Home » » ဒေါက်တာလွဏ်းဆွေ - ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၁)

ဒေါက်တာလွဏ်းဆွေ - ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၁)




(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။)


ပြုံးပြုံးလေးနဲ့ ပေါင်တွင်းကြော လိမ်ဆွဲမယ့် ဦးသိန်းစိန်အစိုးရ
သြဂုတ် ၂၆၊ ၂၀၁၂

ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာသိ အတိုက်အခံနိုင်ငံရေးသမားတွေကို အရေးပါ အရာပေးတဲ့နည်းနဲ့ ဆက်ဆံပြပြီး မျက်နှာမွဲ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြတဲ့ အလုပ်သမား၊ လယ်သမား သာမန်ပြည်သူတွေကိုတော့ ပေါ်ပေါ်တင်တင် တရားစွဲတဲ့နည်းရယ်၊ လူမသိသူမသိ နှိပ်ကွပ်တဲ့နည်းတွေရယ်နဲ့ ခွဲခြားဆက်ဆံနေတာ သတိထားမိတယ်။

တောကြိုအုံကြားမှာ ဆန္ဒပြတဲ့ တောင်သူတွေ၊ ရွှေတူးအလုပ်သမားတွေကို နှိပ်ကွပ်ဖို့ လူမသိ သူမသိ ၀ိုင်းထားတဲ့ လုံထိန်းတွေဆိုတာ နည်းနည်းနောနောမဟုတ်။ ဒါကို မျက်နှာကြီး နိုင်ငံရေးသမားတွေက ကိုယ်နဲ့မဆိုင်သလို တေမိလုပ် မသိချင်ယောင်ဆောင်နေရင် ရေရှည်မှာ မျက်နှာမွဲပြည်သူတွေ ပိုပိုပြီး အနင်းခံရလိမ့်မယ်။

ပြောရရင် ဦးသိန်းစိန်အစိုးရဟာ စားပွဲအပေါ်ပိုင်း မျက်နှာကတော့ ပြုံးပြုံးလေးပဲ၊ စားပွဲအောက်မှာ ချထားတဲ့ လက်ကတော့ လူမသိသူမသိ ပေါင်တွင်းကြော လိမ်ဆွဲဖို့ အသင့်ပြင်ထားတဲ့ အနေအထားမျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာပါပဲ။

အီဂျစ်ပြည်သူတွေကို သတ္တိရှိရှိ ပြတ်ပြတ်သားသား ဦးဆောင်မှုပေးနိုင်ခဲ့တဲ့ 
အီဂျစ်သမ္မတသစ် မိုဟာမက်မော်စီ
သြဂုတ် ၂၈၊ ၂၀၁၂

တကယ်ဆို အီဂျစ်သမ္မတသစ် မိုဟာမက်မော်စီသာ အီဂျစ်စစ်ကောင်စီကို (NLD ခေါင်းဆောင်တွေ ၂၃ နှစ်လုံးလုံး နအဖစစ်အုပ်စုထံ တောင်းဆိုမှုတွေချည်းပဲလုပ်ပြီး စောင့်ဆိုင်းနေခဲ့သလို) ပျော့ပျော့ညံ့ညံ့ ဆက်ဆံခဲ့ရင် အီဂျစ်စစ်ကောင်စီရဲ့ နင်းခြေမှုကို ခံရနိုင်ပြီး အီဂျစ်ဒီမိုကရေစီအရေးလည်း မြန်မာ့ဒီမိုကရေစီအရေးလို ကာလရှည် ရွာလည်နိုင်တဲ့ အခြေအနေပါ။

အခုတော့ အီဂျစ်သမ္မတသစ် မိုဟာမက်မော်စီက ရွေးကောက်ပွဲနိုင်တဲ့ သမ္မတတယောက်အနေနဲ့ သူလုပ်ပိုင်ခွင့်ရှိတာတွေကို လက်ဦးမှုယူပြီး သွက်သွက်လက်လက် ပြတ်ပြတ်သားသား ဦးဆောင်မှုပေးနိုင်ခဲ့လို့ အီဂျစ်ပြည်သူတွေ အသက်၊ သွေး၊ ချွေး ပေးဆပ်ရကျိုးနပ်တဲ့အပြင် အချိန်တိုအတွင်း ဒီမိုကရေစီ အောင်ပွဲခံကာ ကမ္ဘာ့အလည်မှာ မော်ကြွားနိုင်ခဲ့ပါပြီ။

အီဂျစ်သမ္မသစ် မိုဟာမက်မော်စီဟာ သူ့ပြည်သူတွေကို ရဲရဲရင့်ရင့် ဦးဆောင်မှုပေးနိုင်ခဲ့ရုံမက ၂၀၁၂ သြဂုတ်လ ၂၇ ရက်နေ့ကလည်း အာဏာရှင်အစိုးရ ဖြုတ်ချရေး တိုက်ပွဲဝင်နေတဲ့ ဆီးရီးယားပြည်သူတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီး ဆီးရီးယားလူသတ်အစိုးရ ဆင်းပေးဖို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပြန်ပါပြီ။

"Now is the time to stop this bloodshed and for the Syrian people to regain their full rights and for this regime that kills its people to disappear from the scene," Mohammed Morsi said in his first interview with an international news organization.

http://www.haaretz.com/news/middle-east/egypt-s-president-morsi-says-time-is-up-for-syria-s-assad-1.461046

အဆိုးဆုံး ဒွတ်ခ
စက်တင်ဘာ ၂၊ ၂၀၁၂

မျက်စိလည်တဲ့အထဲမှာ နိုင်ငံရေးမျက်စိလည်တာ အဆိုးဆုံးဖြစ်သလို ဂရုဏာသက်ဖို့လည်း ကောင်းမယ်ထင်ရဲ့။ “ကျွတ် … ကျွတ် … ကျွတ်” ကလွဲ ကျနော်ကကော ဘာများတတ်နိုင်ဦးမှာလဲ။

နည်းနည်းကြီးတော့ လွဲနေဒယ် ... လွဲလွဲကြီးပဲ ကောင်းပါဒယ် :)
စက်တင်ဘာ ၄၊ ၂၀၁၂

ဆရာတော် ဦးဝီရသူ ဦးဆောင်သင့်တာက ကချင်စစ်ရပ်စဲရေးအတွက် တတိုင်းတပြည်လုံး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြရေး ...

ဆရာတော် ဦးဝီရသူ လုပ်ဆောင်နေတာက သမ္မတကြီးကို ထောက်ခံရေး :)

ကချင်စစ်ရပ်စဲရေးကို တတိုင်းတပြည်လုံး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြဖို့ ခေါင်းဆောင်ဆိုသူတွေ ဘာကြောင့် တေမိလုပ် ရူးချင်ယောင်ဆောင်နေကြပါလိမ့် ...

သုံးကြောင်းကဗျာနဲ့ သုံးသောင်း … အမှတ်တရ
စက်တင်ဘာ ၉၊ ၂၀၁၂

ဒီည ကျနော် ကြည်ညိုလေးစားရတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကျန်းမာရေးသတင်းတွေ ဖတ်ရှုရင်း မြန်မာ့လွတ်လပ်ရေးအတွက်၊ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ဆဲ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေအကြောင်း တွေးနေမိတယ်။ တွေးနေရင်း ကျနော် ရေးခဲ့တဲ့ သုံးကြောင်းကဗျာကြောင့် ကျနော့်မိတ်ဆွေကြီး ကိုနွယ်ဦး (ဆရာနွယ်ဦးလှိုင် - ယခု နေလဂျာနယ် အယ်ဒီတာချုပ်) သုံးသောင်းလောက် ကုန်သွားတဲ့ အကြောင်းလေးကို သွားသတိရတယ်။ အဲဒီတုန်းက ကိုနွယ်ဦးက ‘ဂီတဂျာနယ်’ ကို လုပ်နေတဲ့အချိန် ၂၀၀၀ ပြည့်လွန် နှစ်တနှစ် …။ သူက ဂျာနယ်အထူးထုတ်အတွက် စာမူတောင်းလို့ န၀တစစ်အုပ်စု အာဏာသိမ်းပြီးချိန်လောက်က ရေးဖြစ်ခဲ့တဲ့ သုံးကြောင်းကဗျာလေးကို ကျနော် ပေးဖြစ်ခဲ့တယ်။ ကဗျာလေးက ဖြန့်ချိတဲ့အထဲ ပါတဲ့အဆင့်ထိ မရောက်ခဲ့ဘဲ စာပေစိစစ်ရေးက ဖြုတ်ခိုင်းလို့ ဖြုတ်ပေးခဲ့ရတယ်။ ဒါပေမယ့် ကိုနွယ်ဦးက ကဗျာကို လွတ်ကင်းမယ်ထင်ပြီး ကြိုတင် ပုံနှိပ်မိခဲ့ပုံပေါ်တယ်။ မထင်မှတ်ဘဲ စာပေစိစစ်ရေးက ဖြုတ်ခိုင်းတော့ လက်လွန်နေပြီမို့ အဲဒီသုံးကြောင်းကဗျာ ပါတဲ့ စာဖောင်ကို အသစ်ပြန်ရိုက်ရတယ်တဲ့။ သူ့ဂျာနယ်ဖောင်ပိတ်ပွဲညတညမှာ “ကိုလွဏ်းဆွေရဲ့ သုံးကြောင်းကဗျာက သုံးသောင်းလောက် ကုန်သွားတယ်” လို့ ကိုနွယ်ဦး နောက်ပြောလေး ပြောလိုက်မှ ကျနော် သူ့ကို အားတုံ့အားနာဖြစ်ခဲ့ရတဲ့ ကဗျာလေးပေါ့။

“သူရဲကောင်း၏ နှလုံးသားပုံရိပ်”

စိန်ပန်းတွေသည်
ဝေလည်း နီပြီး
အနီနဲ့ပဲ ကြွေလေသည်။ ။

ဒေါက်တာလွဏ်းဆွေ

အချိန် ၃ လပဲ ယူယူ ... ၆ လပဲ ယူယူ
စက်တင်ဘာ ၉၊ ၂၀၁၂

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ လူရွှင်တော် ကိုဇာဂနာတို့ ပါဝင်တဲ့ ရခိုင်အရေးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၇ ယောက် ဒီကနေ့ ၉.၉.၂၀၁၂ ရက်နေ့မှာ စစ်တွေမြို့သို့ ထပ်မံရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန် ထပ်ဖွဲ့ပေးလိုက်ရတဲ့ စူံစမ်းရေးအဖွဲ့သစ်အနေနဲ့ ပထမစုံစမ်းရေးအဖွဲ့တုန်းက မဖော်ထုတ်နိုင်ခဲ့တဲ့ တောင်ကုတ် ၁၀ လောင်းပြိုင်လူသတ်မှု (ရခိုင်အရေးကို ကြီးထွားစေတဲ့ အဓိကအကြောင်းတရား) ရဲ့ တရားခံစစ်စစ်တွေကို ဖော်ထုတ်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အခုအထိ လက်သည်မပေါ်သေးတဲ့ အဆိုပါ ကြောက်မက်ဖွယ် တောင်ကုတ်လူသတ်မှုကြီးရဲ့ တရားခံစစ်စစ်တွေကို ပြည်သူလူထု လက်ခံတဲ့သူတွေပါတဲ့ လက်ရှိစုံစမ်းရေးအဖွဲ့သစ်က ဖော်ထုတ်နိုင်ပြီး အရေးယူအပြစ်ပေးမှုတွေ လုပ်နိုင်တဲ့အထိ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် အရင့်အရင်က လက်သည်မပေါ် မဖော်ထုတ်နိုင်ခဲ့တဲ့ ဒီပရင်းလို၊ အင်းလျားလမ်း ၅ လောင်းပြိုင် လူသတ်မှုလို အမှုအခင်းကြီးတွေကို ဖော်ထုတ်ဖို့လည်း လမ်းစပေါ်လာနိုင်ပါတယ်။

အဲဒီကမှတဆင့် တရားဥပဒေစိုးမိုးမှု ပိုရှိတဲ့အနေအထားကို တည်ဆောက်လာနိုင်ခဲ့ရင် ၈၈ အာဏာသိမ်း လူသတ်မှုလို၊ ရွှေဝါရောင် လူသတ်မှုလို နိုင်ငံတော်လူသတ်ပွဲကြီးတွေရဲ့ တရားခံတွေကို ဖော်ထုတ်နိုင်တဲ့အထိ အခြေအနေတွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

အဲဒီလို တက်လှမ်းနိုင်ဖို့ဆိုတာ လက်ရှိစုံစမ်းရေးအဖွဲ့သစ်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အစွမ်းအစ၊ အမှန်တရားကို ဖော်ထုတ်ရဲမှု၊ သတ္တိရှိမှုတွေအပေါ်မှာ မူတည်မယ်လို့ မြင်ပါတယ်။ အချိန် ၃ လပဲ ယူယူ၊ ၆ လပဲ ယူယူ ပထမစုံစမ်းရေးအဖွဲ့လို အိယောင်ဝါးအစီရင်ခံစာသာ ထွက်လာခဲ့ရင်တော့ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ နာမည်ပျက်ရဖို့ကိန်းဆိုက်ဖို့သာ ရှိတယ်လို့ မြင်မိပါကြောင်း ...။ ။

(ဓာတ်ပုံကို Aung Kyaw Win ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ယူပါသည်)

မြန်မာ့ဒီမိုကရေစီရေး အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ …
စက်တင်ဘာ ၂၄၊ ၂၀၁၂

တရွာလုံးက အားကိုးအားထားပြုခဲ့ကြတဲ့ လူရိုသေရှင်ရိုသေ အစ်မအကြီးဆုံးကြီးက အရွယ်လွန် အသက်ရမှ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆိုသလို ဘယ်သူ့ကိုမှ တိုင်ပင်ဖော်မရဘဲ တရွာလုံးက လမ်းမတော်ဖိုးတုတ်လို့ နာမည်ပြောင်ပေးထားတဲ့ ရွာ့အောကြောလန်နောက် ကောက်ကောက်ပါအောင် လိုက်ပြေးသွားခဲ့တယ်ခင်ဗျ။ တရွာလုံးက အစ်မကြီးရဲ့ အိမ်ထောင်ရေးအတွက် ရင်တမမ စိတ်တပူပူ ရှိနေကြပေမယ့် အခုအခါမှာ အစ်မကြီးကတော့ သူနဲ့ လက်ထပ်ထိမ်းမြားပေါင်းသင်းပြီးမှ လမ်းမတော်ဖိုးတုတ် လိမ္မာယဉ်ကျေးလာပြီဆိုပြီး ရွာတကာလှည့် မိတ်ဆက်ပြောကြားနေသလို အရင်က လမ်းမတော်ဖိုးတုတ် ဒုက္ခပေးနှိပ်စက်သမျှကို ခုခံဖို့ စုဆောင်းထားခဲ့တဲ့ လက်နက်မှန်သမျှကိုလည်း ကျင်းတူးမြေမြှုပ်ပစ်နေတယ်ပေါ့ခင်ဗျာ။ ခုခံစရာ လက်နက်မကျန်တော့လို့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေကြတဲ့ တရွာလုံးကတော့ … ပေါက်တဲ့နဖူး မထူးတော့တဲ့ အစ်မကြီးရဲ့ အိမ်ထောင်ရေး သာယာပါစေလို့ပဲ ဆုတောင်းပေးရမလား၊ ခွေးမြီးကောက် ကျည်တောက်စွပ်ဖြစ်မှာ သေချာနေတဲ့ လမ်းမတော်ဖိုးတုတ် ဗွေပြန်ဖောက်လာရင် ဘယ်လိုခုခံရကောင်းမလဲ၊ လမ်းမတော်ဖိုးတုတ်ကို ပြန်လည်ခုခံတိုက်ခိုက်ရင် အစ်မကြီးရဲ့ အခြေအနေရော ဘယ်လိုတွေ ဖြစ်ကုန်မလဲ … ငြင်းရင်းခုန်ရင်း မိုးလင်းရင်း ဆိုသလို အခြေအနေမျိုး ဖြစ်နေတယ်ပေါ့ခင်ဗျာ။
 
 
WP
 
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG