- Written by နေလင်းထွန်း

၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် မူလတန်းအဆင့် အသားတင်ကျောင်းနေနှုန်းမှာ ၈၄ ဒသမ ၆ဝ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်၊ မူလတန်းအဆင့် သင်ယူပြီးမြောက်မှု နှုန်းမှာ ၆၈ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိနေကြောင်း ယင်းစာတမ်းတွင် ဖော်ပြထားသည်။
"ကျောင်းဖွင့်စမှာကျောင်းအပ်နှံရေးအတွက် ပြည်သူလူထုတွေ၊ စေတနာရှင်တွေက လှူကြတယ်။ ဒါပေမဲ့ ကျောင်းဖွင့်ပြီးတစ်လ၊ နှစ်လကြာလို့ရှိရင် အကြောင်းအမျိုးမျိုးနဲ့ ပြန်ထွက်သွားကြတယ်။ ဝင်စတုန်းကတော့ အားနဲ့မာန်နဲ့ ဝင်ကြတယ်ပေါ့။ နောက်ပိုင်းကြတော့ စီးပွားရေးခက်ခဲတာရယ်၊ မိသားစုအဆင်မပြေတာတွေကြောင့် တစ်ချို့ကလေးတွေက ကျောင်းမပြီးဆုံးမီ ထွက်သွားကြတယ်" ဟု အခြေခံပညာဦးစီဌာနတစ်ခုမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
မူလတန်းကျောင်းများ၏ ၃ဝ ရာခိုင်နှုန်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသ (သို့မဟုတ်) ရာသီဥတုပြင်းထန်သော ဒေသများတွင် တည်ရှိနေခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ ဆရာမများ ကျောင်းပျက်ကွက်မှုများနေကြောင်း သိရသည်။
ကျောင်းသားများ ကျောင်းနေမြဲစေရန် မိဘများ ပူးပေါင်းပါဝင်ဆောင်ရွက်လာရေး ရှင်းလင်းဆွေးနွေး ပညာပေးမှုမှာ အားနည်းနေဆဲဖြစ်ပြီး ကျန်းမာရေး၊ စီးပွားရေးအခြေအနေ အမှန်တကယ်ချို့တဲ့သော ကလေးများအတွက် သီခြားထောက်ပံ့ပေးရန် လိုအပ်နေသည်။
ကျောင်းနေအရွယ် ကလေးငယ်များအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်သည် အထိ ကျောင်း မှန်မှန် တက်ရောက်နိုင်ရေးအတွက် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ စေတနာရှင်၊ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ရန် အထက်ပါစာတမ်းတွင် ဖော်ပြထားသည်။
"ကျောင်းနေမြဲဖို့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေက ကျောင်းသားတွေ လျော့မကျသွားအောင် ဂရုစိုက်ရမယ်။ ကျောင်းသားမိဘနဲ့ သွားဆွေးနွေးရမယ်။ စားဝတ်နေရေးလား၊ စီးပွားရေးလား၊ ကျန်းမာရေးလား၊ ငွေကြေးကြောင့်လား။ အဲဒီလိုဆိုရင် ငွေကြေးတာဝန်ယူနိုင်မယ့် အလှူရှင် ရှာပြီးတော့ ကျောင်းသားကျောင်းပြန်လာနိုင်အောင် စည်းရုံးရမယ်။ ပညာရေးဌာနတစ်ခုတည်း လုပ်လို့တော့မရဘူး။ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကိုယ်တိုင်ပါမှ ဖြစ်မယ်" ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
မြန်မာနိုင်ငံတွင် ကျောင်းမသွားနိုင်သော ကလေးအရေအတွက် မြင့်မားနေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အစီအစဉ်လုပ်ငန်းများ အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်းနှင့် မကြာမီ လုပ်ကိုင်နိုင်ရန် မျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်နှင့် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် တက်ရောက်ပညာသင်ယူခဲ့သော ကျောင်းသားအင်အားစာရင်း၌ မူလတန်းအဆင့် ကျောင်းသားများ၏ အလယ်တန်းအဆင့်သို့ တက်ရောက်နိုင်မှုမှာ ၄၄ ရာခိုင်နှုန်းနှင့် အထက်တန်း အဆင့်သို့ တက်ရောက်နိုင်မှုမှာ ၁၃ ရာခိုင်နှုန်း ရှိနေသည်။
အဆိုပါ ပညာသင်နှစ်များတွင် တစ်နိုင်ငံလုံးရှိ သူငယ်တန်း၌ ကျောင်းသားတစ်သန်းကျော် တက်ရောက်ခဲ့ကြသော်လည်း အတန်းစဉ်အလိုက် ကျောင်းသားတက်ရောက်မှု တဖြည်းဖြည်း လျော့ကျသွားခဲ့ပြီး ဒသမတန်း၌ ကျောင်းသား သုံးသိန်းနီးပါးသာ ကျန်ရှိတော့ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းဇယားအရ သိရသည်။
7 DAY NEWS JOURNAL
0 comments:
Post a Comment