Home » » ကချင်လူထုကို သိန်း ၁ ထောင်ကျော်ဖိုး အရှင်ဆေကိန္ဒ လှူဒါန်း

ကချင်လူထုကို သိန်း ၁ ထောင်ကျော်ဖိုး အရှင်ဆေကိန္ဒ လှူဒါန်း


2012-11-01
စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ် ဒေသခံပြည်သူတွေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စောင်နဲ့ အလှူငွေအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၁ ထောင်ကျော်ဖိုး မနေ့က လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ ပူတာအိုနဲ့မြစ်ကြီးနားခရိုင်က စစ်ဘေးရှောင်ပြည်သူတွေကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပဋိပတ္တိမဟာဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခဆရာတော် အရှင်ဆေကိန္ဒနဲ့ တပည့်ဒါယိကာ၊ ဒါယိကာမတွေ စုပေါင်းလှူဒါန်းတဲ့ အခမ်းအနားမှာ ကချင်ပြည်နယ် သာသနာရေးဦးစီးဋ္ဌာန ဦးစီးမှူး ဦးစိုးတင့်က လှူဒါန်းတဲ့စာရင်း အသေးစိတ်ကို ကြေညာခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ဆရာတော်အရှင်ဆေကိန္ဒက  ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်စဲရေးအတွက် မေတ္တာတရားဟောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆရာတော်ဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သာဂရသရက်တော ဘုန်းတော်ကြီး ကယ်ဆယ်ရေးစခန်း၊ ချမ်းမြေ့သီလရှင်စာသင်ကျောင်းနဲ့ မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ် အသင်းတော် ကယ်ဆယ်ရေးစခန်းတွေကိုလည်း မနေ့က သွားရောက်ပြီး အဲဒီ့စခန်းတွေက ကလေး လူကြီးအားလုံးကို ငွေကျပ် ၁ ထောင်စီ ထပ်လောင်း လှူဒါန်းခဲ့ပါတယ်။

ဆရာတော်ဟာ ဒီခရီးစဉ်အတွင်း အံတော်ရှင် ဘုန်းတော်ကြီးစာသင်ကျောင်း၊ ဝန်းသိုကျောင်းတိုက် ကယ်ဆယ်ရေးစခန်း နဲ့ Green Happy Land မိဘမဲ့ကျောင်းတို့ကို သွားရောက်မယ်လို့လည်း သတင်းရရှိပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG