Home » » ပါပါရာဇီနဲ့ ထင်ရှားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ (၇)

ပါပါရာဇီနဲ့ ထင်ရှားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ (၇)



၂ဝ၁၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ ဒိုင်ယာနာ ကွယ်လွန်ခဲ့တာ ၁၅ နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နဲ့ တိုက်ဆိုင်စွာ ဟယ်ရီမင်းသားရဲ့ ဝတ်လစ်စားလစ် ပုံကို ဖော်ပြခြင်း၊ ချွေးမတော်သူ ကိတ် မင်းသမီးရဲ့ အပေါ်ပိုင်း ဗလာကျင်း နေတဲ့ပုံကို ဖော်ပြလာခြင်းကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ်က အချိန်မတိုင်မီ ပါပါရာဇီ များရဲ့ သတင်းဆာလောင် မွတ်သိပ်မှုကြောင့် ကွယ်လွန်ခဲ့ရတဲ့ ဒိုင်ယာနာရဲ့အဖြစ်အပျက်ကို ပါပါရာဇီများနဲ့ တကွ သတင်းမီဒီယာများမှ အယ်ဒီတာများ မေ့ပျောက် သွားကြပြီလား လို့ ဗြိတိန်ပြည်သူများက တွေးတော စရာ ဖြစ်လာခဲ့ပါ တယ်။ ဒိုင်ယာနာ ကွယ်လွန်ပြီးတဲ့ နောက်မှာ ပါပါရာဇီများကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေများ ကလည်း ရယ်စရာ တစ်ခုလို ဖြစ်သွား ပြီလားလို့ တွေးတောလာကြပါတယ်။


ဈေးဝယ်ထွက်နေသည့် မြို့စားကတော် ကိတ်မစ်ဒယ်တန်
ဈေးဝယ်ထွက်နေသည့် မြို့စားကတော် ကိတ်မစ်ဒယ်တန်
၁၉၉၇ ခုနှစ်က ဒိုင်ယာနာရဲ့ အသုဘ အခမ်းအနားမှာ မောင်တော်သူ စပန်ဆာမြို့စားက “ဓာတ်ပုံရိုက်ကြတဲ့ ပါပါရာဇီများ သာမက ဖော်ပြခဲ့ကြတဲ့ စာနယ်ဇင်း အယ်ဒီတာ များဟာလည်း တာဝန်ရှိသူများ ဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့နောက်ဆုံးပုံများ ကို ရိုက်ကူးခဲ့ကြတဲ့ ပါပါရာဇီ များနဲ့ အယ်ဒီတာများရဲ့လက်မှာ ဒိုင်ယာနာရဲ့ သွေးစွန်းခဲ့ပြီ” လို့ သမိုင်းဝင် ပြောကြားခဲ့ ပါတယ်။
ဒိုင်ယာနာ ကွယ်လွန်ပြီးတဲ့ နောက်မှာ ဗြိတိန်နိုင်ငံရဲ့ စာနယ်ဇင်း ကောင်စီက စာနယ်ဇင်းများရဲ့ ကျင့်ဝတ် ဆိုင်ရာ ကျင့်ထုံးများကို ပြဋ္ဌာန်းခဲ့ပါသေးတယ်။ ဒီကျင့်ထုံးများကို စာနယ်ဇင်းများက ခေတ္တခဏ လိုက်နာ ကျင့်သုံး ခဲ့ကြပေမယ့် ကြာရှည် မခံခဲ့ပါဘူး။ မိခင်ဖြစ်သူ ကွယ်လွန်ပြီးတဲ့နောက်မှာ ကျန်ရစ်တဲ့ မင်းသားငယ် နှစ်ပါးဟာ စာနယ်ဇင်းများ ရဲ့ပစ်မှတ်များ ဖြစ်လာခဲ့ပါတယ်။ News of the World က ဆိုရင် တော်ဝင် မိသားစု များရဲ့တယ်လီဖုန်းများကို ခိုးပြီး နားထောင်ကာ အတင်းအဖျင်းများကို ဖော်ပြခဲ့တဲ့အထိ အတင့်ရဲလာခဲ့ကြ ပါတယ်။ ၂ဝ၁၁ ခုနှစ်က ဗြိတိန်နိုင်ငံမှာ ဖွဲ့စည်း စစ်ဆေးခဲ့တဲ့ Leveson Inquiry အဖွဲ့မှာ Daily Mail သတင်းစာရဲ့ ဓာတ်ပုံ အယ်ဒီတာ ဖြစ်တဲ့ Paul Silva က အစစ်ဆေးခံရာမှာ သူတို့သတင်းစာကို တစ်နေ့တစ်နေ့ Pipa Middleton (ကိတ်မင်းသမီးရဲ့ ညီမ) ရဲ့ပုံတွေ ၃ဝဝ ကနေ ၄ဝဝ အထိ ရခဲ့သလို တော်ဝင်မိသားစုများ ရဲ့ပုံများကလည်း နေ့စဉ်နဲ့အမျှ သတင်းစာတိုက်ကို ရောက်ရှိတယ်လို့ အစစ်ခံခဲ့ပါတယ်။
၂ဝဝ၂ ခုနှစ်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ လာရောက် ပညာသင်ယူနေတဲ့ ဆွီဒင်နိုင်ငံ တော်ဝင်မိသား စုရဲ့သမီးထွေး Princess Madeleine (အသက် ၁၉ နှစ်) ဟာ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဒီလို ထုတ်ပယ်ခံ ရခြင်းဟာ ပါပါရာဇီများရဲ့လက်ချက်ကြောင့် ဖြစ်တယ်လို့ မင်းသမီးက သူ မထွက်ခွာမီမှာ ပြောကြားသွားခဲ့ပါတယ်။
၂ဝဝ၄ ခုနှစ်မှာ မင်းသမီးရဲ့ မိဘများက ဂျာမနီနိုင်ငံမှ မီဒီယာဘီလူးကြီးဖြစ်တဲ့ Klambt အုပ်စုကို တရားစွဲ ခဲ့ပါတယ်။ တရားစွဲရတဲ့ အကြောင်းအရင်း က ဖော်ပြခဲ့တဲ့ ဆောင်းပါးပေါင်း ၁၅၈၈ ပုဒ်မှ စာမျက်နှာ ၅ဝဝ လောက်က မင်းသမီး အကြောင်းများကို အတင်းအဖျင်းအဖြစ် ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီကိစ္စကို ဘုရင်မင်းမြတ်ဖြစ်တဲ့ Carl Gistaf နဲ့ ကြင်ယာတော် တို့က မကျေနပ်တဲ့ အတွက် သမီးတော်ကိုယ်စား တရားစွဲခဲ့ကြခြင်း ပါ။ မိဖုရားဖြစ်တဲ့ Silvia က ပြောကြား ရာမှာ “သမီးရဲ့ပုံတွေကို ဖော်ပြထားတာ တွေ့ရတော့ မျက်ရည်တောင် ကျခဲ့ရပါတယ်”လို့ Telegraph သတင်းစာကြီး သို့ ပြောကြားခဲ့ပါတယ်။ Telegraph သတင်း စာက ဒီသတင်းကို ဖော်ပြရာမှာ “စွန့်ပစ်ခံ မိဖုရားတစ်ပါးရဲ့ မျက်ရည်များ” ဆိုတဲ့ ခေါင်းစဉ် တပ်ခဲ့ပြန်ပါတယ်။ သူတို့သတင်းမှာ သမီးတော်အကြောင်း အပြင် ဘုရင်မင်းမြတ်က တခြား မိန်းကလေး တစ်ယောက်နဲ့ ဖောက်ပြန် ခဲ့ခြင်း အကြောင်းကိုလည်း ဖော်ပြတာ ဖြစ်လို့ ဒီခေါင်းစဉ် တပ်လိုက်ခြင်း ဖြစ်ပါတယ်။ မီဒီယာများနဲ့ ဂျာမန် တော်ဝင်တို့ရဲ့ တိုက်ပွဲမှာ နစ်နာသွားသူက ကျောင်းသူ မင်းသမီးကလေးပါ။ အဲဒီနှစ် အတွင်းမှာပဲ မိုနာကို နိုင်ငံမှ မင်းသမီး တစ်ပါးဖြစ်တဲ့ ကယ်ရိုလိုင်းကိုလည်း ဥရောပ မီဒီယာများက တိုက်ခိုက်ခဲ့ကြပြန် ပါတယ်။
ဂျာမန်တော်ဝင် မိသားစုများ၊ မိုနာကို တော်ဝင်မိသားစုများ တိုက်ခိုက်ခံရမှုဟာ ၂ဝ၁၁ ခုနှစ်မှာ ဗြိတိန် တော်ဝင် မိသားစုဝင်များ တိုက်ခိုက်ခံရမှုလောက် မပြင်းထန်ဘူးလို့ ဆိုရပါလိမ့်မယ်။ ၂ဝ၁၁ ခုနှစ်မှာ ဗြိတိန်နိုင်ငံ ဘုရင်မကြီး ရဲ့ မြေးတော် မင်းသမီးတစ်ပါးဖြစ်တဲ့ Beatrice ရဲ့ ပုံများကိုလည်း The Daily Telegraph သတင်းစာက ဖော်ပြခဲ့ပြန် ပါတယ်။ မင်းသမီးက အားလပ်ရက်မှာ ပြင်သစ်နိုင်ငံ အပန်းဖြေစခန်းကို သွားရောက် လည်ပတ်စဉ် ဓာတ်ပုံခိုးရိုက် ခဲ့ကြခြင်းပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံ စာနယ်ဇင်း ကောင်စီက သတင်းစာ အနေနဲ့ ဒီလိုနေရာမျိုးမှာ ဒီလိုနေရင် ဘယ်သူ့ကိုမဆို ဓာတ်ပုံရိုက်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ပေးခဲ့ပြီး ကာယကံရှင်များ အနေနဲ့ ဒီလိုနေရာမျိုးကို “ကိုယ်ရေး လုံခြုံစိတ်ချရမှု ရှိတဲ့နေရာ”လို့ မသတ်မှတ်သင့်ဘူး လို့ သုံးသပ်ခဲ့ပါတယ်။
စာနယ်ဇင်းကောင်စီရဲ့ ဒီသုံးသပ်ချက်ကို ဩစတြေးလျနိုင်ငံမှာ ထုတ်ဝေတဲ့ Woman’s Day စာစောင်က အမိအရ အသုံးချလိုက်ပုံ ရပါတယ်။ ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းမှာ ကိတ်နဲ့ ဝီလျံတို့ ဩစတြေးလျ နိုင်ငံသို့ လာ ရောက် လည်ပတ်စဉ် ပင်လယ်ကမ်းခြေမှာ အပန်းဖြေ နားနေတာကို ဖော်ပြလိုက်ပြန်ပါတယ်။ Heat စာစောင် ကတော့ မေ ၂၆- ဇွန် ၁ ရက် အတွက် ထုတ်ဝေတဲ့ စာစောင်မှာ ကိတ်မင်းသမီး ဈေးဝယ်ထွက်တဲ့ပုံ ဖော်ပြခဲ့ခြင်း နဲ့ပတ်သက်ပြီး နောက်တစ်ပတ် မှာ တောင်းပန်စကား ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီစာ စောင်ကပဲ TMZ မှာ ဟယ်ရီ မင်းသား ဝတ်လစ်စားလစ် ဖြစ်နေတဲ့ပုံကို ထည့်သွင်း ဖော်ပြခဲ့ပြန်ပါတယ်။
TMZ ဝက်ဘ်ဆိုက် တွင် ဟယ်ရီဝတ်လစ်စားတစ် ပုံကို တင်ခဲ့စဉ်
TMZ ဝက်ဘ်ဆိုက် တွင် ဟယ်ရီဝတ်လစ်စားတစ် ပုံကို တင်ခဲ့စဉ်

ဟယ်ရီမင်းသားပုံ ဖော်ပြခြင်းနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံမှာ အယူအဆ ကွဲပြားခဲ့ကြပါတယ်။ တချို့က မင်းသား အနေနဲ့ တစ်နေ့ကို စတာလင် ပေါင် ၅ဝဝဝ ပေးရတဲ့ နေရာမျိုးမှာ ဒီလောက် လွတ်လွတ်လပ်လပ် မနေသင့်ဘူး၊ ဒီလိုနေခဲ့တဲ့အတွက် ဒီလိုဖော်ပြခဲ့တာကို နန်းညွန့်နန်းလျာ တတိယနေရာ မှာရှိတဲ့ မင်းသားအနေနဲ့ ဆင်ခြင် သင့်တယ်လို့ ဆိုသူက ဆိုပြီး တချို့ကတော့ ပုံနှိပ်ဖော်ပြခဲ့တဲ့ မီဒီယာများကိုသာ အပြစ်တင်ခဲ့ကြပါတယ်။ ဒီပုံကို အမေရိကန် အခြေစိုက် TMZ ဝက်ဘ်ဆိုက်က်က ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဗြိတိန်စာစောင်များက လက်ရှောင် ခဲ့ကြပေမယ့် အမေရိကန် နိုင်ငံထုတ် စာစောင်များစွာ ကတော့ ဖော်ပြကြပါတယ်။  ဗြိတိန်နိုင်ငံမှာ ထုတ်ဝေတဲ့ The Sun စာစောင်နဲ့ ဒဗ္ဗလင်မှ Evening Herald သတင်းစာတို့က ပထမဦးဆုံး ဖော်ပြလိုက် ကြပါတယ်။


ဝင်းငြိမ်း      
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG