Home » » လာမည့် ၃ဝ ရက်တွင် မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း ထားမှု တစ်နှစ်ပြည့် ဆုတောင်းပွဲ အစီအစဉ် တန်ဖဲမြစ်ဆုံ ဒေသခံများ ပြုလုပ်သွားမည်

လာမည့် ၃ဝ ရက်တွင် မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း ထားမှု တစ်နှစ်ပြည့် ဆုတောင်းပွဲ အစီအစဉ် တန်ဖဲမြစ်ဆုံ ဒေသခံများ ပြုလုပ်သွားမည်



နိုင်ငံတော် သမ္မတကြီး ဦးသိန်း စိန် ကြေညာခဲ့သည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှု တစ်နှစ်ပြည့် အစီအစဉ် အား တန်ဖဲဒေသများ ဝမ်းသာကြိုဆို ထောက်ခံသော အနေဖြင့် တန်ဖဲ မြစ်ဆုံ ဒေသခံပြည်သူများ၊ ဘာသာရေး ခေါင်းဆောင်များ ဦးဆောင်ပြီး မနက် ၉ နာရီခန့်တွင် စတင်ကာ မြစ်ဆုံကမ်းခြေတွင် စုပေါင်းဆုတောင်း ကျေးဇူးတော် ချီးမွမ်းဆုတောင်းပွဲ အစီအစဉ် ပြုလုပ်သွားမည် ဖြစ်သည်။
“တကယ်ကို မြစ်ဆုံ ရေကာတာကြီး တည်ဆောက်မည် ကို စိုးရိမ်နေကြတဲ့ အချိန်မှာ တကယ့်ကို မွန်မြတ်တဲ့ နိုင်ငံတော် သမ္မတရဲ့ မိန့်ခွန်းပေါ့။ ဒီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီး ဆိုတဲ့စကားပေါ့။ ပြည်သူလူထုတွေ တကယ် ဝမ်းသာ တယ်၊ ဒေသခံတွေ ပိုပြီး ဝမ်းသာတယ်။ ရပ်ဆိုင်းပြီဆိုတဲ့ အသံကြားပြီးတာနဲ့ ကျွန်တော်တို့ ဝမ်းသာအားရ ကြိုခဲ့တယ်။ အခုလည်း တစ်နှစ်ပြည့်ပြီ ဆိုတော့ ဘုရားသခင်ကို ကျေးဇူးတင်တဲ့ ဆုတောင်းပွဲ ကျွန်တော်တို့ လုပ်တဲ့သဘောပေါ့။ ဒေသခံပြည်သူတွေ ကလည်း တကယ်ဝမ်းသာလို့ ဘုရားသခင် ဆီမှာ ကျေးဇူးတင် စုပေါင်း ဆုတောင်းမည့် အစီအစဉ် ပြုလုပ်တာပါ။ အခုထိတော့ ပျော်တယ်ပေါ့။ နောက်ဘယ် လောက်ထိ အခြေအနေ ကောင်းလာ မယ် ဆိုတာ ကိုတော့ စောင့်ကြည့်ရမှာပေါ့”ဟု ဦးဆောင်ပြီး လုပ်ဆောင် နေသူတစ်ဦး ဖြစ်သော မြစ်ဆုံကက်သလစ် အသင်းတော်မှ Fr.Thomas Gum Rai Aung က ဆိုသည်။

မြစ်ဆုံဒေသခံများသည် ယခုအချိန်တွင် အောင်မြင်သာ စံပြကျေး ရွာသို့ ယာယီပြောင်းရွှေ့ နေထိုင် လျက် ရှိသည်။ ထိုအောင်မြင်သာရွာတွင် လုပ်စားစရာ မရှိသည့်အတွက် အခုချိန်ထိ မြစ်ဆုံတန်ဖဲရွာသို့ ပြန်လည် ပြောင်းရွှေ့ နေထိုင်ခွင့် ရရေးအတွက် လိုလားနေကြသည်။ ယခုချိန်ထိလည်း တန်ဖဲရွာမှ ယူခဲ့သော အစား အစာများကိုသာ စားသုံးနေကြသည်။
ယခုလို မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုအပေါ် ကျေးဇူးတော် ချီးမွမ်းပွဲကို ရပ်ဆိုင်းထားမှု ၆ လ ပြည့်တွင် တစ်ကြိမ် ပြုလုပ် ခဲ့သည်။ လာမည့် အောက်တိုဘာ ၄ ရက် တွင်လည်း နောက်တစ်ကြိမ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင်လည်း ဧရာဝတီကို ကယ်တင်ခြင်း တစ်နှစ်ပြည့် အထိမ်း အမှတ် လှုပ်ရှားမှုအဖြစ် မိုး/ဇလ ပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာ ကိုတာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူ၊ စာရေးဆရာ မောင်စိန်ဝင်း ပုတီးကုန်းတို့က ဆွေးနွေးပွဲ တစ်ရပ်ကို နေ့လယ် ၂ နာရီ မှ စတင်ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆွေးနွေးပွဲကို Safety Net အမြင့်ပျံ အဝေးပျံ ကြိုးကြာငှက်များ အမည်ရှိ ဇမ္ဗူသီရိ ပရဟိတ လူငယ်များက စီစဉ်ကြောင်း  သိရှိရသည်။



မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်   မှဖော်ပြသည် ။

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG