Home » » ကချင်စစ်ပွဲက ပြည်တွင်းစစ်မီး ပြန်လည်ဖန်တီးစေနိုင်ဟု ရှမ်းပြည်အပစ်ရပ် ၃ ဖွဲ့ပြော

ကချင်စစ်ပွဲက ပြည်တွင်းစစ်မီး ပြန်လည်ဖန်တီးစေနိုင်ဟု ရှမ်းပြည်အပစ်ရပ် ၃ ဖွဲ့ပြော

 ကချင်ပြည်နယ် စစ်ပွဲ တဆင့်တိုး မြင့်တက်လာခြင်းသည် ငြိမ်းလုလု ဖြစ်နေသည့် နှစ် ၆၀
ကျော်မှ ပြည်တွင်းစစ်ကို ပြန်လည် အသက်သွင်းလိုက်ခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်အတွင်းမှ အပစ်ရပ် တိုင်းရင်း
သား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ပြောဆိုလိုက်သည်။

“စစ်ပွဲကို အကယ်၍ ဆက်လက် ဆင်နွှဲသွားပါက မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်
သည့် ပြည်တွင်းစစ်မီး၏ ခြေရာကို ပြန်လည်နင်းသွားမည်မှာ သေချာလှသည်” ဟု မြန်မာနိုင်ငံ အထူးဒေသ (၂) (ဝ ပြည်နယ်)၊ ရှမ်းပြည်နယ် အထူးဒေသ (၃) (SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) (မိုင်းလား) အဖွဲ့တို့၏ ဇန်နဝါရီလ ၁၀ ရက်နေ့ ပူးတွဲ ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖေါ်ပြပါရှိသည်။

အဖွဲ့ ၃ ဖွဲ့၏ ကိုယ်စား SSPP/SSA မှ ဗိုလ်မှူးစိုင်းလှ က “ပြည်တွင်းစစ် ပြန်ပြီးတော့ မီးမွှေးတာမျိုး ကျနော်တို့က မလိုလားဘူး။ အခု ကချင်ကို တိုက်နေတာက လေကြောင်းကနေ ပါဝင် တိုက်ခိုက်နေတယ်ဆိုတော့ ပြည်တွင်းစစ်
ကို ပြန်ပြီးတော့ ဖန်တီးတဲ့ လက္ခဏာမျိုး သက်ရောက်နေတာပေါ့” ဟု ပြောသည်။

အကယ်၍ ပြည်တွင်းစစ် တဖန်ပြန်လည် ဖြစ်ပွားခဲ့ပါက ပြည်ထောင်စုစနစ် ထိန်းသိမ်းရန် အခက်အခဲနှင့် ကြုံတွေ့ရ
မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုသည်လည်း နောက်ကြောင်း လှည့်သွားနိုင်မည် ဖြစ်ကြောင်း
ထောက်ပြထားသည်။

၎င်းပြင် တပ်မတော်က ကချင် လွတ်လပ်ရေး အဖွဲ့/တပ်မတော် (KIO/KIA) အား နိုင်ငံတော်မှ ခွဲထွက်ခြင်း မပြုသည့် ကြိုတင်မူဘောင်အောက်တွင် စစ်ဆင်ရေးကို ချက်ချင်းရပ်စဲပြီး နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးကို ပြန်လည်စတင်
ရန်လည်း အဖွဲ့ ၃ ဖွဲ့က တိုက်တွန်းထားသည်။

“ကချင် မပါဘဲနဲ့ ကျနော်တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေး ချီတက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသား လူမျိုးစု အားလုံး ပါဝင်မှ ကျနော်တို့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်ကို ရောက်မှာလေ” ဟု ဗိုလ်မှူး စိုင်းလှ က ပြော
သည်။

စစ်ဖြင့် တိုင်းရင်းသား လူမျိုးစုနှင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်သည့် အတွက် ပြည်တွင်း
ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းကို ၎င်းတို့အနေနှင့် လုံးဝ ဆန့်ကျင်ကြောင်း ဖော်ပြသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်ခဲ့သည့် ကချင်ပြည်နယ် စစ်ပွဲကြောင့် ယခင်စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် ရယူခဲ့သည့် ငြိမ်းချမ်းရေး သဘောတူချက် အဆုံးသတ်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ ယနေ့ထိ တိုက်ပွဲ
ပေါင်း ၁,၃၆၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု KIO ဘက်မှ ပြောဆိုထားသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG