ကျွန်တော်သည် စာသမား ဖြစ်သဖြင့် အားကစား လုံးဝဝါသနာ မပါကြောင်း
ဦးစွာပြောချင်ပါသည်။ အိပ်ချိန် နည်းနည်း၊ စာဖတ်ချိန်များများနှင့် ဘဝကို
အခြေချ ထားမိသဖြင့် အားကစား လုပ်ရန်လည်း အခြေအနေ မပေးပါ။ သို့သော် တက္ကသိုလ်
ကျောင်းသားဘဝတွင် မေဂျာစိတ်ဓာတ်၊ အဆောင်စိတ်ဓာတ်များဖြင့် အားကစားပွဲ
များကိုတော့ လိုက်လံ အားပေးခဲ့ပါသည်။
မကြာမီ ကျောင်းသား အားကစားပွဲတွေ ကျင်းပတော့မည်ဖြစ်သဖြင့် ကျောင်းသားတွေကို လေ့ကျင့်ပေး နေသော အားကစား ရုံတစ်ရုံသို့ ရောက်သွားမိပါသည်။ ကျွန်တော့် ဆရာတစ်ဦးသည် ယနေ့တိုင် အားကစားပွဲများ ကျင်းပရေးကို ဝါသနာ ထုံသဖြင့် ရာသီချိန် ရောက်လျှင် အားကစားကွင်းသို့ ရောက်နေတတ် သည်။ ယခင်က အားကစားတွေ လေ့ကျင့် လျှင် ကိုယ့်ကျောင်း ဘောလုံးကွင်း၊ ဘတ်စ်ကက်ဘောကွင်း တွေနှင့် ကျောင်းသားတွေ မျက်နှာ မငယ်ကြပေ။ ယခုခေတ် တွင်မှ ဘောလုံးကွင်းတွင် ကျောင်းတိုးချဲ့ ဆောက်ကြ သည်။ ဘတ်စ်ကက် ဘောကွင်းကို ကျောင်းသား စုဝေးကွင်း လုပ်ပြီး အလယ်တွင် ကျောက်တိုင်တွေ စိုက်ကာ မြန်မာ့ပညာရေး ကို ကျောက်သားအက္ခရာ တင်ပြီး စိတ်ကူးယဉ်ကြည့်ကြသည်။ စိတ်ကူးပေါက်ရာ ကောက်လုပ် တတ် သည့် ပညာရေး လောကသားတွေကြောင့် ကစားကွင်းတွေ ပျောက်ကာ ကစားကွင်း မရှိသောကျောင်းတို့ ၏ တိုင်းပြည်ဘဝ ရောက်ခဲ့ရသည်။
ကျောင်းသားများ ယခုအခါ အားကစားလေ့ကျင့်လျှင် ပြည်သူ့ အားကစားကွင်းသာရှိတော့သည်။ ကျွန်တော့် ဆရာက ဘော် လီဘော ရုံတွင် ရှိနေသည် ဆိုသောကြောင့် မိုးလုံလေလုံရုံဘက်သို့ ထွက်ခဲ့သည်။ ဟုတ်မှ ဟုတ်ပါ့မလားဟု စိတ်ထဲတွင် ထင်မိသည်။ အဘယ်ကြောင့် ဆိုသော် တိတ်ဆိတ် ငြိမ်သက်နေသောကြောင့် ဖြစ်သည်။ ရုံအတွင်း ဝင်လိုက်မှ ဘော် လီဘော နှစ်သင်းကစား နေသည်ကို တွေ့လိုက်ရသည်။ ပင့်ထောင်အား မပါ၊ ခုတ်ရိုက်အား မရှိ၊ ဘောလုံးကို တစ်ဖက်သို့ မရောက် ရောက်အောင် လက်ဖျံတွေနှင့် တွန်းပို့နေသလို ဖြစ်သည်။
အားပေးမည့် သူလည်း မရှိ။ တစ်ချိန်က ဆူညံစွာ အော် ဟစ်နေသည့် ကျောင်းများမှ အားပေးသော ကျောင်းသားလည်း မရှိ။ စုံစမ်းကြည့်သော အခါ ကျောင်းတွေ မှာ ကျောင်း အုပ်တွေက မလွှတ် ကြောင်း၊ ရန်ဖြစ်မည် စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ အတန်းကြီး တွေကလည်း စာမေးပွဲ နီးသောကြောင့် မလာချင်ကြ ကြောင်း သိလိုက်ရသ ဖြင့် အတော်လေး စိတ်မကောင်း ဖြစ်မိသည်။ ဘော်လီဘော ကွင်းတွင်း အုန်းဒိုင်းကြဲ နေသော ဘောလုံး ခုတ်သံ၊ ရိုက်သံ၊ အားပေးသံတွေ တစ်ချိန်က အမှန်တကယ် ရှိခဲ့ခြင်းသည် အိပ်မက်ပမာ ဖြစ်ခဲ့ရသည်။
ကျွန်တာ့်ဆရာက ကျွန်တော့်ကို ပြေးခုန်ပစ် လေ့ကျင့်နေကြသည့် ကွင်းဘက်ဆီသို့ ခေါ်သွားသည်။ ကျောင်းသား ကျောင်း သူတွေက ပုဆိုး၊ ထဘီ ချွတ်ပြီး ဘောင်းဘီတို နှင့် ပြေးရမည်ကို ရှက်နေကြသည်။ ပိုဆိုးသည်က အပြေးသမားတွေ ပေါင် က ပုလွေရိုးလိုဖြစ်နေသည်။ အမြင့်ခုန်မည့်သူက နံကိုင်းနေသည်။ သံလုံးပစ်မည့်သူက သံလုံးကိုပင် နိုင်ပါ့မည်လောဟု စိုးရိမ်စရာ ဖြစ်နေသည်။ ကျွန်တော့်ဆရာက “မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည် ဆိုကတည်းက ကျောင်းသား အားကစားတွေလည်း ပျက်တော့တာပဲ”ဟု ရယ် မောရင်း ပြောကာ ကျွန်တော့်ကို လက်ဖက်ရည်ဆိုင်သို့ ဆွဲခေါ်သွားသည်။
“ငါတို့ တစ်နှစ်တစ်ကြိမ် ကျောင်းသား အားကစားပွဲဆိုတာ လုပ်နေရသေးတယ်။ ဒါပေမယ့် စိတ်ပါလက်ပါ အရင်က လိုပွဲမျိုးတွေ မဟုတ်တော့ဘူး။ စီမံချက်ရှိလို့ လုပ်ပေးနေရသလိုမျိုးပဲဖြစ်နေတယ်။ ကျောင်းသား တွေက အရင်ကလို အားကစားတွေ သိပ်ပြီး စိတ်မဝင်စားတော့ဘူး။ တက္ကသိုလ်ဝင်တန်း သမားတွေဆိုရင် ပိုဆိုးသေးတယ်။ ကျောင်းတွေ ကိုက အောင်ချက်ကျမှာ စိုးလို့ဆိုပြီး အားကစားဆိုရင် လွှတ်ကိုမလွှတ်တော့တာ။ အဖြစ်သဘော လုပ်နေရတာပဲ ရှိတယ်။ နံပိန်ခါးကိုင်းတွေနဲ့ ဘယ်လို ကမ္ဘာလွှမ်းအောင် လုပ်နိုင်မှာလဲ” ဟု ဆွေးမြေ့စွာ ပြောနေသည်။
ကျွန်တော်တို့ ၈ တန်း ကျောင်းသားဘဝလောက်က မြို့ပေါ်တွင် ဝိတ်ရုံဟုခေါ်သော အလေးမရုံတွေ ရှိသည်။ ဝိတ်ရုံတွင် အလေးမရန် အတွက် ၁ လလျှင် ၁ ကျပ်ခွဲ ပေးရသည်။ကျွန်တော်တို့သည် ကိုဝင်းဦး၏ ဗလကို သဘောကျသည်။ ဟာကြူလီကို ကြိုက်သည်။ ထို့ကြောင့် ညနေ ကျောင်းလွှတ်လျှင် ဝိတ်ရုံသို့ ဝင်ပြီး ဝိတ်မ သည်။ ကျောင်းပိတ်ရက်များတွင် စပို့ရှပ် ဝတ်ပြီး လက်မောင်းသား ကြွားကြသည်။
ခုခေတ်ကလေးတွေ ကျူရှင်ပိနေသည်။ စာပိနေသည်။ စာပိနေသည် ဆိုရာတွင်လည်း အသိပညာ၊ အတတ် ပညာ၊ ဘဝ ပညာအတွက် လေ့ကျင့်နေကြခြင်းမဟုတ်။ ကြက်တူရွေး စာအံသလိုရွတ်၊ ကျူရှင်တွေနှင့် ပတ်ချာလည်၊ ကျောင်း အားရက် ဂိမ်းဆိုင် အင်တာနက်ဆိုင်ပြေး၊ အစားအသောက်တွေကလည်း ကြောင်စာ ကြက်စာ လောက်စားကာ ရှင်သန်နေကြသဖြင့် နံပိန်ခါးကိုင်း နေရခြင်းမှာ အဆန်းတော့ မဟုတ်ပေ။
ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘဝက နေ့ခင်းမုန့်စား လွှတ်ချိန် ၁ နာရီအချိန်ရသည်ကို အသွား ၁၅ မိနစ်၊ အပြန် ၁၅ မိနစ် ကြာ လမ်းလျှောက်ရသည့် အိမ်သို့ အပြေးပြန်ပြီး ထမင်းစားရသည်ကို အမှတ်ရမိသည်။ လမ်းလျှောက်၊ ထမင်းစား၊ ကျောင်းလွှတ်ချိန် ဝိတ်မ၊ ကျူရှင်လည်း တက်စရာမရှိ။ ကိုယ့်စာကိုကိုယ် တာဝန် ကျေအောင် လုပ်ပြီး ၁ဝ တန်းအောင်လာရသည်။ “ကလေးတွေ ကျုံလှီလာရတာ အခြားအချက် ရှိသေးတယ်။ ဘာကြောင့်လို့ မင်းထင်သလဲ” ကျွန်တော် မဖြေတတ်သဖြင့် ခေါင်းကုတ်လိုက်သည်။ ဆရာက ကျွန်တော့်ကို အနီးရှိ မူလတန်း ကျောင်းလေးမှ မုန့်စားတန်းကို လက်ညှိုး ထိုးပြလိုက်သည်။
“အဲဒီမှာ မင်းသွားကြည့် ကျန်းမာရေးနဲ့ မညီတဲ့အသုပ်စုံ ပေါပေါ၊ အထုတ်စုံ ဈေးပေါပေါတွေပဲ ရှိတယ်။ ဟိုးက ကုက္ကို ပင်အောက်မှာ ကြည့်လိုက်၊ သူများတွေ ထမင်းဘူး ဖွင့်စားတာကို ငေးနေတဲ့ ကလေးတွေ။ သူတို့ ထမင်းဘူးတောင် ထည့်မလာနိုင်ကြဘူး။ မုန့်ဖိုးဆိုတာ အဝေးကြီး၊ မနက်ကလည်း အိမ်က ထမင်းတောင် စားလာကြရဲ့လား မသိဘူး။ မိဘတွေက တစ်ညလုံး ဘောလုံးပွဲကြည့်၊ ချဲထိုး၊ ဘောလုံး လောင်းနဲ့ အိပ်ရာက တောင် မထနိုင်သေးချိန်မှာ သူတို့ကျောင်း ကို လာကြရတယ်။ သူတို့ဘဝတွေက သိပ်မရေရာဘူး။ ဘယ်တော့ ကျောင်းထုတ်ခံရပြီး လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေကို ရောင်းစားခံရမလဲ မသိဘူး။ ဒီလို မိဘမျိုး၊ ကလေး မျိုး၊ ကျောင်းမျိုးတွေနဲ့ ဘယ်လို ကမ္ဘာလွှမ်းအောင် လုပ်ကြမှာလဲ”။ မကြာသေးမီက ကမ္ဘာ့နို့ချို တိုက်ကျွေးရေး နေ့ကို ကျင်းပသွားကြောင်း သတင်းစာတွင် တွေ့လိုက်ရသည်။ အထိမ်းအမှတ်နေ့တွင်မှ ကျောင်းသားတွေကို နို့တစ်ခွက်နှင့် ကြက်ဥတစ်လုံး ပေးခြင်းသည် တစ်နှစ်စာ အဟာရဖြစ်မည် ဆိုလျှင် လိမ်လည်ခြင်းသာ ဖြစ်ပါ လိမ့်မည်။ ကျွန်တော်တို့ ပညာရေးလူ့ဘောင်တွင် အထိမ်းအမှတ်နေ့ မှ နိုးထ၊ လူကြီးလာမှ ဟန်ရေးပြ၊ အမိန့်နှင့်မှ ကြောက်ကြသည့် အစွဲတွေကို ယခုတိုင် မချွတ်နိုင်သေးပါ။ ထို့ကြောင့်လည်း ရှေ့က ဖုံး၊ နောက်ကပေါ် အခွံ ဟောင်းလောင်း မြင်မကောင်းအောင် ဖြစ်ခဲ့ရသည့် စီမံချက်တွေကလည်း များလှသည်။
မြန်မာ့ ပညာရေးလောကတွင် အစိုးရကျောင်းများ၌ ယနေ့တိုင် နေ့လယ်စာ မကျွေးနိုင်သေးပေ။ နေ့လယ်စာ ကျွေးပြီး အဟာရပြည့်ဝသည့် ကျောင်းသားများ မွေးထုတ်ရေး အစီအစဉ်ကို မည်သည့်အချိန်မှ အကောင် အထည်ဖော်မည် မသိပေ။ ကျောင်းများတွင် နေ့လယ်စာကျွေး သည့်စနစ်ကို နိုင်ငံကြီးများတွင် အစိုးရ ကိုယ်တိုင် အလေးတယူဖြင့် အကောင်အထည် ဖော်နေခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါ။ ကျွန်တော်တို့ ယခင်က ဂျပန်ငပုတွေဟု နှိမ်ပြီး ခေါ်ခဲ့သော ဂျပန်တွေ၏ အရပ်အမောင်းကို ကျွန်တော်တို့ မမီတော့ပါ။ ဂျပန်တွေ ခေတ်မီအောင် လုပ်ရာတွင် ကျောင်းကစပြီး အခြေခံကို ပြုပြင်ကြသည်။ သန်မာ ထွားကျိုင်းအောင် လုပ်ကြ သည်။ နို့သည် သူများနိုင်ငံတွင် ဈေးအပေါဆုံး အစားအစာ စာရင်းဝင် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အခြေခံ လူတန်းစား၊ ဆင်းရဲသည့် လူတန်းစား ဝယ်သောက်နိုင်သည့် အနေအထားတွင် မရှိပါ။
တရုတ်ပြည်တွင် ဆင်းရဲသည့် တောကျောင်းများတွင် နေ့လယ်စာကျွေးရေး အစီအစဉ်တွေကို လုပ်ဆောင်နေကြ သည်။ ကျောင်းလာလျှင် ထမင်းစားရမည် ဆိုသည့် အသိက ပညာရေးကို စိတ်ဝင်စားစေရန် ဆွဲဆောင်မှု တစ်ခုလည်း ဖြစ်နေသည်။ ထို့ပြင် တရုတ်အစိုးရသည် ကျောင်းများတွင် နေ့လယ်စာ အစီအစဉ်ကို ကျွေးမွေး ချင်သည့် အန်ဂျီအိုအဖွဲ့များကို အားပေးသည်။ ဖိတ်ခေါ်သည်။ လမ်းဖွင့်ပေးသည်။ အကူအညီလည်း ပေးသည်။
ကျွန်တော် ကြုံကြိုက်သဖြင့် အဖြစ်အပျက်လေးတစ်ခုကို ပြောပြ ချင်ပါသည်။ ကျွန်တော်တို့ မြို့နှင့် ၁ဝ မိုင်ခန့် အကွာ အထက်တန်း ကျောင်းတစ်ကျောင်းကို ထိုရွာအနီးတွင် စက်ရုံလာဖွင့်ထားသည့် ကိုရီးယားတွေက လာပြီး လေ့လာကြသည်။ သူတို့က ကွန်ပျူတာ လှူချင်သည် ပြောသဖြင့် ကျွန်တော့်ကို ကျောင်းအုပ်ကြီးက ဘယ်လို ကွန်ပျူတာမျိုးတွေ တောင်း ရမည်နည်းဟု အကူအညီတောင်းသဖြင့် ကျွန်တော်လည်း စကားပြန်မှ တစ်ဆင့် ကိုရီးယား များနှင့် စကားပြောဖြစ်သည်။
သူတို့က ကိုရီးယားရှိ သူတို့ ကုမ္ပဏီမှ တစ်နှစ်တစ်ခါ စွန့်ပစ်လိုက်သည့် ကွန်ပျူတာများသည် အကောင်းပကတိ ရှိသေးကြောင်း၊ မိမိတို့ ထိုကွန်ပျူတာများကို ဤ ကျောင်းသို့ယူလာပြီး လှူဒါန်းလိုကြောင်း ပြောသည်။ ထို့နောက် သူတို့က သူငယ်တန်းဘက်ကို လျှောက်ကြည့်ရင်း ကလေးတွေ မုန့်စားသူ စား၊ ကစားသူကစား၊ ထိုင်သူ ထိုင်နေကြသည် ကို တွေ့သွားသည်။ သူတို့ ကလေးတွေကို နေ့လယ်စာ မကျွေးဘူးလားဟု မေးသည်။
ကျောင်းအုပ်ကြီး ကလည်း မြန် မာနိုင်ငံတွင် ထိုစနစ် မရှိကြောင်း ပြောပြသည်။ သူတို့က စိတ်မကောင်း ဖြစ်သွားပြီး သူတို့စက်ရုံတွင် နေ့စဉ် လူ ၃ဝဝ စာလောက် ထမင်းကျွေး နေရကြောင်း၊ အကယ်၍ ဤကျောင်းမှ ကျောင်းသားအချို့ကို နေ့စဉ် ထမင်းကျွေးလို ပါကြောင်း ကျောင်းအုပ်ကြီးကို ပြောသည်။
ကျောင်းအုပ်ကြီးကလည်း ဝမ်းသာအားရဖြင့် သူငယ်တန်း ကလေး ၆ဝ ခန့်ကို နေ့စဉ် နေ့လယ်ပိုင်း အာဟာရ သဘောမျိုး လာကျွေးလျှင် ကျေးဇူးတင် မည် ဖြစ်ကြောင်း ပြန် ပြောလိုက်သည်။ ထိုကျောင်းအတွက် ကွန်ပျူတာ အလုံး ၂ဝ နှင့် သူငယ် တန်းကလေး ကျောင်းသား ၆ဝ စာ နေ့ခင်း အာဟာရကျွေးမှုကို ကတိတွေ ရသဖြင့် ကျောင်းအုပ်ကြီး ကလည်း ပျော်နေသည်။
ထိုသတင်းကို တိုင်းပညာရေးရုံးမှ မည်သို့ကြားသွားသည်မသိ။ ကျောင်းအုပ်ကြီးနှင့် ကျွန်တော့်ကို ခေါ်ပြီး ဌာနကို မတိုင်ပင်ဘဲ၊ ဌာနမှ ခွင့်ပြုချက်မရဘဲ၊ ဌာနကို ကျော်ပြီး ဘာမျှလုပ်ခွင့် မရှိကြောင်း၊ အကယ်၍ ကိုရီးယားတွေက ကွန်ပျူတာအလုံး ၂ဝ ကို ယူလာလျှင်လည်း ဌာနကို လာအပ်ရမည် ဖြစ်ကြောင်း၊ ဌာနက သင့်တော်သလောက် ပြန် ခွဲပေးခြင်းကိုသာ လက်ခံရမည် ဖြစ်ကြောင်း၊ နေ့လယ်စာ လာကျွေးသည့် အစီအစဉ် ကိုလည်း လက်မခံသင့်ကြောင်း၊ အစဉ်အလာ မဟုတ်သည်ကို အစဉ်အလာ လုပ်လိုက်လျှင် နောင်ပေါ်လာမည့် ပြဿနာများ ကို ဖြေရှင်းရန် ခက်ကြောင်း ခေါ်ယူ သတိပေးသည်။ ကျောင်းအုပ်ကြီးကလည်း ကိုရီးယားတွေကို ပြန်လည်ပြောပြကာ ညှိနှိုင်း ကြည့်သည်။ ကိုရီးယားတွေက ကွန်ပျူတာလည်း မလှူ၊ အဟာရလည်း မကျွေး တော့။ သူတို့က ဒေသခံများနှင့် အဆင်ပြေအောင် နေချင်ကြသည်။ သို့သော် အစိုးရနှင့် ထိပ်တိုက် မတွေ့လို သဖြင့် ရှောင်ထွက်ကာ ကျောင်းသို့ ငွေ ၁ သိန်းသာ လှူလိုက်သည်။
ထိုအဖြစ်အပျက်တွင် ခေတ်မီ နိုင်ငံတော်ကြီး ထူထောင်မည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကြွေးကြော်နေသူများ ကွန်ပျူတာတွေ ဆုံးရှုံးသွားသည်။ မြန်မာ့အားကစားကမ္ဘာကို လွှမ်းစေနိုင်မည့် အားကောင်း မောင်းသန် ကလေး တွေ အတွက် အလေ့အကျင့် ကောင်းတွေ ဆုံးရှုံးသွားသည်။ တစ်ခါတစ်ရံ အစဉ်အလာ သမားများနှင့် ကြိုးနီ စနစ်ကို သော် လည်းကောင်း၊ အပြောင်းအလဲကို သဘောထားမကြီးသူများကြောင့် လည်းကောင်း၊ မတွန်းနိုင်၊ မလှုပ်နိုင်၊ မရှူနိုင်၊ မကယ်နိုင်ဖြင့် ပန်းတိုင် ပျောက်တတ်ပါသည်။ မည်သို့ ဆိုစေ ပျောက်သော လမ်းတွင် ကျွန် တော်တို့ ယနေ့ တိုင်လျှောက်လှမ်းနေဆဲ ဖြစ်သည်။
0 comments:
Post a Comment