Home » » နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန် မန္တလေး တက္ကသိုလ်မှာ တက်နိုင်ပြီ

နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန် မန္တလေး တက္ကသိုလ်မှာ တက်နိုင်ပြီ



မန္တလေးတက္ကသိုလ် ပင်မ အဆောက်အဦပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန(အထက်မြန်မာပြည်)၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန၊ မန္တလေး တက္ကသိုလ်၏ နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန်ဒီပလိုမာ (အချိန်ပိုင်းသင်တန်း) ကို ယခုနှစ် ဒီဇင်ဘာမှ စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း အဆိုပါဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်မိမိကြီးက ပြောသည်။

“မြန်မာလို သင်ကြားမှုစနစ်နဲ့ အခြေခံသဘော တရားတွေကို အဓိက ထားပြီး သင်မှာပါ။ နိုင်ငံရေး အခြေခံ လည်း ရှိရမယ်။ အင်္ဂလိပ်စာ လေ့လာမှု အားကောင်းတဲ့သူတွေ အတွက်တော့ ပိုပြီး အဆင်ပြေမှာပါ။ ရန်ကုန်မှာ က ဖွင့်ထားတာကြာပြီ။ ဖွင့်ဖို့ စာတင်ထားတာ ကြာပြီ။ မန္တလေး အတွက်က ဒီနှစ်မှစပြီး ဖွင့်ခွင့်ရတာပါ။ ပြည်တွင်း မှာရော ပြည်ပအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရရှိလာနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်တာပါ”ဟု ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ် သင်ကြား ပေးနေ သည့် နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန် ဒီပလိုမာ (အချိန်ပိုင်းသင်တန်း) နည်းတူ မြန်မာပြည် အထက်ပိုင်း ဒေသတွင် အဆိုပါ ပညာရပ်ကို လေ့လာ သင်ကြား လိုသူများ အတွက် ရည်ရွယ်၍ မန္တလေး တက္ကသိုလ်တွင်လည်း ထပ်မံဖွင့်လှစ် မည် ဖြစ်ကြောင်း ယင်း၏ ပြောပြချက်အရ သိရသည်။

မန္တလေးတက္ကသိုလ် ပင်မ အဆောက်အဦ

အဆိုပါ သင်တန်းကို မန္တလေး တက္ကသိုလ်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှ ကြီးမှူးဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်း ကာလ ၉ လ ကြာမြင့်မည် ဖြစ်သည်။
သင်တန်းကို စနေနှင့် တနင်္ဂနွေနေ့ များမှအပ နေ့စဉ်နံနက် ၇ နာရီ မှ ၉ နာရီအထိ တစ်နေ့လျှင် ၂ နာရီနှုန်းဖြင့် တက်ရောက် သင်ကြားရမည် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Diploma in International Relations(DIR) လက်မှတ် ပေးအပ် ချီးမြှင့်မည် ဖြစ်သည်။

သင်တန်း တက်ရောက်လိုသူများ အနေဖြင့် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန၊ မန္တလေး တက္ကသိုလ်သို့ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက် အထိ လူကိုယ်တိုင် လာရောက် လျှောက်ထားရမည် ဖြစ်ပြီး၊ နိုဝင်ဘာ ၂၁ ရက်တွင် ဝင်ခွင့် စာမေးပွဲ ဖြေဆိုရမည် ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်တွင် ဝင်ခွင့်ရသူများ စာရင်းကို ကြေညာပေးမည် ဖြစ်ပြီး အမည်စာရင်း ပါဝင်သူများ အနေဖြင့် ဒီဇင်ဘာ ၆ ရက်မှ စတင်တက် ရောက်ရမည် ဖြစ်သည်။

သင်တန်းသား ဦးရေ ၇ဝ ဦး ဖြင့် စတင် ဖွင့်လှစ်မည့် အဆိုပါ သင်တန်းသို့ တက္ကသိုလ်/ ဒီဂရီကောလိပ် တစ်ခုခုမှ အသိအမှတ်ပြုဘွဲ့ တစ်ခုခု ရရှိထားသူ မည်သူမဆို အသက် ကန့်သတ်ချက်မရှိ တက်ရောက် သင် ကြားနိုင်ပြီး အသေးစိတ် သိလိုပါက နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန၊ မန္တလေး တက္ကသိုလ်၊ ဖုန်းနံပါတ် ဝ၂-၂၁ဝ၈ဝ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ် မှ ဖော်ပြသည်  ။

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG