Home » » အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သမိုင်းအကျဉ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သမိုင်းအကျဉ်း




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - အောင်ဆန်းသွေးနဲ့ သွန်းထုလုပ် - ကျွန်ုပ်တို့သည် ခွပ်ဒေါင်းများ
ရေကို ဒါးနဲ့ ခုတ်ဖြတ်ပိုင်းခြား - ပြတ်မယ်လို့များ ထင်နေကြသလား
ဆူးကို မကြောက်လို့ နှင်းဆီခြွေတယ် - စူးချင်သလောက် စူးစမ်းပါစေ

ဒီစာသားတွေကတော့ NLD လို့ ခေါ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ပြည့်နှစ်က ထုတ်ဝေခဲ့တဲ့ သံချပ်ထဲက ကျနော် အခုထိ မှတ်မိနေသေးတဲ့ စာသားတချို့ပဲ ဖြစ်ပါတယ်။

ဒီတပါတ် စာဖတ်ခန်းအစီအစဉ်မှာ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သမိုင်းအကျဉ်း"ဆိုတဲ့ စာအုပ်ငယ်ကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီစာအုပ်ကို ရွှေဂုံတိုင်လမ်း ပါတီဌာနချုပ်က တရားဝင်ပြုစုထုတ်ဝေနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ သို့သော်လည်း NLD လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ)ကနေ မူကြမ်းအဖြစ် ပြုစုထုတ်ဝေထားတာ ဖြစ်ပါတယ်။ (ထုတ်ဝေခုနှစ်)

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးနဲ့ မဆလ ပါတီနဲ့အစိုးရအဆက်ဆက်ကို ဖြုတ်ချပစ်နိုင်ခဲ့ပြီးတဲ့နောက် ဗိုလ်စောမောင် ဦးဆောင်တဲ့ နဝတ က လက်ဦးမှုယူပြီး စစ်အာဏာ ထပ်သိမ်းလိုက်ပါတယ်။ နဝတ အာဏာသိမ်းပြီး သူတို့ရဲ့ တာဝန်ကြီး ၄ ရပ်ထဲက နောက်ဆုံးတာဝန်လို့ဆိုတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးဖို့အတွက် စက်တင်္ဘာ ၂၇ ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပြီးတဲ့နောက် နေ့စဉ်နှင့်အမျှ နိုင်ငံရေးပါတီအမျိုးမျိုး အပြိုင်းအရိုင်းပေါ်ထွက်လာခဲ့ပါတယ် ၂၃၅ ပါတီတောင် ရှိပါတယ်။ အဲဒီအထဲမှာ အထင်ရှားဆုံးနဲ့ ရေပန်းအစားဆုံးကတော့ 'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်' (NLD)ဖြစ်ပါတယ်။

ပါတီတည်ထောင်ကာစကတည်းက အတွင်းတိုက်ပွဲ၊ အပြင်တိုက်ပွဲတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကို ချီတက်လာခဲ့တဲ့ ပါတီတရပ်ပါ။ အပြင်တိုက်ပွဲဆိုတာကတော့ ဒီမိုကရေစီအခွင့်အရေးတွေကို ပိတ်ဆို့တားဆီးနေတဲ့ နဝတ အစိုးရနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတဲ့တိုက်ပွဲတွေပါ။ အဖွဲ့ချုပ်ကြီးရဲ့ ရေပန်းစားလာမှု၊ အဖွဲ့ဝင်ဦးရေကလည်း တမုဟုတ်ချင်း အုံနဲ့ကျင်းနဲ့ ဖြစ်ပေါ်လာမှုတွေအပေါ် နဝတ စစ်အစိုးရက လန့်ဖြန့်လာခဲ့ပါတယ်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ချစ်ခင်မြတ်နိုး မျှော်လင့်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ ထက်ထက်မြတ်မြတ် ပြတ်ပြတ်သားသားရှိမှုအပေါ်မှာလည်း စစ်အစိုးရဟာ စိုးရိမ်သောကရှိလာခဲ့ပါတယ်။ ဥပမာတခု ထုတ်ပြရရင် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးစဉ်ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ လက်နက်ကိုင်စစ်တပ်ကို အသုံးချပြီး အာဏာနဲ့ ညစ်ပတ်တားဆီးနေတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည်ဟာ သေနတ်မောင်းဖြုတ်တော့မှာကိုပင် မကြောက်မရွံ့ ချီတက်ပြခဲ့တဲ့ ခရီးစဉ်ပါ။ အမှန်တရားနဲ့ယှဉ်တဲ့ သတ္တိဟာ အောင်နိုင်ခဲ့ပါတယ်။ မိုက်ရူးရဲ အာဏာပြတဲ့စစ်ဗိုလ် ရှုံးခဲ့ပါတယ်။ ဒီလို အပိတ်အပင် အတားအဆီးတွေကြားထဲကပဲ ပါတီစည်းရုံးရေးလုပ်ငန်းတွေ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ရတာဖြစ်ပါတယ်။ အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်ရမှုတွေဟာ အာဏာဖီဆန်ရေးလမ်းကြောင်းအထိ တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ "အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ"လို့ ကြွေးကြော်သံ ထုတ်ခဲ့ပါတယ်။

အတွင်းတိုက်ပွဲဆိုတာကတော့ ပါတီဥက္ကဋ္ဌ ဦးအောင်ကြီးက စတင်ဖော်ဆောင်လိုက်တာပါ။ "ပါတီထဲမှာ ကွန်မြူနစ်တွေ စိမ့်ဝင်နေပြီ"ဆိုပြီး စတင်ဖောက်ခွဲလိုက်တာပါ။ ဒါဟာ တကယ်တော့ မကျေသေးတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ရာဇဝင်ကြွေးကို သူဥက္ကဋ္ဌဖြစ်နေတုန်း စမ်းဆပ်ကြည့်တာပါ။ အားလုံးက ဖြောင့်ဖြနားချကြပေမယ့် ဦးအောင်ကြီးက လက်မခံဘဲ ပုဂ္ဂိုလ် ၈ ဦးကို ကွန်မြူနစ်တံဆိပ်ကပ်ပြီး ထုတ်ပစ်ရမယ်လို့ပဲ တောင်းဆိုနေပါတော့တယ်။ ဒီနေရာမှာ သတိပြုသင့်တာက နဝတ အတွင်းရေးမှူး ၁ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ခင်ညွန့် ပြုစုထားတဲ့ NLD ထဲက ကွန်မြူနစ်ဆိုသူများစာရင်းနဲ့ ဦးအောင်ကြီး စွပ်စွဲလိုက်တဲ့စာရင်းဟာ ထူးထူးခြားခြား သွားတိုက်ဆိုင်နေတဲ့အချက်ပါပဲ။ နောက်ဆုံးမတော့ တဦးချင်းစီ ဖြေရှင်းသင်္ကာရှင်းပွဲကြီးလုပ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုဦးစီးအဖွဲ့အတွင်း ဒီမိုကရေစီနည်းကျကျ မဲခွဲဆုံးဖြတ်လိုက်ကြတဲ့အခါ ဗိုလ်အောင်ကြီး ခွက်ခွက်လန်အောင် ရှုံးပြီး ကြိုတင်သဘောတူထားတဲ့အတိုင်း ပါတီက ထွက်ပေးလိုက်ရပါတယ်။ သူ့ဟာသူ ပါတီသစ် ထောင်သွားပါတယ်။ NLD ကတော့ ဒီမိုကရေစီတော်လှန်ရေးခရီးကို အရှိန်အဟုန်မြှင့် ဆက်လက်ချီတက်ခဲ့ကြပါတယ်။

စစ်အစိုးရနဲ့ ရင်ဆိုင်ရာမှာ 'တပ်ပေါင်းစု'အားနဲ့ ရင်ဆိုင်နိုင်မှ အားရှိရှိ တုန့်ပြန်ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယူဆကြတဲ့အတွက် နိုင်ငံရေးပါတီအများစုကြီးဟာလည်း NLD နဲ့ မဟာမိတ်ဖွဲ့ထားကြပါတယ်။ အဲဒီ မဟာမိတ် ၄၆ (၅၃?)ပါတီထဲမှာ ကျောင်းသားပါတီဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါသလို၊ ဝိဓူရ သခင်ချစ်မောင်ရဲ့ တပ်ပေါင်းစု၊ အကျဉ်းထောင်တွင်းမှာ ကျဆုံးသွားတဲ့ ဦးခင်မောင်မြင့် ခေါင်းဆောင်တဲ့ ပြည်သူ့တိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု၊ အခု လိုင်းပြောင်းသွားတဲ့ စာရေးဆရာကျော်ဝင်း ခေါင်းဆောင်ခဲ့တဲ့ အမြဲစိမ်းလူငယ်များအဖွဲ့၊ သွေးသစ်လူငယ် စတဲ့ပါတီတွေအပြင် လူမျိုးစုပါတီတွေအမြောက်အများလည်း ပါဝင်ကြပါတယ်။ အဖွဲ့ချုပ်က 'တပ်ပေါင်းစု'ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူလက်ခံပေမယ့် လက်တွေ့အားဖြင့်တော့ သွက်သွက်လက်လက် ခြေလှမ်းပြင်ပြင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတွေ မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီကာလတွေတုန်းက နိုင်ငံရေးပါတီတွေကြားမှာ ဝိဝါဒကွဲစရာ အယူအဆမတူမှုတွေကလည်း ရှိနေပါသေးတယ်။ တပ်ပေါင်းစုဖွဲ့စည်းရေးဆိုတာ တူညီတဲ့မူတခုနဲ့ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ် လိုပါတယ်။ "ကြားဖြတ်အစိုးရ"လမ်းကြောင်းလား၊ "ရွေးကောက်ပွဲ"လမ်းကြောင်းလား ဆိုတာမှာတောင် ကွဲလွဲမှုတွေရှိနေကြချိန်မှာ တပ်ပေါင်းစုဖွဲ့ရေးဟာ ပိုပြီးနှောင့်နှေးနေခဲ့ရပါတယ်။

သို့သော်လည်းပဲ "ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်"အခမ်းအနားတို့၊ "ဇွန် ၂၁ မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်”အခမ်းအနားတို့ကို မဟာမိတ်ပါတီများနဲ့ ပူးတွဲကျင်းပနိုင်ခဲ့ပါတယ်။ သဘောထားမမှန်တဲ့ စစ်အစိုးရဟာလည်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ တယ်လီဗီးတွေကနေ တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုး ရှုံ့ချပြောဆိုပြီး ကန့်သတ်ပိတ်ပင်မှုတွေ တိုးလုပ်လာပါတယ်။ ပါတီဝင်တွေကို မတရားဖမ်းဆီးမှုတွေလည်း ဆက်တိုက် လုပ်လာနေပါတယ်။ တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်စည်းရုံးရေးခရီးစဉ်တွေဟာ လူထုရဲ့ သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုအားပေးမှုတွေကို ရရှိခဲ့ပြီး အောင်မြင်တဲ့ခရီးစဉ်တွေ ဖြစ်ခဲ့ပါတယ်။ မန္တလေးခရီးမှာ "လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်"ဆိုတဲ့ အသုံးအနှုန်းကို "အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု"က စတင်ခေါ်ဝေါ်ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တိုင်းလိုလိုကို တားဆီးပိတ်ပင် နှောက်ယှက်ဟန့်တားတာတွေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ကြပြီး စစ်အစိုးရရဲ့ သဘောထားအမှန်ကို ဖော်ပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေဟာ အောင်မြင်မှုရခဲ့သလို စစ်အစိုးရရဲ့ ဘီလူးရုပ်လုံးဟာလည်း ပိုပြီး အမိုက်ရိုင်းဆုံး ပေါ်လွင်လာခဲ့ပါတယ်။

အင်အားအကြီးမားဆုံးဖြစ်လာတဲ့ NLD ပါတီဟာ ရှေ့တန်းအရောက်ဆုံးဖြစ်လာခဲ့ပြီး စစ်အစိုးရရဲ့ ဦးတည်တိုက်ခိုက်ရာ အဓိက အတိုက်အခံပါတီကြီး ဖြစ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းနဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အပေါ်လွင်ဆုံးဖြစ်လာခဲ့ပြီး စစ်အစိုးရရဲ့ ဦးတည်ရန်သူကြီးသဖွယ် ဖြစ်လာခဲ့ပါတယ်။ NLD နဲ့ စစ်အစိုးရ ထိပ်တိုက်တွေ့ဆုံရမှုဟာ အမြင့်ဆုံးဖြစ်လာခဲ့ပြီး ၁၉၈၉ အာဇာနည်နေ့ လူထုချီတက်အလေးပြုပွဲ ဖော်ဆောင်ဖို့ ကြိုးပမ်းဆဲမှာပဲ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို နဝတ က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ နေအိမ်အကျယ်ချုပ် ချပစ်ခဲ့ပါတယ်။

ဒီကာလတွေထဲမှာ ၁၉၉၀ မေလမှာကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ NLD ဟာ အပြတ်အသတ် အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ပြည်သူလူထုကြီးရဲ့ ဒီမိုကရေစီ လိုလားတောင့်တမှုကို အသံတိတ် ဆန္ဒပြလိုက်တာဖြစ်သလို NLD ကိုလည်း ဒီမိုကရေစီတော်လှန်ရေး တပ်ဦးအလံကိုင်ပါတီအဖြစ် ရွေးချယ်စေလွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် NLD အနေနဲ့ ပြည်သူ့လွှတ်တော်ကို ၁၉၉၀ စက်တင်္ဘာလ နောက်ဆုံးထားပြီး ခေါ်ယူဖွဲ့စည်းပေးဖို့ "ဂန္ဓီခန်းမ ကြေညာစာတန်း"နဲ့ တောင်းဆိုလိုက်ပါတယ်။ ဒါကို "အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးလိုက်မှာပေါ့။ တပ်မတော်က စစ်တန်းလျား ပြန်မယ်"လို့ဆိုခဲ့တဲ့ နဝတ စစ်အစိုးရဟာ မျှော်လင့်မထားတဲ့ ရွေးကောက်ပွဲရလဒ်ကြောင့် အာဏာလွှဲပြောင်းရေးကိစ္စကို ကြေညာချက်အမှတ် ၁/၉၀ ထုတ်ပြန်ပြီး စတင်ငြင်းဆန်လိုက်ပါကြောင်းလည်း ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီကစပြီး NLD ခေါင်းဆောင်စုဟာ ပါတီတည်မြဲရေးကို ဦးထိပ်ထား ဆောင်ရွက်လာခဲ့ကြရပါတော့တယ်။ သို့သော်လည်း ၁၉၉၅ ခု ဒေါ်အောင်ဆန်းစုကြည်တို့ အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးနောက်မှာ ကိုယ်ခံအား ပြန်လည်ပြည့်ဖြိုးလာတဲ့ NLD ခေါင်းဆောင်စုဟာ ဒီမိုကရေစီကျင့်စဉ်များနဲ့ မညီတဲ့ အမျိုးသားညီလာခံကနေ သပိတ်မှောက်ထွက်ခွါလာနိုင်ခဲ့တဲ့အကြောင်းလည်း အမျိုးသားညီလာခံနဲ့ပတ်သက်တဲ့ NLD ရဲ့သဘောထားကို အပြည့်အစုံ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်မြောက်လာလာချင်း လူထုစည်းရုံးရေးခရီးတွေ၊ နေအိမ်ရှေ့ ဟောပြောပွဲတွေ တောက်လျှောက် လုပ်လာခဲ့ပါတယ်။ ၁၉၉၈ ခု စက်တင်္ဘာလမှာ NLD ဟာ အခြားအနိုင်ရ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ ပူးတွဲပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းပြီး လွှတ်တော်ခေါ်ယူရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးတို့ကို တောင်းဆိုဆောင်ရွက်လာခဲ့ပါတယ်။ ဒီလို အရှိန်အဟုန်တိုးမြှင့်လှုပ်ရှားလာလေလေ စစ်အစိုးရရဲ့ တားဆီးဖိနှိပ်မှုများကလည်း ပိုမိုတင်းကျပ် လက်ရဲလာလေဖြစ်ပြီး လက်ကိုင်ဒုတ် ကြံ့ဖွတ်တွေက လက်ရဲဇက်ရဲ ကိုယ်ထိလက်ရောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်လာခဲ့ပါတော့တယ်။

မိဘပြည်သူများခင်ဗျာ… အခု ကျနော်တင်ပြခဲ့တဲ့ စာအုပ်ငယ်ဟာ အခြေအနေနဲ့ အချိန်အခါအကန့်အသတ်ကြောင့် ၂၀၀၀ ခုနှစ်အထိ သမိုင်းအကျဉ်းကိုပဲ မူကြမ်းအဖြစ် ပြုစုထားတာဖြစ်တဲ့အတွက် ၂၀၀၀ ခုနှစ်နောက်ပိုင်းအဖြစ်အပျက်တွေ မပါဝင်သေးပါဘူး။

အခု ကျနော် တင်ပြနေတဲ့အချိန်ကာလမှာတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ NLD ပါတီကြီးဟာ နအဖ စစ်အစိုးရရဲ့ လိုသလိုထုတ်ပြန်နေတဲ့ ဥပဒေများအရ တရားဝင် ရပ်တည်ခွင့် မရတော့ပါဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းလိုက်ကြတဲ့ ပါတီအစုစုထဲမှာလည်း ဒီမိုကရေစီတော်လှန်ရေး တပ်ဦးအလံကိုင်ပါတီအဖြစ် ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ အခုအခြေအနေမှာ NLD အနေနဲ့ကတော့ ဆိုင်းဘုတ်မချ၊ ရုံးမပိတ်၊ အလံလှဲဘဲ လူထုကို မျက်နှာမူတဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ဆက်လုပ်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ကြားသိရပါကြောင်း တင်ပြရင်း ဒီတပါတ် စာဖတ်ခန်းအစီအစဉ်ကို ဒီမှာပဲ ရပ်နားပါရစေ။ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။   ။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG