ယခုအခမ်းအနားတွင် ဒေသခံ ပြည်သူများ အများစုမှာ စက်မှုဇုန် စီမံကိန်းကို ကြိုဆိုကြောင်း၊ သို့သော် စီမံကိန်း လုပ်မည့်နေရာ ကို ရွှေ့ပေးရန် တောင်းဆို ကြခြင်းဖြစ်သည်။
“အခု စီမံကိန်းက တရားဝင် ဘာစာမှ မရောက်သေးပါဘူး”ဟု မိုင်းနား အုပ်ချုပ်ရေးမှူးက အဆိုပါ အခမ်းအနား တွင် ပြောကြားခဲ့ပါ သည်။
ယခုစီမံကိန်းကို မြို့တော်ခန်းမတွင် ပြုလုပ်သော အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သော်လည်း ထို အစည်းအဝေး တွင် ဒေသခံပြည်သူများ တစ်ယောက်ကိုမျှ ဖိတ်ခေါ်ခဲ့ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
“ဒီခေတ်ဒီခါမှာ ပြည်သူနဲ့ အစိုးရဆိုတာ ပွင့်လင်းမြင်သာတဲ့ ခေတ်ဖြစ်နေပြီ။ အစိုးရ ဘာလုပ်တယ် ဆိုတာ ပြည်သူတွေ သိနေရမယ်။ ပြည်သူတွေ ဘယ်လိုနေတယ် ဆိုတာလည်း အစိုးရတွေ သိနေရမယ်။ အခုလို အပေါ်မှာ ပြည်နယ် အဆင့်မှာ သူတို့ဟာသူတို့ ဆုံးဖြတ်နေတာ။ ဒီဧရိယာထဲမှာ ပါဝင်နေတဲ့ ပြည်သူတွေ ဘယ်သူမှ မသိရဘူး။ အစည်းအဝေးလည်း မတက်ရဘူး။ လူထုတွေနဲ့ အတူ တစ်သွေး တစ်သံတည်း သွားရမှာပါ။ စီမံကိန်းကို တားတာတော့ မဟုတ်ဘူး။ အဓိက ကတော့ နေရာရွှေ့ပေးဖို့ ပါ”ဟု ဒေသခံတွေ အရေးကို ကူညီ လုပ်ဆောင် ပေးနေသူ တစ်ဦးဖြစ်သော ကိုဇောင်းလွမ်းက ဆိုသည်။
ထိုစီမံကိန်းသည် ရွာ ၁၇ ရွာ ၏ အဓိက လုပ်ကိုင်စားသောက် နေသော လယ်ယာမြေများ ဖြစ်သည်။ စက်မှုဇုန် စီမံကိန်း ဧရိယာ ဧကပေါင်း ၄၅၅၂ ဧက ဖြစ်ကြောင်း၊ မြေစာရင်းမှ ထုတ်သော မြေပုံအရ သိရသည်။ ထိုမြေနေရာ များတွင် ရွာ ၁၇ ရွာမှ ဒေသခံများ၏ ရာသီပေါ် သီးနှံခြံများ၊ နှစ်ရှည်ပင်များ၊ ဆန်စပါးများနှင့် ဆီထွက်သီးနှံ စိုက်ပျိုးသော မြေနေရာ များ ဖြစ်သည်။ စီမံကိန်း ဧရိယာအတွင်းတွင် ဧရာဝတီမြစ်သို့ စီးဆင်း နေသည့် နန့်မြင်ချောင်း၊ သိင်္ဂီချောင်း၊ နန့်ပေါင်ချောင်းနှင့် ကဝါးခချောင်း တို့ ရှိသည်။ အကယ်၍ စီမံကိန်းသာ လုပ်ခဲ့လျှင် စက်ရုံမှ အညစ်အကြေး များသည် ဧရာဝတီမြစ်ထဲသို့ စိမ့်ဝင်သွားမှာ ဖြစ်ပြီး ဧရာဝတီမြစ်ကို မှီခိုနေသော ဒေသခံများ ဒုက္ခရောက်နိုင်ကြောင်း ဒေသခံများမှ ပြောပြသည်။
“စီမံကိန်းက လျာထားတဲ့ အဆင့်ပဲရှိသေးတယ်။ တကယ်လို့ လုပ်ဖြစ်တယ် ဆိုရင်လည်း ဒေသခံ လယ်မြေ ပိုင်ရှင်တွေ နဲ့ သေသေ ချာချာ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာပါ”ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်း က ပြောပြသည်။
ယခုစီမံကိန်း ဧရိယာအတွင်းရှိ လယ်မြေများသည် ဒေသခံများ စားဝတ်နေရေး၊ သားသမီးများအတွက် ပညာရေး၊ ကျန်းမာရေးများအတွက် အဓိက အားထားရာ မြေနေရာများ ဖြစ်ကြောင်း တောင်သူတစ်ဦးက ပြောပြသည်။ ထို့ထက်မက စီမံကိန်း ဧရိယာ၏ တစ်ဝက်ခန့်မှာ ယခုရေလွှမ်းမိုးနေကြောင်း သိရသည်။
၁၈.၉.၂ဝ၁၂ ရက်တွင် လူထုကိုယ်စားလှယ် ကန့်ကွက်ရေး ကော်မတီအဖွဲ့ စတင်ဖွဲ့စည်းထားပြီး ဒေသခံများက ကန့်ကွက်လက်မှတ်များ ရေးထိုးလျက် ရှိသည်။ ထိုလက်မှတ်များ ထိုးထားသော စာကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး အကယ်၍ တစ်ခုခု ဆောင်ရွက်ပေးခြင်း မရှိသော် နိုင်ငံတော် သမ္မတထိ ပေးသွားရန် အစီအစဉ်ရှိကြောင်း၊ ကိုဇောင်းလွမ်း က ပြောပြသည်။ ထိုစက်မှုဇုန် စီမံကိန်း ဧရိယာအတွင်း (၁) စက်မှုဇုန် စီမံကိန်း ဧရိယာ ၂၄၂ဝ ဧက၊ (၂) အိမ်တွင်းမှု လုပ်ငန်း ၈၂၃၊ (၃)ကုန်သွယ်မှုဇုန် ၁၃၂ဝ များ ပါရှိ မည် ဖြစ်သည်။
0 comments:
Post a Comment