သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံရပြီး သီတင်းနှစ်ပတ်မျှ အချိန်အတွင်း အရှေ့တောင်အာရှ ဒေသသို့ ခြေဆန့်မည့် သမ္မတ အိုဘားမား၏ နိုဝင်ဘာ ၁၇/၂ဝ ခရီးစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် East Asia Summit ကို တက်ရောက်ကာ အာဆီယံ အသင်းကြီး၏ ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။ အဆိုပါ East Asia Summit တွင် သမ္မတ အိုဘားမားသည် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် အပါအဝင် အခြား နိုင်ငံခေါင်းဆောင် အချို့နှင့်လည်း အလွတ်သဘော တွေ့ဆုံ ဆွေးနွေးနိုင်ဖွယ် ရှိပေသည်။
သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်တို့ကို သီးခြားစီ တွေ့ဆုံ မည်ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ဖော် ပြောကြားခဲ့သည်။
အိမ်ဖြူတော်သတင်းထုတ်ပြန် ရေးအတွင်းရေးမှူး Bay Carney ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတ အိုဘားမား က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးသည့် အနေဖြင့် အရပ်ဖက် အဖွဲ့အစည်း များနှင့်လည်း စကားပြောကြားရန် ရည်ရွယ်ထားသည်ဟု ဖော်ပြပါရှိခဲ့သည်။
မြန်မာနိုင်ငံ ခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်တစ်ရပ် ဖြစ်လာနိုင်ဖွယ် ရှိသော်လည်း ထိုအကြောင်းပြချက်ကို အခြေပြု၍ အလွန်တရာ ကြီးမားသော အခွင့်အလမ်းနှင့်အတူ အန္တရာယ်များလည်း ပူးတွဲပါရှိလိမ့်မည်ဟု သမ္မတ အိုဘားမား၏ နိုင်ငံ တကာ စီးပွားရေး အကြံပေးဟောင်း Matthew Goedman က ပြောကြား ခဲ့သည်။
ပြည်ပရောက်မြန်မာနိုင်ငံအရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး အဖွဲ့အချို့ကမူ သမ္မတ အိုဘားမား၏ ခရီးစဉ်ကို အချိန် မတိုင်သေးကြောင်း ဝေဖန်ပြောကြား လိုကြဟန် ရှိပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်း လဲမှုများ အခြေ မခိုင်မီမှာပင် ဦးသိန်းစိန်ကို ချီးမြှောက် ဂုဏ်ပြုလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုကြသည်။
သမ္မတအိုဘားမား၏ ၄ ရက် ခရီးစဉ်တွင် ကမ္ဘောဒီးယား နိုင်ငံသည်လည်း မြန်မာနိုင်ငံကဲ့သို့ပင် အမေရိကန် သမ္မတတစ်ဦး ပထမဆုံး လာရောက်ခြင်း ဖြစ်ပေသည်။
အိုဘားမား၏ မြန်မာနိုင်ငံသို့ ရောက်ရှိမည့်ရက်ကို မြန်မာအစိုးရ နှင့် အမေရိကန်သံရုံးတို့က အတည် ပြုပြောကြားခြင်း မရှိသေးသော်လည်း အမည်မဖော်လိုသူ အစိုးရထိပ်တန်း အရာရှိကြီးတစ်ဦးက သမ္မတ အိုဘားမား သည် နိုဝင်ဘာ ၁၉ ရက် တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်က Reuters သတင်းဌာနသို့ ပြောကြား သွားခဲ့သည်။
0 comments:
Post a Comment