Home » » ကျွန်တော့်သူငယ်ချင်း ကိုခင်ဝမ်း ၊ ရေးသူ – ကိုရဲလွင် (မဇ္ဈိမလှိုင်း)

ကျွန်တော့်သူငယ်ချင်း ကိုခင်ဝမ်း ၊ ရေးသူ – ကိုရဲလွင် (မဇ္ဈိမလှိုင်း)


ကျွန်တော့်သူငယ်ချင်း ကိုခင်ဝမ်း ၊ ရေးသူ – ကိုရဲလွင် (မဇ္ဈိမလှိုင်း)
(ဤ ဆောင်းပါးကို မြန်မာသစ် မဂ္ဂဇင်း ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၀ တွင် မူရင်း ပုံနှိပ် ဖော်ပြခဲ့သည်။)
မိုးမခရုပ်ပုံလွှာ၊ ဖေဖော်ဝါရီ ၃၊ ၂၀၁၃ (ငြိမ်းချမ်းအေး စီစဉ်သည်)
ကိုခင်ဝမ်းနဲ့ စပြီး ခင်တာကတော့ ကျွန်တော် ကိုးတန်း ကျောင်းသား ဘ၀မှာပါ။ ကိုခင်ဝမ်းက ပြည် ကနေ ရန်ကုန်ကို ကျောင်းလာတတ်တယ်။ အလုံ မှာရှိတဲ့ “United Christian High School (U.C.H.S)” ကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းသား (ဟောစတယ်) လာနေပါတယ်။ အဲ့ဒီ ကျောင်းကတော့ အခု အလုံအမှတ် (၄) ကျောင်းပါ။ ကျွန်တော်ကလည်း အဲဒီ ကျောင်းကို ကိုးတန်းနှစ်မှာ စရောက်တယ်။
ကိုခင်ဝမ်းနဲ့ အတန်းသားချင်း ခင်တဲ့ သဘောပါ။ ဒီလောက်ကြီး မတွဲမိကြသေးဘူး။ ကျောင်းစာကတော့ အဓိကပေါ့။ ကျွန်တော်က အဲဒီ တုန်းက အင်းစိန် မှာနေတယ်။ အင်းစိန် ကနေ ကျောင်းတတ်ရတော့ ကျောင်းချိန်မှာ ကိုခင်ဝမ်းနဲ့ သိသွားတယ်။ ကျွန်တော်က အဲဒီအချိန်မှာ ဂစ်တာ စတီးနေပြီ။ အခု မင်းသားဖြစ်နေတဲ့ ကျော်ဟိန်း(ကျော်ဌေး) နဲ့ စတွဲမိတယ်။ ကျောင်းမှာ တပတ်တခါ လုပ်တဲ့ Assembly ရှိတယ်။ ကိုယ့် အတန်း အလှည့်ကျတဲ့ အချိန်မှာ ကျော်ဟိန်း က သီချင်းဆိုတယ်။ ကျွန်တော် က ဂစ်တာ တီးပေးတယ်။
ကျွန်တော် က အဲဒီ ကျောင်းမှာ (၆) လ ပဲ နေခဲ့တယ်။ ပထမပိုင်း (၆)လ ပေါ့။ အဲဒီအချိန်မှာ ကိုခင်ဝမ်းနဲ့ သူငယ်ချင်း ဖြစ်တယ် ဆိုတာလောက်ပဲ ရှိတယ်။ နောက်တော့ သူနဲ့ ကျွန်တော် မတွေ့ဖြစ်တော့ပါဘူး။
ကိုခင်ဝမ်းက ပြည် ကပါ။ တက္ကသိုလ် တတ်တော့ ရန်ကုန်တက္ကသိုလ် မိန်းထဲကို ရောက်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဂစ်တာလှည့်တီးနေပြီး ကျောင်းထဲက သူငယ်တွေနဲ့လည်း တွဲမိနေပြီ။ ရန်ကုန်တက္ကသိုလ် မိန်းထဲမှာ ခင်ဝမ်းနဲ့ ပြန်တွေ့တယ်။ အဲဒါနဲ့ ကျွန်တော်က ကိုယ့် သူငယ်ချင်း ခင်ဝမ်း ဆိုပြီး နှုတ်ဆက်လိုက်တယ်။
နောက်တော့ ကျွန်တော် အပြင်မှာ ဂစ်တာတီးပြီး သီချင်းတွေ သွင်းနေတဲ့အချိန်မှာ ကိုခင်ဝမ်း အခွေ တခွေ ထုတ်တယ်။ “ဟာ … ခင်ဝမ်း..” တဲ့။ ကျွန်တော် သူငယ်ချင်းပဲ ဖြစ်မှာပဲလို့ ကျွန်တော်ထင်မိတယ်။ အဲဒီအချိန်တုန်းက ကိုခင်ဝမ်းဟာ ပန်းချီဆွဲတယ်။ ပန်းချီဆရာ တယောက်အနေနဲ့ နာမည်ပိုထွက်တယ်။ ပန်းချီဆရာ ခင်ဝမ်းပေါ့။
နောက် ကျွန်တော်တို့ ပြန်တွေ့ကြတယ်။ သူကလည်း မှတ်မိတယ်။ ကျွန်တော်ကလည်း မှတ်မိတယ်။ တရင်းတနှီးပါပဲ။ ဖက်လှဲတကင်း တရင်းတနှီးတော့ မဟုတ်ဘူး။ ခပ်တည်တည် တရင်းတနှီးပါပဲ။ ခွေထွက်ပြီးမှ ထပ်တွေ့ကြတယ်။ အဲဒီနောက် ကိုခင်ဝမ်းရဲ့ “ပြည်မှာဆောင်း” ထွက်လာတယ်။ သူက ‘ပြည်’သားပဲ။ အဲဒီအချိန်မှာ ကိုခင်ဝမ်းဟာ ဂီတလည်း လုပ်နိုင်သားပဲလို့ ကျွန်တော်တွေးမိတယ်။
ကျွန်တော် ဂစ်တာတီးတာကို ကိုခင်ဝမ်း သိတယ်။ ကျွန်တော်က အဲဒီအချိန်မှာ “E-Machine” တီးဝိုင်းမှာ တီးတယ်။ ကျွန်တော်က အဲဒီအချိန်မှာ ကိုနေ၀င်း၊ ကိုမောင်မောင်၊ ခင်မောင်တိုးတို့နဲ့လည်း တွဲမိနေပြီ။ ကျွန်တော်တို့ တီးဝိုင်းရဲ့ နာမည်က “လစ္စ၀ီ” ပါ။ အဲဒီအချိန်မှာပဲ ကိုခင်ဝမ်းကို ကျွန်တော်တို့ အဖွဲ့တွေနဲ့ ဒါ ကျွန်တော့် သူငယ်ချင်း “ခင်ဝမ်း” ဆိုပြီး မိတ်ဆက်ပေးတယ်။ အဆောင်ရှေ့မှာ တွေ့ကြတာပါ။ ကိုခင်ဝမ်းက သူ့အုပ်စုနဲ့သူ၊ သူ့စတိုင်နဲ့သူပေါ့။ ကျွန်တော်တို့ အုပ်စုနဲ့ မတွဲဖြစ်သေးပါဘူး။
ကိုခင်ဝမ်းဟာ “ပန်းခရမ်းပြာ” အခွေက စပြီး “မဇ္ဈိမလှိုင်း” အဖွဲ့နဲ့ လက်တွဲ ဖြစ်သွားပါတယ်။ သူအရင်က အခွေသွင်းကြတဲ့ သူငယ်ချင်းတွေ နယ်မှာ တယောက်တကွဲနဲ့ ပါမလာကြတော့ပါဘူး။ တနေ့မှာတော့ “ရဲကြီး.. မင်းသီချင်းတွေ ငါဆိုချင်တယ်..” လို့ သူကပြောတယ်။
ကျွန်တော်က အဲဒီအချိန်မှာ “ခရမ်းပြာ” အဆောင်မှာ နေတယ်။ သူက “ခရမ်းပြာ” ကို လာခဲ့မယ်လို့ ပြောတယ်။ လာခဲ့ပေါ့။ မင်းသီချင်းတွေ ငါဆိုချင်တယ်။ ဆိုပေါ့။ မင်းက ငါ့သူငယ်ချင်းပဲ။ ကျွန်တော်နဲ့သူနဲ့ ငွေကြေးကိစ္စတွေ ဘာတွေ မပြောဘူး။ အဲဒီအချိန်မှာသူ့ကို ညိုညိုတေးသံသွင်းက ထုတ်ပေးနေပြီ..။
ကိုခင်ဝမ်းလည်း တခြား သွားမနေတော့ဘူး။ ကျွန်တော်တို့ “ပန်းခရမ်းပြာ” အဆောင်ကိုပဲ လာနေတော့တယ်။ သီချင်းတွေ Practice လုပ်ကြတယ်။ ကျွန်တော်ကသူ့ကို သီချင်းတွေ ဆိုပြတယ်။ တတွဲတွဲ ဖြစ်သွားတယ်။ အဲဒီတုန်းက “ခရမ်းပြာ” မှာ ကိုနေ၀င်းရှိတယ်။ ကိုမောင်မောင် ရှိတယ်။ ခင်မောင်တိုးလည်း ရှိတယ်။
(ကိုရဲလွင်၊ ကိုခင်ဝမ်း တို့၏ နာမည်ကျော်.. ပန်းခရမ်းပြာ ၊ ၁၉၈၆)
အဲဒီတုန်းက “ခရမ်းပြာ” မှာ ကျွန်တော်က အဓိက ငှားနေတဲ့သူပေါ့။ ကျွန်တော့ဆီကို လာစုကြ၊ ဆုံကြတဲ့ သဘောပါပဲ။ အဆောင်က အခန်းကြီး တခန်းငှားပေးထားတယ်။ ကိုနေ၀င်းတို့ ကိုမောင်မောင်တို့က အဲ့ဒီအချိန်မှာ နာမည်ရနေကြပြီ..။ “ခရမ်းပြာ” ဆိုတာ တကယ်တော့ အဆောင်ရဲ့ နာမည် မဟုတ်ဘူး။ အဆောင် နာမည်က တခု။ နယ်ကနေ ကျောင်းလာတတ်တဲ့ လူငယ်တယောက်က လက်ဖက်ရည်ဆိုင်လေး လာဖွင့်တယ်။ အဲဒီမှာ “ခရမ်းပြာ” ဆိုပြီး နာမည်ပေးလိုက်တယ်။ လူငယ်တွေ ပါးစပ်ဖျားမှာလည်း “ခရမ်းပြာ” ကိုသွားမယ်ဆိုပြီး နာမည်တွင်သွားတယ်။ အဲဒီကစပြီး အဆောင်က “ခရမ်းပြာ” ဆိုတဲ့ နာမည်ဖြစ်လာတယ်။ လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ သူက လက်ဖက်ရည်ဆိုင်ကို ခဏလေးပဲ ဖွင့်လိုက်ရတယ်။ ၀ိုင်းလုပ်၊ ၀ိုင်းစားရင်းနဲ့ ဆိုင်က ပြုတ်သွားတယ်။ ဒါပေမယ့် “ခရမ်းပြာ” ဆိုတဲ့ နာမည်ကတော့ ကျန်ရစ်တယ်။
ကိုခင်ဝမ်း ၏ “ပန်းခရမ်းပြာ” တေးစုထဲမှ နာမည်ကြီး “နဒီမင်္ဂလာ” ၊ ၁၉၈၆)
အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ သီချင်းတွေ ရေးနေကြပြီ။ ကိုယ်ဘာသာကိုယ် ရေးတာလည်းရှိတယ်။ တွဲပြီးရေးတာလည်း ရှိတယ်။ “ပန်းခရမ်းပြာ” သီချင်းကတော့ “ခရမ်းပြာ” အဆောင်နဲ့ ပက်သက်တဲ့ ခံစားမှုလေးပါ။ နာမည်ကလည်း “ပန်းခရမ်းပြာ”..။ သူ့ရဲ့သဘာဝ အတိုင်းလေးပါပဲ။ အဆောင်မှာ နေ၀င်တဲ့ အချိန်လေးကို ကြည့်ရင်းနဲ့ ရေးဖြစ်သွားတာပါ။ “ပန်းခရမ်းပြာ” သီချင်းမှာ ‘ဗေဒါ’ ဆိုတာပါတယ်။ ကျွန်တော်က ဆရာဇော်ဂျီရဲ့ ‘ဗေဒါ’ ကိုလည်း ခံစားခဲ့တော့ “ခရမ်းပြာ” ဆိုတဲ့ ‘ဗေဒါ’ ကိုပဲ ခံစားရေးဖွဲ့လိုက်တာပါ။ ဒီမြင်ကွင်းလေးကတော့ ကိုယ့်စိတ်ကူးနဲ့ ဖန်တီးလိုက်တာလည်း ပါတာပေါ့လေ။
(ကိုခင်ဝမ်း ၏ “ပန်းခရမ်းပြာ” တေးစုထဲမှ နာမည်ကြီး “ရှယ်လီရဲ့အချစ်ဒဿန” ၊ ၁၉၈၆)
ကိုအောင်ဝင်းတို့ အဖွဲ့တွေလည်း အဆောင်ကို လာနေကြတယ်။ ကျွန်တော်တို့နဲ့ ရင်းနှီးသွားတယ်။ ကိုအောင်ဝင်းက ကျောက်ပန်းတောင်းသားပါ။ သူတို့တွေထဲက လူငယ်လေး တယောက်ကို ဂစ်တာသင်ပေးဖို့ ပြောတယ်။ “ခရမ်းပြာ” အဆောင်မှာ ကျောက်ပန်းတောင်းသားတွေ များတယ်။ ကျွန်တော့် အခန်းကတော့ စုရပ်လို ဖြစ်နေတယ်။ ကျွန်တော့် အခန်းက သီချင်းသံကြားရင် သူတို့ တတ်လာကြတယ်။ အိပ်ချိန်ရောက်မှ ကိုယ့်အခန်းကို ပြန်အိပ်ကြတယ်။
ကိုခင်ဝမ်းရဲ့ အသံကတော့ ကျွန်တော်တို့ ကြိုက်တဲ့ အသံပါ။ သူ့အသံက Sweet ဖြစ်တယ်။ ကိုခင်ဝမ်းက စိုင်းထီးဆိုင် နာမည်ကြီးတဲ့ အချိန်မှာ ပေါ်လာတာပါ။ စိုင်းထီးဆိုင်ရဲ့ Flow မျိုးနဲ့ သွားဆိုရင် သူအောင်မြင်မှာ မဟုတ်ဘူး။ စိုင်းထီးဆိုင် အောင်မြင်နေတဲ့အချိန်မှာ သူ ဖြစ်လာတာဟာ ဘာပဲဖြစ်ဖြစ် သူ့မှာ ကိုယ်ပိုင်ဟန် ရှိလို့ပါ။
သူ့သီချင်းတွေကို ကျွန်တော်တို့က ကဗျာလို့ပဲ မြင်တယ်။ အင်မတန်လှတဲ့ ကဗျာလေးတွေပါ။ “ပြည်မှာဆောင်း” တို့..၊ “ဧရာဝတီ” တို့ကို ကြိုက်တယ်။ ကျွန်တော်တို့ Type နဲ့လည်း ကိုက်တယ်။ ကျွန်တော်တို့ သီချင်းတွေကလည်း သဘာဝကို ဖွဲ့တာများတယ်။ ဒါကြောင့်လည်း ကိုခင်ဝမ်းနဲ့ ပိုပြီး တွဲဖြစ်သွားတာပါ။
ကိုခင်ဝမ်း သီချင်းတွေကို ကျွန်တော်တို့ ဆိုရင် မကောင်းဘူး။ ဆိုလို့လည်း မရဘူး။ သူ့ Flow နဲ့ သူသွားတယ်။ ဒါပေမယ့် နားထောင်လို့တော့ ကောင်းတယ်။ တခါတလေကျတော့ ရိုးရိုးရှင်းရှင်းကြီး လုပ်သွားတာတွေလည်း ရှိတယ်။
ကိုခင်ဝမ်းဟာ ပန်းချီဆရာ တယောက်ပါ။ သူ့ပြပွဲတွေကို ရှေ့ပိုင်းတုန်းက ခဏသွားကြည့်ဖူးတယ်။ မိန်းထဲမှာ သူလုပ်တယ်။ ခင်ဝမ်းဆိုတာ ငယ်သူငယ်ချင်းဆိုပြီး အဲ့ဒီသဘောလေးနဲ့ သွားကြည့်ဖြစ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့က ကျောင်းနား မှာပဲနေတယ်။ ကျောင်းဝန်းကျင်မှာပဲ ကျင်လည်ကြတယ်။ ကျောင်းသားတွေတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် ကျောင်းသားလိုပဲ နေ နေကြတယ်။
၁၉၉၇ တုန်းက ၄၅ လမ်း Ivy ဂယ်လာရီမှာ လုပ်တဲ့ METALLURGY ပန်းချီပြပွဲကို ရောက်ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က တွဲနေကြပြီ။ ၁၉၉၃ လောက်တုန်းက ကိုခင်ဝမ်း Y.M.C.A မှာလာနေသေးတယ်။ အခု ကျွန်တော်နေတဲ့ အခန်းရဲ့ ဟိုဘက်အခန်းပေါ့။ ခင်မောင်တိုးလည်း အဲဒီတုန်းက Y.M.C.A မှာပဲ နေတယ်။
ကျွန်တော်က ကိုခင်ဝမ်းအိမ် လိုက်နေဖူးတယ်။ ပြည်မှာလည်းသွားနေဖူးတယ်။ သူက ကျွန်တော်နေတဲ့ ခရမ်းပြာဆောင် လိုက်နေတယ်။ ကျွန်တော့်မှာ တက်တတ်တဲ့ ရောဂါရှိတော့ ကိုခင်ဝမ်းက ကျွန်တော့်ကို ၂၄ ပစ္စည်းပဌာန်းရအောင် ကျက်ကွာတဲ့။ ကျွန်တော်လည်း ကျက်မယ်ပေါ့။
ကျွန်တော် ပြည် လိုက်သွားတော့ သူက သူ့အိမ်မှာ မနေဘူး။ ဘုန်းကြီးကျောင်းမှာ နေတယ်။ အဲဒါနဲ့ ကျွန်တော် ဘုန်းကြီးကျောင်းကို လိုက်သွားတယ်။ လမ်းဘေးရေဘုံဘိုင်တခု ကျွန်တော်ရေခံပြီး သောက်နေတုန်း သူ ကျွန်တော့်ကို တွေ့သွားတယ်။
“ဟာ..မင်း.. ဘာလုပ်နေတာတုန်း..”။
“အေး … ငါ.. မင်း.. ဆီလာတာ”။
“အေး..လိုက်ခဲ့..” ဆိုပြီး ကျွန်တော့်ကို ဘုန်းကြီးကျောင်း ခေါ်သွားတယ်။
ဘုန်းကြီးကျောင်းမှာ တလလောက်ကြာတယ်။ ကျွန်တော်တို့ နှစ်ယောက် စားစရာ ရှိတာစား၊ စကားတွေပြောကြတယ်။ တလလောက်ကြာတော့ “ငါ..ပြန်မယ်ကွာ.. ” ဆိုပြီးပြောတယ်။ ကျွန်တော်က ပုံဆွဲ ၀ါသနာပါတော့ ပုံလေးတွေ ဆွဲဖြစ်တယ်။ “မင်း.. ကမှ အလုပ်ဖြစ်သေးတယ်..။ ငါ.. ပန်းချီဆရာလုပ်နေပြီး ဘာမှ မလုပ်ဖြစ်ဘူး.. ” လို့ ပြောတယ်။ ဒါနဲ့ ကျောက်ပန်းတောင်းကို ကျွန်တော်တို့ သွားကြတယ်။ ကိုအောင်ဝင်းတို့ကလည်း ကျောက်ပန်းတောင်းမှာ ရှိနေတယ်။ သွားတာကတော့ အပျော်ခရီးပါပဲ။ ဟိုမှာကလည်း ထန်းပင်တွေက ပေါတယ်။ ကျောင်းပန်းတောင်းမှာ (၁၀) ရက်လောက် ကြာမယ်ထင်တယ်။
ပြည် မှာလည်း ကျွန်တော်တို့ စတိတ်ရှိုး သွားလုပ်ကြတယ်။ မဇ္ဈိမလှိုင်း အနေနဲ့ပေါ့။ ကိုခင်ဝမ်းလည်း ဆိုတယ်။ ကိုခင်ဝမ်းဟာ မဇ္ဈိမလှိုင်း အဖွဲ့အနေနဲ့ နောက်ဆုံး အချိန်ထိ လက်တွဲခဲ့ကြတယ်။ ကိုခင်ဝမ်းဟာ နောက်ပိုင်း ၄၅ လမ်း ကို ပြောင်းတယ်။ သူ့မိသားစုနဲ့ပေါ့။ ညနေ..ညနေ..ဆို မြို့ထဲ လမ်းလျှောက် ထွက်ရင်းတွေ့ကြတယ်။ သူလည်း ပျင်းရင် Y.M.C.A ရောက်လာတတ်တယ်။ ကျွန်တော်လည်း သူ့အခန်းကိုသွားတယ်။ နောက်ပိုင်း သူ့အခန်းထဲမှာ ပန်းချီဆွဲနေတာတွေ့ရတယ်။ စပရေးဘူးတွေနဲ့ ဆွဲတယ်။ ကျန်းမာရေးလည်း နည်းနည်း ချွတ်ယွင်းလာတယ်။ တနေ့ တကြိမ်လောက်တော့ တွေ့ကြတယ်။ ဒီကြားထဲ နှစ်ရက်လောက် မသွားဖြစ်တော့ သူနေမကောင်းဘူးဆိုတဲ့ သတင်းကြားရတယ်။ အဲဒါနဲ့ သွားမေးတယ်။ ပြန်လာတယ်။ နောက်နေ့မှာ သူဆုံးသွားတယ်လို့ သတင်းရတယ်။
ကိုယ့်သူငယ်ချင်း တယောက် ဆုံးသွားတာကိုလည်း ခံစားရတယ်။ ကိုအောင်ဝင်းရဲ့ သူငယ်ချင်း ကိုတင်ဝင်း ကလည်း ကိုခင်ဝမ်းအကြောင်းနဲ့ ခရမ်းပြာအကြောင်းတွေ ရေးထားတယ်။ အခုဆို ကိုခင်ဝမ်းဆုံးတာ (၁၀) နှစ် ရှိသွားပြီ။ ကျွန်တော်တို့ အားလုံး ကိုခင်ဝမ်းကို အမှတ်တရ ရှိနေကြပါတယ်။
ကိုရဲလွင် (မဇ္ဈိမလှိုင်း)
မြန်မာသစ် မဂ္ဂဇင်း ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၀
(၁၃) နှစ် ပြည့် (၀၃-၀၂-၂၀၁၃) အမှတ်တရ ခင်ဝမ်း ၏ ပန်းချီ၊ စာပေ၊ ဂီတ ပရိသတ် မိုးမခ စာဖတ်သူများ အတွက် ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါသည်။ ဤ ဆောင်းပါး အတွက် ဆောင်းပါးရှင် လူမှုရေးတက်ကြွလှုပ်ရှားသူ/တေးပြုစာဆို/တေးဂီတပညာရှင် နှင့် တေးသံရှင် ကိုရဲလွင် (မဇ္စျိမလှိုင်း)၊ မူရင်း ပုံနှိပ် ဖော်ပြခဲ့တဲ့ မြန်မာသစ် မဂ္ဂဇင်း နှင့် ဆောင်းပါး ကို ပြန်လည် စာရိုက် မျှဝေသူ မလင်း တို့ကို အထူး ကျေးဇူးတင်ပါသည်။
သရုပ်ဖော်ပုံ – ခင်ဝမ်းရဲ့ ပန်းချီကား ၈ ချပ်ထဲက တချို့
 
 
 
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG