို့ တည်ဆောက်နိုင် မည်ဖြစ်သော်လည်း အရှည်တည်တံ့သော အပစ်အခတ် ရပ်စဲမှု ရရှိရန်မှာမူ အဖွဲ့အစည်း တစ်ဖက်ဘက်မှ ပျော့ပြောင်းသော သဘောထား ရပ်တည်မှု ပြသရန် လိုအပ်မည် ဖြစ်ပေသည်။
အစိုးရဘက်မှ ရေရှည်နိုင်ငံရေး ဆွေးနွေးပွဲများ မစတင်မီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးစေ လိုသော်လည်း မြန်မာစစ်တပ်အပေါ် ယုံကြည်မှု ဆိတ်သုဉ်းနေသည့် ကေအိုင်အေက အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးခြင်း မပြုမီ ခိုင်မာသော အဆို တင်သွင်းချက် တစ်ရပ်ကို ဦးစွာ ရယူလိုပေသည်။ နှစ်ဖက် အဖွဲ့အစည်းကြား ၁၁ ကြိမ် တိုင်တိုင် ပျက်ပြားခဲ့ရသော ငြိမ်းချမ်းရေး အားထုတ် ကြိုးပမ်းမှုတို့က ကြားဝင်ညှိနှိုင်းရန် ခဲယဉ်းသည့် အခြေအနေ တစ်ရပ်ကို မီးမောင်းထိုး ပြသနေပေသည်။
မည်သို့ပင်ဖြစ်စေ၊ ကေအိုင်အေတို့ နှင့် တွေ့ဆုံဆွေးနွေးခြင်းက သာ၍ ရှုပ်ထွေးဖွယ်ရှိသော နိုင်ငံရေး ညှိနှိုင်းမှု များကို အစိုးရ အနေဖြင့် စတင် ဆောင်ရွက် လာစေ မည်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ရလိုမှုအတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား အစုအဖွဲ့တို့ကို  တစ်ခုတည်းသော နိုင်ငံရေးအုပ်စုအတွင်း သို့ စည်းရုံး သိမ်းသွင်းနိုင်ရန်၊ မည်သို့သော အာမခံချက်များနှင့် မည်သို့ သော မဲဆွယ်စည်းရုံးမှုများ ပြုလုပ်မည် ဆိုသည်ကိုမူ ညွှန်းဆိုဖော်ပြခြင်း အလျဉ်းမရှိသေးပေ။
Ref: Myanmar Starts Peace talks with top kachin leaders in China Reuters Feb 4,2013
ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့၏ အစည်းအဝေး မှတ်တမ်း
ပူးတွဲကြေညာချက်
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG