Home » » လယ်သမားများ ထမင်းတစ်နပ် လျှော့စားရန်မလို ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်ပစ်ရန်သာ လိုသည်

လယ်သမားများ ထမင်းတစ်နပ် လျှော့စားရန်မလို ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်ပစ်ရန်သာ လိုသည်




ဦးဖိုးသာအောင်

 
၂၀၁၃ ခုနှစ်၏ နှစ်ဦး ဇန္နဝါရီလကုန်ပိုင်းမှာ လက်ရှိစစ်တစ်ပိုင်း အစိုးရ လယ်/ဆည် ဝန်ကြီးက ကြွေးတင်နေတဲ့ လယ်သမားတွေကို ကြွေးကျေအောင် ထမင်းတစ်နပ်လျှော့စားပြီး ကြွေးဆပ်ပါ၊ ကြွေးမကျေရင် နောင်ဘဝမှာတောင် ကျွန်ခံကြရအုံးမယ်တဲ့။
 
ဘီဘီစီ၊ ဗွီအိုအေနဲ့ အာအက်(ဖ်)အေ ရေဒီယိုတွေက ဝန်ကြီးရဲ့ အသံနဲ့ပါ လွှင့်ထုတ်ပေးခဲ့ကြလို့ နားနဲ့ဆတ် ဆတ်ကြားလိုက်ရပါတယ်၊
ကြားကြားချင်း ဘုရားဘုရားလို့ တမိလိုက်ပါတယ်၊ အတော်တုန်လှုပ်ချောက်ချား သွားပါတယ်၊ ကံနှင့်ကံ၏ အကျိုးကို တော်တော်ယုံကြည်တဲ့ ဝန်ကြီးပါလားလို့ တွေးမိပြီး လေးစားစိတ်တွေ ဝင်လာပြီး တပြိုင်နက်တည်းမှာ ကြောက်လန့်တုန်လှုပ်မိပြန်ပါတယ်၊
တွေးမိလိုက်တာက လယ်သမားတွေက ကြွေးမဆပ်နိုင်တဲ့ အခြေဆိုက်လို့ မဆပ်ကြတာပါ၊
ဒီအတွက် နောင်ဘဝမှာ ကျွန်ဖြစ်ကြရမယ်ဆိုရင် တိုင်းပြည်ရဲ့ သယံဇာတနဲ့ အများပိုင်ပစ္စည်းပစ္စယတွေကို မတရားဥပဒေတွေ ပြဌါန်းပြီး အတင်းအဓမ္မသိမ်းယူကြ၊ တစ်တိုင်းတစ်ပြည်လုံး ဆင်းရဲမွဲတေအောင် လုပ်ကြ၊ အမှန်အကန် ပြောဆိုသူတွေကို နှိပ်စက်ညှင်းပန်းထောင်ချကြ၊ သတ်ပစ်ကြ၊ ဘဝတွေအများအပြား ပျက်စီးကြရ၊ စစ်မက်တွေ ဖန်တည်းပြီး အမြတ်ထုတ်ကြ၊ လူအများက သေကြရ၊ လူတစ်စုက ကောင်းစားပြီး လူထုက ကပ်သုံးပါးနဲ့ ရင်ဆိုင်နေကြရအောင် ပြုလုပ်ဖန်တည်းခဲ့ကြတဲ့ လူတွေနဲ့ ပြုလုပ်ဖန်တည်းဆဲ လူတွေရဲ့ နောင်ဘဝ ကံကြမ္မာသည် မည်သို့ မည်ပုံ ဖြစ်မည်လဲဆိုတာ တွေးရင်းတွေးရင်း မတွေးဝံ့စရာ ဖြစ်လာပါသည်၊ ကြွေးမဆပ်နိုင်လို့ ကျွန်ဖြစ်ရသူတွေရဲ့ မစင်ထဲက လောက်တွေများ ဖြစ်ကြရအုံးမှာပါလား။

လယ်သမားများ ထမင်းတစ်နပ် လျှော့စားရန် ပြောဆိုသူ "စစ်ဘောင်းဘီချွတ် လယ်/ဆည် ၀န်ကြီး" မြင့်လှိုင်

မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုး စီးပွားရေးအပေါ် အဓိကအားထားမှီခိုနေရပြီး လူဦးရေ၏ ခွန်နှစ်ဆယ် ရာနှုန်းကျော်ရှိသည့် လယ်သမားများ၏ လယ်သမားနိုင်ငံတစ်ခုပင်ဖြစ်သည်၊ လွတ်လပ်ရေးမရမီ ၁၉၄၂-၄၆ ခုနှစ်မှာ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ဧကပေါင်းမှာ ၆.၄ သန်းလောက်ရှိပြီး လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ စပါးစိုက်ဧကပေါင်း ၁၁ သန်းလောက်အထိကိုး ချဲ့စိုက်ပျိုးနိုင်ခဲ့ပါသည်၊ စိုက်ဧက ၄သန်းခွဲလောက်ကို အင်္ဂလိပ်အစိုးရက ချဲ့ထွင်နိုင်သည်ကိုလည်း တွေ့ရပါသည်၊ မြန်မာအစိုးရများလက်ထက် ၁၉၇၄ ခုနှစ်အထိ စပါးစိုက်ဧက ၁၂ သန်းခွဲလောက်ရှိခဲ့ပါသည်၊ ပြည်ပသို့စပါးတင်း ၇၂ သန်းခန့် တင်ပို့ရောင်းချရကြောင်း ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ် (၁) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။
သို့သော် နောက်ပိုင်း မဆလ၊ နဝတ၊ နအဖ အစိုးရများ၏ ပြည်ပရောင်းကုန်ပစ္စည်းများ၏ အရေအတွက် စာရင်းဇယားများသည် ယုံကြည်စရာအကြောင်းမရှိတော့ပါ၊ ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိ ကုန်သွယ်ရေးရုံးကြီးအတွင်း ၂၀၀၃ခု နှစ်လောက်က မီးလောင်မှုကြီးနှင့်အတူ စာရင်းဇယားများသည်ပြာဖြစ်သွားကြပါတော့သည်။

လွတ်လပ်ရေးရပြီး ၁၉၅၃ ခုနှစ်မှာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအမှတ် ၅၃နှင့်အတူ မြေရှင်ကြီးစနစ်ကို ဖျက်သိမ်းပြီး လယ်လုပ်သူသာ လယ်ပိုင်ခွင့်ရှိခဲ့သည့် ၁၉၆၃ ခုနှစ်အထိ မြန်မာနိုင်ငံတောင်သူလယ်သမားများ၏ ရွှေခေတ်ဟုပင် ခေါ်ဆိုနိုင်ခဲ့ပါသည်၊ ဖ.ဆ.ပ.လ နှင့် ပ.ထ.စ ခေတ်များတွင် နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေး အဖွဲ့က ဦးဆောင်ပြီး မြန်မာ့ဆန်ကို ပြည်ပသို့ တင်ပို့ရောင်းချပါသည်၊ အဲဒီခေတ်က အစိုးရကို မကျေနပ်သည့် တောခိုအဖွဲ့များက မည်သို့ပင် ဝေဖန်သော်လည်း တောင်သူလယ်သမားများ အဖို့မှာ လယ်လုပ်ပျော်ကြပါသည်၊ သင့်တင့်သည့်ဝင်ငွေ ရှိကြပါသည်၊ စပါးတင်းတစ်ရာလျှင် ရွှေတစ်ကျပ်သား၏ တန်ဖိုးနီးပါး ရရှိကြပါသည်၊ လယ်ရှင်ရော သူရင်းငှားပါ လယ်လုပ်ငန်းဖြင့် ကျေနပ်စွာ လုပ်ကိုင်နိုင်ကြပါသည်။

၁၉၆၂ ခုနှစ် စစ်အာဏာရှင်ဗိုလ်နေဝင်းအစိုးရ တက်လာပါသည်၊ ၁၉၆၃ ခုနှစ်မှာ ရေးဆွဲပြဌါန်းတဲ့ လယ်ယာမြေ သီးစားချရေး ဥပဒေဆိုတာပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းမှာတော့ မြန်မာ့လယ်ယာမြေအားလုံးသည် နိုင်ငံတော်ပိုင်ဟုသာ အမည်တပ်ခံရပြီး အမှန်တကယ်မှာတော့ အစိုးရလုပ်စားသူ စစ်အာဏာရှင်အစိုးရပိုင် လယ်ယာမြေပင် ဖြစ်သွားပါတော့တယ်၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ပေးရသည့် လယ်ရှင်နှင့် လယ်လုပ်သား အားလုံးသည် စစ်အာဏာရှင် အစိုးရ၏ လယ်သီးစားချထားခြင်းခံရသည့် လယ်ကူလီလုပ်သားများ ဘဝသို့ လုံးဝပင် ကျရောက်သွားကြပါသည်၊ စစ်အစိုးရက ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေး(၁) စပါး အဝယ်ဒိုင်များမှာသာ စပါးရောင်းချခွင့်ရှိပြီး အခြားမည်သည့်နေရာကိုမျှ စပါးမရောင်းချရတော့ပါ၊ ဈေးနှုန်းသည်လည်း အစိုးရက သတ်မှတ်ဈေးပင်ဖြစ်ပါသည်၊ စပါးတင်းတစ်ရာ၏ ဈေးနှုန်းမှာ ရွှေငါးမူးသားပင် မရချင်တော့ပါ။


ထိုကြောင့် လယ်သမားများအဖို့ ထွန်ယက်ခ၊ စိုက်ပျိုးခနှင့် ရိတ်သိမ်းစရိတ်များ အပါအဝင် အမျိုးမျိုးသော စရိတ်စခများနှင့် ဝင်ငွေသည် တွက်ခြေမကိုက်တော့ဘဲ လယ်လုပ်ရင်း ထမင်းငတ်၊ ဖောင်စီးရင်း ရေငတ်ဆိုသလို ဖြစ်ကြရပါတော့သည်၊ လယ်သမားတို့၏ တချိန်ကရွှေနိုင်ငံခေတ်မှ ခဲပုတ်နိုင်ငံအဆင့်သို့ လျှော့ကျပြီး ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံစာရင်းသို့ ဝင်ရောက်လာပါတော့သည်။

စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်း တက်ခါစနှစ်များမှာ မြန်မာ့တောင်သူလယ်သမားကြီးများကို ဦးကြီးများဟု မြှောက်ပင့်ခေါ်ဆိုကာ တောင်သူလယ်သမားနေ့တို့၊ တောင်သူလယ်သမားညီလာခံတို့၊ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတို့ကို ခပေါင်း၊ ဒူးယား၊ အုန်းတော စသည်ဖြင့် အမည်အမျိုးမျိုးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသေးသည်၊ စစ်အစိုးရ၏ တာဝန်ကျေစပါး စီမံကိန်း၏ ဒဏ်ကြောင့် လုံးပါးပါးလာသော လယ်သမားများ၏ အခြေအနေကြောင့် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများနှင့် ညီလာခံဆိုသည်များကို ပိတ်ပင်လိုက်ရပါသည်၊ သို့သော် အစိုးရလုပ်စား ရတာ ခံတွင်းတွေ့နေပြီဖြစ်တဲ့ စစ်အာဏာရှင်တွေသည် နောက်ကိုမဆုတ်တော့ဘဲ ဆက်ပြီး မိုက်တွင်း နက်ကြပါတော့သည်။

၁၉၆၃ ခုနှစ် လယ်ယာမြေသီးစားချထားရေး ဥပဒေအပြင် ၁၉၈၇ ခု စက်တင်ဘာ ၁၈ ရက်နေ့ လယ်ယာနှင့် သစ်တောဝန်ကြီးအမိန့်ကြေငြာစာ အမှတ် ၄/၇၈ ကို ထုတ်ပြန်ကာ မြန်မာနိုင်ငံ တောင်သူလယ်သမားများအားလုံးကို လယ်လုပ်သား လယ်ကူလီအဆင့်မှ မြေကျွန်များအဆင့်သို့ ကျရောက်အောင် ပြုလုပ်လိုက်ပါတော့သည်၊ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားအားလုံးသည် အစိုးရမှသတ်မှတ်ပေးထားသည့် သီးနှံကိုသာ စိုက်ပျိုးပေးရမည်၊ နွေစပါး မိုးစပါး သတ်မှတ်ချိန်အတိုင်း စိုက်ကြရမည်၊ ထွက်ရှိသည့်စပါးကို အစိုးရမှ သတ်မှတ်သည့်အရေအတွက်အတိုင်း အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် အစိုးရအ၀ယ်ဒိုင်များတွင်သာရောင်းချပေးရမည်၊ အစိုးရမှတပါး အခြားမည်သူ့ကိုမျှ စပါးရောင်းခြင်းကို ခွင့်မပြုပါ၊ ဒါ့အပြင် စပါးကြိတ်ခွဲပြီး ဆန်အဖြစ်သိုလှောင်ခြင်းကိုလည်း ခွင့်မပြုပါ၊ လယ်သမားများသည် ရာသီဥတုဖေါက် ပြန်ခြင်းနှင့်အတူ ရေကြီး မိုးခေါင် ပိုးကျဖြစ်၍ စပါးမထွက်သည်ကိုပင် ချမ်းသာမပေးတော့ပါ၊ ရှိသမျှအိမ်ခြံနွားကို ပေါင်နှံရောင်းချပြီး စပါးဝယ်ယူကာ အစိုးရကို အရှုံးခံရောင်းချပေးရသည့်ဘ၀သို့ပင် ရောက်ခဲ့ကြရပါသည်၊ မ.ဆ.လ ခေတ်မှာ ၀မ်းစားပုတ်ပျောက်ကြသည်မှာ အဆန်းတရားမဟုတ်တော့ပါ၊ အစိုးရကသတ်မှတ်ထားသည့် စပါးတင်းအရေ အတွက်အတိုင်း ပြည့်မှီအောင် ရောင်းမပေးနိုင်သဖြင့် ထောင်ကျသူ၊ နှိပ်စက်ညှင်းပန်းခံကြရသူနှင့်ဘ၀ပျက်ကြရသည့် လယ်သမားပေါင်းမှာ နည်းမည်မဟုတ်ပါ၊

မြန်မာ့လူဦးရေ၏ ခွန်နှစ်ဆယ်ရာနှုန်းကျော် တောင်သူလယ်သမားများ ဆင်းရဲမွဲတေကုန်ကြပါပြီ၊ လယ်သမား များ ဆင်းရဲမွဲတေခြင်းသည် မြန်မာနိုင်ငံဆင်းရဲမွဲတေခြင်းပင်ဖြစ်သည်၊ လယ်သမားများ ဆင်းရဲမွဲတေသလောက် သူတို့စိုက်ပျိုးထုတ်လုပ်သည့် ဆန်စပါးကို ပြည်ပသို့တင်ပို့ရောင်းချခွင့်ရှိသည့် စစ်အာဏာရှင် အစိုးရမင်းတစ်စုကတော့ မတရား ချမ်းသာကုန်ကြပါသည်၊ မြန်မာတောင်သူလယ်သမားကြီးများသည် မိမိတို့စိုက်ပျိုးထုတ်လုပ်သည့် ဆန်စပါး၏ နိုင်ငံခြားသို့ ရောင်းချဈေးနှုန်းကိုသိရှိသူ အင်မတန်မှ နည်းလှပါသည်၊ မ.ဆ.လ ပါတီကောင်စီအစိုးရ၏ ထိပ်တန်းလျှို့ဝှက်ချက်ကြီးတစ်ခုပင် ဖြစ်နေပါသည်၊

မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှု့ကို အမှန်တကယ်သိရှိလိုလျှင် လယ်ယာစိုက်ပျိုးသည့် ကျေးလတ်ဒေသများကို အရောက်သွားပြီးလေ့လာမှ သိနိုင်ပါလိမ့်မည်၊ ၁၉၈၆ခုနှစ်က အစိုးရသတ်မှတ်သည့် တာဝန်ကျေစပါးအရေအတွက် ပြည့်မှီအောင် မရောင်းချနိုင်သည့် လယ်သမားတစ်ဦး၏အိမ်ကို ပါတီကောင်စီတို့မှဝင်ရောက်ရှာဖွေကာ ၀မ်းစာ စပါးပုတ်ကိုလှန်လှောပြီး သိမ်းယူခဲ့သည့်အတွက် စားစရာဆန်မရှိတော့၍ တအိမ်သားလုံး အဆိပ်သောက်သေဆုံးသွား သည့် ဖြစ်ရပ်သည် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်ထဲတွင် ဖြစ်ပေါ်ခဲ့ပါသည်၊ အလားတူဖြစ်ရပ်များလည်း ပြည်နယ်နှင့် တိုင်းအသီးသီးမှာ ဖြစ်ခဲ့ကြပါသည်၊

မ.ဆ.လ တခေတ်လုံး တဖြည်းဖြည်းဆင်းရဲမွဲတေလာသည့် မြန်မာနိုင်ငံတောင်သူလယ်သမားထုကြီးသည် န.အ.ဖ ၊ န.၀.တ အစိုးရများလက်ထက်တွင် ဆိုးသထက်ဆိုးလာကာ ယနေ့စစ်တပိုင်း ဗိုလ်သိန်းစိန်အစိုးရလက်ထက် တွင် လယ်သမားတို့အဖို့ စပါးနည်းနည်းစိုက် နည်းနည်းရှုံး များများစိုက် များများရှုံးပြီး မစိုက်ပြန်လျှင်လည်း လုပ်စရာ အလုပ်မရှိသည့်ဘ၀သို့ပင် ရောက်ရှိနေပါတော့သည်၊

တောင်သူလယ်သမားတို့သည် အများအားဖြင့် စာကိုရေးတတ်ဖတ်တတ်လောက်သာရှိကြပြီး နိုင်ငံတကာ ဗဟုသုတဆိုတာ ဝေလာဝေးလို့ မိမိတို့ဘ၀သည် ဘာကြောင့်ဘယ်လို ဆင်းရဲတွင်းနက်လာပါသနည်းဆိုတာကို မသိရှိကြပါ၊ မသိနိုင်အောင်လည်း စစ်အာဏာရှင်အဆက်ဆက်သော အစိုးရများက သေချာစွာ စီမံပြုလုပ်ထားကြပါ သည်၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းစရိတ်ဟူသည့် အမတော်ကြေး ချေးငွေများကို မည်သို့သောနိုင်ငံတကာ အဖွဲ့အစည်း များမှ မည်သို့ကူညီနေသည်ဆိုတာကိုမျှ သိခွင့်မရကြပါ၊ မ.ဆ.လအစိုးရ၏ ချေးငွေအဖြစ်သာ သိရှိကြပါသည်၊ စိုက်ဘဏ် အကြောင်းကိုနားမလည်ကြပါ၊ ဒါ့အပြင် လယ်သမားများနှင့်ပတ်သက်သည့် ဥပဒေများ၊ မြေယာဥပဒေများ၊ သီးစားချထားခွင့်ဥပဒေများနှင့် စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် ဥပဒေများကိုဘာမျှ မသိကြပါ၊ သူတို့သိသည်မှာ စိုက်ဆိုစိုက် ရောင်းဆိုရောင်း၊ မလိုက်နာ ပျက်ကွက်ပါက အဖမ်းခံရမည်၊ ထောင်ကျမည်ကိုသာ သိကြပါသည်၊ စပါးဈေးနှုန်း တင်းတစ်ရာလျှင် ရွှေတစ်ကျပ်သားရတုံးက ချောင်ချောင်လည်လည်ရှိကြပြီး စပါးတင်းတစ်ရာကို ရွှေငါးမူးသားတောင် မရသည့်ခေတ်များတွင် ဆင်းရဲတွင်းနက်လာသည်ဟူ၍တော့ သဘာဝကျကျ သိကြပါတော့သည်၊

ယနေ့ စစ်တစ်ပိုင်း ဗိုလ်သိန်းစိန်အစိုးရလက်ထက်တွင် အဆိုးဆုံးအခြေအနေဟုဆိုရပါမည်၊ အဘယ်ကြောင့် ဆိုသော် စပါးဈေးက တင်းတစ်ရာကို နှစ်သိန်းခွဲ၊ သုံးသိန်းဈေးဖြစ်ပြီး ရွှေက တစ်ကျပ်သားကို ခွန်နှစ်သိန်းနီးပါး ဖြစ်နေပါပြီ၊ ဘယ်မှာ နွားလံထူပါတော့မည်နည်း၊

မြန်မာတောင်သူလယ်သမားတို့သည် ဈေးနားနီးနီး တိုက်ကြီးကြီးနှင့် ကားတ၀ီဝီဆိုသည့် စိတ်ကူးယဉ်မှု့မျိုး မရှိကြဘဲ အချိန်တန်လျှင် ငစိန်ဆန်နှင့်လွေးရရေးအတွက် ၀မ်းစာ ပန်းစာ ပြည့်ပြည့်၀၀လေးနှင့် ကြွေးမတင်လျှင် ကျေနပ်နှစ်သိမ့်ရောင့်ရဲတတ်သော လယ်သမားလူတန်းစားများပင်ဖြစ်ပါသည်၊ သို့ပေမယ့် လယ်လုပ်ရင်း ထမင်းငတ် ကြွေးတင်ပြီး ဆင်းရဲတွင်းနက်လာကြရသည်မှာ ကမ္ဘာစစ်ဖြစ်နေ၍လည်း မဟုတ်ပါ၊ ကမ္ဘာမှာ ဆန်စပါးမှအစ ဂျုံပြောင်း စသည့် စားဘွယ်များ အလျှံပယ်ပေါကြွယ်ဝလာ၍လည်း မဟုတ်ပါ၊ ကမ္ဘာ့ဆန်စပါးဈေးကွက်ကြီး ပျက်စီးသွား၍လည်း မဟုတ်ပါ၊ ဒါဆိုဘာကြောင့် မြန်မာ့တောင်သူလယ်သမားတို့က ဆင်းရဲကုန်ကြရသနည်း၊ အဖြေမှာ ရှင်းလှပါသည်၊ စစ်အာဏာရှင်အစိုးရအဆက်ဆက်တို့၏ ၀ိသမလောဘကြီးမားမိုက်ရိုင်းမှု့ကြောင့် လယ်သမားတို့အပေါ် အနိုင်အထက် အဓမ္မဥပဒေအမျိုးမျိုးဖြင့် ဂုတ်သွေးစုပ် အမြတ်ထုတ်မှု့ကြောင့်သာဖြစ်ရသည်မှာ ရှင်းပါသည်၊

အချို့ကအစိုးရ၏ စီမံခန့်ခွဲမှု့ ညံ့ဖျင်းမှု့ကြောင့်ဟု လျှော့တွက်ပြောဆိုသည်မှာ မမှန်ပါ၊ နဂိုကတည်းက ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုသည့် စစ်အာဏာရှင်စနစ်ကြောင့်သာဖြစ်ပါသည်၊ တောင်သူလယ်သမားများသည် ထွန်ယက်စိုက်ပျိုးပြီး စပါးရောင်းချပေးရသော မြေကျွန်များသာဖြစ်ကြပြီး စစ်အာဏာရှင်တို့မှာ မြေရှင်များဖြစ်နေပါ သည်၊ မြေရှင်အစိုးရ၏ စီမံချက်အတိုင်း စိုက်ပျိုးထုတ်လုပ်ရောင်းချပေးရခြင်းသာမကဘဲ မြေရှင်အစိုးရ၏ မ၀ယ်မနေရ မြေသြဇာနှင့်ပိုးသတ်ဆေးတို့ကိုလည်း ခွဲတမ်းအတိုင်း ၀ယ်ယူကြရပြန်ပါသည်၊
အင်အားကြီးမားသည့် မြေသြဇာနှင့် ပိုးသတ်ဆေးအပါအ၀င် လယ်ယာသုံးပစ္စည်းများ ရောင်းချပေးသည့်ဈေးကွက်ကိုလည်း စစ်အာဏာရှင် ထိပ်သီးကြီးများ ၏ သားသမီးများက လက်ဝါးကြီးအုပ်ထားကြပြန်ပါသေးသည်၊ လယ်သမားကို မည်သည့်နေရာမှာမှ ချမ်းသားပေးလေ့ မရှိကြပါ၊

စစ်အစိုးရအဆက်ဆက်၏ မတရားဖိနှိပ်အနိုင်ကျင့်မှု့ကြောင့် ဆင်းရဲမွဲတေလာကြရသည့် မြန်မာ့လူဦးရေ၏ ခွန်နှစ်ဆယ်ရာနုန်းကျော် လယ်သမားများအဖို့လည်း လယ်မှလွဲ၍အခြားလုပ်စရာမရှိကြပါ၊ ဒါကြောင့်ဆက်ပြီး လှုပ်ရှားနေကြရတဲ့ဘ၀တွေရယ်ပါ၊ မကြာခင်ကမှ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်း က ပြောပါသေးတယ်၊ လယ်သမားတွေ စပါးများများစိုက်လျှင် များများရှုံးမည်တဲ့၊ သိပ်မှန်တဲ့စကားပါပဲ၊ သို့ပေမယ့် လယ်လုပ်စပါးစိုက်ကြသည့် မြန်မာတောင်သူလယ်သမားများအတွက် စပါးမစိုက်လျှင် အခြားမည်သည့်အလုပ်အကိုင် ဖြင့် ထမင်းဝ ခါးလှကြရမည်ဟု မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တို့က တာဝန်ယူ အာမခံနိုင်ပါမည်နည်း၊

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံသမိုင်းတွင် ဆန်စပါးထုတ်လုပ်မှု့ အဓိက စီးပွားရေးဖြင့် ချမ်းသာကြွယ်ဝလာ သည့် မြန်မာနိုင်ငံသည် ယခုပစ္စုပွှန်ကာလမှာ ဆန်စပါးထုတ်လုပ်မှု့ကြောင့် လယ်သမားများ ဆင်းရဲမွဲတေလာကြပြီး ဆင်းရဲနိုင်ငံ ဖြစ်နေရသည်မှာ ဘာကြောင့်ဖြစ်နေပါသနည်းဟူသည့် မေးခွန်းကို ယနေ့စစ်တစ်ပိုင်းအစိုးရထဲမှ တာဝန်ခံပြီး သဘာဝကျကျ မှန်ကန်စွာ ဖြေဆိုနိုင်သူရှိပါသလား၊ လယ်လုပ်ရင်းကြွေးတင် ကျွန်ဖြစ်ရမည့် အခြေအနေကို ဘာကြောင့်ရောက်ရှိနေပါပြီလဲဆိုသည့် အဖြေကို ရရှိအောင် ယနေ့ စစ်တစ်ပိုင်းအစိုးရ၏ လွှတ်တော် ထဲတွင် ပွင့်လင်းမြင်သာစွာ ဆွေးနွေးညင်းခုံအဖြေရှာနိုင်ကြပါသလား၊ မေးခွန်းများတန်းစီနေပါပြီ၊

မကြာခင်က သမတကအတည်ပြုပေးလိုက်သည့် မြေလွတ်မြေရိုင်း ဥပဒေတို့၊ လယ်ယာမြေပေါင်နှံရောင်းချ ခွင့် ဥပဒေများလည်း ထွက်ပေါ်လာခဲ့ကြပါသည်၊ မည်သို့ဆိုစေ စစ်အာဏာရှင်က အချိန်မရွေး ပြန်လည် အာဏာသိမ်းနိုင်ပြီး လူထုတရပ်လုံးဆန္ဒဖြင့် ရေးဆွဲအတည်ပြုထားခြင်းမဟုတ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘောင်ထဲမှနေ၍ သမတမှအတည်ပြုပြဌာန်းပေးနေသည့် ဥပဒေများသည် အနာကြီးရောဂါစွဲကပ်နေသည့် ကုတ္ထနူနာသည်ကို အယားပြေ ပွေးဆေးလိမ်းပေးသကဲ့သို့သာ ဖြစ်နေပါသည်၊ ရောဂါအရင်းအမြစ်ကို ရှောင်လွဲပြီး တစ်ပွဲထိုးသက်သာစေရန်လောက်သာ ဖြစ်နေပါသည်၊


ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦး တင်သွင်းသည့် အဆိုကြောင့် မြေလွတ်မြေရိုင်းဥပဒေကို ပြုပြင်ထုတ်ပြန်ပေးခဲ့ပါသည်၊
ရခိုင်ပြည်နယ်အတွင်း လယ်ယာမြေများကို စစ်တပ်နှင့် ကုမ္မဏီတို့က သိမ်းယူမှု့များအပြင် မြေလွတ်မြေရိုင်းများကိုလည်း သိမ်းယူမှုများရှိခဲ့သဖြင့် သမတမှ ဥပဒေတရပ် ပြဌာန်းပေးသော်လည်း ယခင်ကိုလိုနီ ခေတ် မြေလွတ်မြေရိုင်းဥပဒေ၊ ဖ.ဆ.ပ.လခေတ်က ဥပဒေနှင့် စစ်အာဏာရှင်အဆက်ဆက်မှာတည်ရှိခဲ့သည့် မြေလွတ် မြေရိုင်းဥပဒေတို့က တိကျစွာပယ်ဖျက်ခြင်း၊ ပြန်လည်ရေးဆွဲ အတည်ပြုခြင်း စသည်တို့ကိုလည်း ပွင့်လင်းမြင်သာအောင် ထုတ်ပြန်ရန် လိုအပ်ပါသည်၊
ထိုနည်းတူ မကြာခင်က လယ်ယာမြေရောင်းချ ပေါင်းနှံလွှဲပြောင်းခွင့်ရှိသည့် ဥပဒေတစ်ခုကို သမတမှ အတည်ပြုပေးခဲ့ပြန်ပါသည်၊
သို့သော် လည်းကောင်း ဥပဒေကြောင့် မြေရှင်ကြီးစနစ်မျိုး ပြန်လည် မပေါ်ပေါက်စေရန် တားမြစ်ကာကွယ်သည့် နည်းဥပဒေများ ပြည့်စုံစွာ ပြဌာန်းပေးရန်လည်း လိုအပ်ပါသည်၊ သို့မဟုတ်ပါက ကိုလိုနီခေတ်ကလို ချစ်တီးတစ်ဦးက လယ်မြေဧကပေါင်း သောင်းကျော်ပိုင်သွားပြီး မြေရှင်ကြီးစနစ်ဖြင့် လယ်သမားများ လယ်ယာမြေများစွာ လက်လွတ်ဆုံးရှုံးခဲ့ရဘူးသည်ကို သတိပြုရပါမည်၊
ယခုလည်း စစ်အာဏာရှင် ဟောင်းနှင့်အသစ်များအပြင် ခရိုနီများ၊ ကုမ္မဏီများက လယ်ယာမြေဧက သောင်းကျော်ပိုင်ဆိုင်ခွင့် ရရှိသွားပြီး မြေရှင်စနစ်ပြန်လည်ခေါင်းထောင်လာမည်ကို လွန်စွာစိုးရိမ်စရာဖြစ်ပါတော့သည်၊ ဒါကြောင့် ယခင်ဥပဒေဟောင်း များနှင့် ယခုလက်ပူတိုက် ထုတ်ပြန်နေသည့် မြေယာဥပဒေများသည် မည်သို့ကွာခြားပြီး မည်သူ့ကိုအကျိုးဖြစ်စေ မည်ဆိုတာကို ပွင့်လင်းစွာ လူထုကိုချပြရပါမည်၊


မြန်မာနိုင်ငံသည် တောင်သူလယ်သမားနိုင်ငံဖြစ်သည့်အတွက် လယ်ယာမြေဥပဒေသည် တရားမျှတပြီး တောင်သူလယ်သမားများ၏ အကျိုးကို ရှေးရှုရေးဆွဲပြဌာန်းနိုင်ပါမှ သန့်ရှင်းကောင်းမွန်ပြီး ဒီမိုကရေစီရှိသော အစိုးရတရပ် ဖြစ်ပါလိမ့်မည်၊ လယ်ယာမြေဥပဒေကိုရေးဆွဲရာတွင်လည်း ပညာရှင်များနှင့် နိုင်ငံတကာမြေယာဥပဒေသ များကို လေ့လာဆည်းပူးကြရန်လိုအပ်ပါသည်၊ သို့သော် မပြည့်စုံနိုင်ပါ၊ အခြားနိုင်ငံများနှင့်အခြေခံအချက်များ တူညီမည် မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့လယ်ယာမြေဥပဒေကို ရေးဆွဲလျှင် အဓိကအခြေခံရမည့် ရည်ရွယ်ချက်မှာ လယ်သမားများ၏ စားဝတ်နေရေးဖူလုံရုံသာမကဘဲ တိုးတက်မှု့ရှိနေရမည်ဆိုသည်ကို အဓိကထားသည့် ရှု့ဒေါင့်မှ ရေးဆွဲရပါလိမ့်မည်၊ သို့အတွက်ကြောင့် အမှန်တကယ် လယ်ယာလုပ်ကိုင်စားသောက်သည့် လယ်သမားများ အတွက် မြို့နယ်အလိုက်၊ ပြည်နယ်နှင့်တိုင်းများအလိုက် အဆင့်ဆင့်သော လယ်သမားသမဂ္ဂအဖွဲ့အစည်းများကို မှန်ကန်စွာ ဖွဲ့စည်းတည်ထောင်ပြီး ထို သမဂ္ဂကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်ရေးဆွဲသော လယ်ယာမြေဥပဒေဖြစ်ရန် လွန်စွာ အရေးကြီးလှပါသည်၊ ပါတီကောင်စီခေတ် လယ်သမားအစည်းအရုံးဆိုတာမျိုးလည်း လုံးဝမဖြစ်စေရပါ၊

ယနေ့ မြန်မာနိုင်ငံသည် လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ကို အာမခံနိုင်သည့် အရင်းရှင်လစ်ဘရယ် ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်နေပါသည်၊ သို့သော် စစ်အာဏာရှင်ဟောင်းများနှင့်ခရိုနီကြီးတို့က လယ်ယာမြေများ၊ ရေနက်ကွင်းများ၊ မြေလွတ်မြေရိုင်းများအပြင် ဥယာဉ်ခြံမြေလုပ်ကိုင်နိုင်သည့် မြေများကို အလွန်အကျွံသိမ်းပိုက်ဝါးမျိုး ထားကြပြီးဖြစ်သည်နှင့်အညီ လယ်သမားပိုင်ဆိုင်ခွင့်ရှိသည့် မြေများနှင့်နိုင်ငံတော်ပိုင်မြေဖြစ်ရမည့် မြေများနှင့် ပတ်သက်သော ဥပဒေများကို အမှန်အကန်ဖြစ်စေရန်အတွက် လိုလားကြမည်တော့မဟုတ်ကြပါ၊ ထို့အတွက်ကြောင့် နည်းအမျိုးမျိုးဖြင့် နှောက်ယှက်ဟန့်တားနေမည်မှာ သေချာလှပါသည်၊ ၂၀၀၈ ဥပဒေအထက်တွင် လွတ်တော်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူထုအတွက် အားရစရာမရှိသေးပါ၊ အဘယ်ကြောင့်ဆိုသော် မစ္စတာကင်တားနားက မကြာခင်က ပြောသလို ၂၀၀၈ဖွဲ့စည်းပုံသည် လူ့အခွင့်အရေးကို အာမမခံနိုင်သေး သောကြောင့်ဖြစ်ပါသည်၊ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအားလုံးလိုလိုကို စနစ်တကျဖြင့် လက်ဝါးကြီးအုပ်ရန် ကြိုတင်ပြီး သားစဉ်မြေးဆက် ထာဝရချမ်းသာရေးအတွက် စီမံချက်များချမှတ်လုပ်ဆောင်နေသည့် စစ်အာဏာရှင် အဟောင်းနှင့် အသစ်များအပြင် ခရိုနီများသည် တိုင်းသူပြည်သားအများစုဖြစ်သော လယ်သမားများ၏ အကျိုးကို ရှေးရှုရေးဆွဲမည့် မြေယာဥပဒေပေါ်ပေါက်လာလျှင် လက်ရှိ အဓမ္မသိမ်းယူထားသည့် မြေယာများကို ပြန်လည်ပေးကြရမည့်အပြင် လယ်သမားများ၏ နစ်နာမှု့များအတွက် တာဝန်ရှိသူများက ဖြေရှင်းရန်လည်း ဖြစ်လာပါလိမ့်မည်၊

ဒါကြောင့် စစ်တစ်ပိုင်းအစိုးရသည် ၂၀၀၈ဖွဲ့စည်းပုံကို အလွယ်တကူပြုပြင်လို့မရအောင် ဆယ်နှစ်ကျော်အချိန် ယူရေးဆွဲပြီး အဓမ္မပြဌာန်းအတည်ပြုထားပါသည်၊ ကာကွယ်ရေးနှင့် လုံခြုံရေးဦးစီးချုပ်၏တာဝန်သည် လူထုနှင့် တိုင်းပြည်အတွက်ဆိုတာထက် လူတစ်စုနှင့် သူတို့၏အကျိုးစီးပွားအတွက် ကာကွယ်ရန်သာ ဖြစ်နေသည့် ၂၀၀၈ဖွဲ့စည်းပုံဆိုတာ လူတိုင်းသိနေပြီးသားဖြစ်ပါသည်၊

သို့သော် အာဏာရှင်တစ်စု၏ အကျိုးစီးပွားကို ကာကွယ်ရေးအတွက် လက်ရှိအစိုးရ၏ ကျိုးပမ်းမည့်အချက် များကိုလည်း လူထုက ကြိုတင်သိရှိပြီးသား ဖြစ်နေပါသည်၊ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြောင့် မျောက်သစ်ကိုင်းလွတ် ဖြစ်ခဲ့သည့် စောမောင်၊သန်းရွှေ အစိုးရတို့သည် သူတို့ ပေါက်ဖေါ်တရုပ်ကို များစွာသော စီးပွားရေးလုပ်ကွက်များအပြင် စစ်ရေးအရပါ ဗျူဟာမြောက်လုပ်ငန်းများပေးပြီး လာဘ်ထိုးကာ သက်ဆိုးရှည်ခဲ့သော်လည်း အမေရိကန်၏ အရှေ့တောင်အာရှနှင့် အာစီယံနိုင်ငံများအပေါ်ထားရှိသည့် မဟာဗျူဟာပြောင်းလဲလာမှု့ကြောင့် တရုပ်သစ်ကိုင်းမှ အမေရိကန် သစ်ကိုင်းသို့ ခုန်ကူးပြောင်းလဲလိုက်ရပါသည်၊

ထို့ကြောင့် စစ်တစ်ပိုင်းအစိုးရအဖို့ သူတို့လူတစ်စု၏ အကျိုးစီးပွားကို ကာကွယ်ရေးအတွက် စစ်အာဏာရှင် တို့၏ ထုံးစံအတိုင်း လာဘ်ထိုးပြီး သက်ဆိုးရှည်ရန် ကျိုးပမ်းနေကြရပြန်ပါပြီ၊ အမေရိကန်နှင့်အနောက် အုပ်စုကို မဟာဗျူဟာမြောက် စစ်ရေးနှင့်စီးပွားရေးကွက်များကို လိုက်လျှောရသည့်အပြင် ကာယကံရှင်များသာသိနိုင်သည့် လာဘတ်ထိုးမှု့များမှာ နည်းမည်တော့ မဟုတ်ပါ၊ ၂၀၀၈ မတရားဖွဲ့စည်းပုံအောက်တွင် လှိမ့်ပိန့်ဝင်လာနေသော နိုင်ငံတကာက ရင်းနှီးမြုတ်နှံမှု့လုပ်ငန်းများကို ကြည့်လျှင်သိနိုင်ပါသည်၊

နိုင်ငံတကာက ရင်းနှီမြှုတ်နှံသည့် စီးပွားရေးလုပ်ငန်းပေါင်းစုံနှင့်အတူ ပြည်တွင်းလုပ်ငန်းရှင်အမည်ခံ စစ်အာဏာရှင်နှင့်ခရိုနီများက သူတို့ခိုးရာပါအရင်းအနှီးများနှင့် ရောသမမွှေပြီး နိုင်ငံတကာကအားပေးကျားကန်မှု့ကို အရယူရန် ကြိုးပမ်းဆဲကာလလည်းဖြစ်နေပါသည်၊ မြန်မာလူထုသည် နိုင်ငံတကာရင်းနှီးမြုတ်နှံမှု့ဆိုတာကို ကြိုဆိုပါသည် လိုလားပါသည်၊ ဒီမိုကရေစီနိုင်ငံများက မြန်မာပြည်တွင်းကို များများဝင်လာလေလေ ကြိုက်လေ လေပင်ဖြစ်ပါသည်၊ သို့သော် ပြည်တွင်းက ခိုးရာပါတိုက်ရာပါ ဥစ္စာဓနတို့ဖြင့် ကြွယ်ဝသူများ တစ်တိုင်းတစ်ပြည်လုံးကို ဆင်းရဲမွဲပြာကျအောင်လုပ်ခဲ့ကြသူ စစ်အာဏာရှင်နှင့် ခရိုနီတစ်စုကို ဆက်လက်ပြီးပူးပေါင်းမြှောက်ပင့်ကာ အကျိုးတူစီး ပွားရှာကြမည်ဆိုလျှင်တော့ မြန်မာလူထုက လက်ခံနိုင်မည်မဟုတ်ပါ၊ ဟိုတုံးက ဘိန်းဘုရင်သည် ယခု ဘုရားဒကာ ဖြစ်ရမည် ဆိုသည့် အယူအဆကို မြန်မာများမကြိုက်ကြပါ၊

မြန်မာတို့သည် အယူအဆအတွေးအခေါ်အားဖြင့် မနိမ့်သောလူမျိုးများဖြစ်ကြပါသည်၊ အင်ဒိုနီးရှား၊ထိုင်း၊ စင်္ကာပူတို့နှင့်မတူပါ၊ ရုပ်ဝတ္ထုချမ်းသာခြင်းထက် စိတ်ချမ်းသာခြင်းကို နှစ်သက်ပြီး အမှန်တရားကို မြတ်နိုးသူများသာ ဖြစ်ပါသည်၊ ရောင့်ရဲတင်းတိမ်လွယ်သော လူမျိုးလည်းဖြစ်သည်၊ ဒါကို နိုင်ငံခြားသားများ သဘောပေါက်ပြီး မြန်မာလူထုကြီး အကျိုးကိုရှေးရှု့ပြီး ရင်းနှီးမြုတ်နှံရန်သာ ဖြစ်ပါသည်၊ လူထုအကျိုးက တစ်ပဲသား ခရိုနီအကျိုးက တစ်ခွဲသားဆိုတာမျိုး မဖြစ်အောင် သတိချပ်ရပါမည်၊

၂၀၀၈ဖွဲ့စည်းပုံနှင့်အစိုးရသစ်၏အောက်တွင် ယနေ့မြန်မာ့တောင်သူလယ်သမားများသည် ကြွေးတင်ကျွန်ဖြစ် မခံနိုင်ပါ၊ ကြွေးတင်ရခြင်းမှာလည်း အစိုးရလုပ်စားသူများ၏ အဆိုးရွားဆုံး စီမံဆောင်ရွက်မှု့များကြောင့်သာဖြစ်ပါသည်၊ ထို့ကြောင့် အဓိကတရားခံမှာ အစိုးရပင်ဖြစ်နေပါသည်၊ မြန်မာနိုင်ငံတွင် မည်သို့သောအစိုးရမျိုးပင် တက်ရောက် အုပ်ချုပ်သည်ဖြစ်ပါစေ လူများစုဖြစ်သော တောင်သူလယ်သမားများအတွက် စားဝတ်နေရေးပြည့်ဝချောင်လည်ပြီး ဘ၀လုံခြုံမှု့အပြည့်ရှိရန် ဆောင်ရွက်နိုင်မည့် အစိုးရမျိုးကိုသာ လက်ခံကြပါလိမ့်မည်၊ သို့မဟုတ်ပါက ခေတ်သစ် တောင်သူလယ်သမားအရေးတော်ပုံ်ကြီး ပေါ်ပေါက်လာပါလိမ့်မည်၊

တောင်သူလယ်သမားများ ထမင်းတစ်နပ်လျှော့စားရန်မလိုပါ၊ လိုအပ်နေသည်မှာ ၂၀၀၈ဖွဲ့စည်းပုံကိုဖျက်သိမ်း ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လူထုဆန္ဒနှင့်အညီ ရေးဆွဲကြရပါမည်၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် မြေယာဥပဒေသများကို လယ်သမားအများစု၏ ဆန္ဒနှင့်အညီ ရေးဆွဲပြဌာန်းပေးရပါမည်၊ အာဏာရှင်နှင့် ခရိုနီများ၏ ကုမ္မဏီအမျိုးမျိုးတို့က သူတို့သဘောနှင့်သူတို့ ဥပဒေများအတိုင်း သိမ်းပိုက်ထားသည့် မြေယာ ဥယဉ်ခြံမြေ၊ မြေလွတ်မြေရိုင်းနှင့် တောတောင် မြစ်ချောင်း အင်းအိုင်မှန်သမျှကို ပြန်လည်ပြီး လက်လွှတ်ပေး ကြရမည်ဖြစ်သည်၊

အချုပ်ဆိုရသော် တိုင်းဖျက်ပြည်ဖျက် လောဘဇောတတ်နေသည့်လူတစ်စု၏ မျက်နှာကို ကြည့်မနေသင့်တော့ ဘဲ လူထုကြီးတစ်ရပ်လုံး၏ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘ၀ဆိုးကြီးကို ကယ်တင်ကြရန် သမတကြီး၊ကာလုံမှအစ စစ်ဘက်နယ်ဘက်မှ တိုင်းပြည်နှင့်လူထုအပေါ်စေတနာထားသူများအားလုံးသည် ရဲရဲဝံ့ဝံ့ဖြင့် လူထုဘက်မှရပ်တည်ကြ ပြီး ဖွဲ့စည်းပုံအသစ်နှင့်အတူ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေးကို ကျိုးပမ်းကြရန်သာဖြစ်ပါကြောင်း။ ။

ဦးဖိုးသာအောင်

ဟစ်တိုင်
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG