Home » » KIA ရဲ့လဂျားယန် စခန်းကို သိမ်းပိုက်လိုက်တဲ့ အစိုးရရဲ့ကိုင်တွယ်နိုင်တဲ့ မဟာဗျူဟာ

KIA ရဲ့လဂျားယန် စခန်းကို သိမ်းပိုက်လိုက်တဲ့ အစိုးရရဲ့ကိုင်တွယ်နိုင်တဲ့ မဟာဗျူဟာ


KIA ရဲ့ ရှေ့တန်းစခန်း၊ ပွိုင့် ၇၇၁ တောင်ကုန်းပုံ
စစ်ဖက်နီးစပ်သူများက KIA ရဲ့ ရှေ့တန်းစခန်းတစ်ခုဖြစ်တဲ့ပွိုင့် ၇၇၁ တောင်ကုန်း လဂျားယန် စခန်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ (၃၀) ရက်နေ့တွင် တပ်မတော်က သိမ်းပိုက်လိုက်နိုင်တဲ့ သတင်းကို ပေးပို့ထားခဲ့သော်လည်း ထပ်မံ အတည်ပြုရန် စီစစ်နေဆဲမှာပင် တပ်မတော် သတင်းဌာန ဖြစ်တဲ့ မြဝတီရုပ်မြင်သံကြားမှ (၁-၁-၂၀၁၃)ညပိုင်း ရုတ်တရက် တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မြဝတီက ထုတ်ပြန်ကြေငြာရာမှာ ပွိုင့် ၇၇၁ တောင်ကုန်း လဂျားယန်စခန်းအနေနဲ့ တပ်မတော်ရိက္ခာပို့သည့် လမ်းကြောင်းတွင် အဓိကပိတ်ဆို့သည့် နေရာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအား အဓိကပိတ်ဆို့နှောက်ယှက်သည့် နေရာ၊ KIA ဌာနချုပ်လိုင်ဇာအတွက် အဓိကစခန်းထောက်နေရာဖြစ်တဲ့ ကချင်ပြည်နယ် အရှေ့ပိုင်းရှိ အဓိကအရေးပါတဲ့ တောင်ကုန်းဖြစ်ကြောင်း၊ ဒါကြောင့် တပ်မတော်က လဂျားယန် စခန်းနှင့် ပတ်ဝန်းကျင်အား လေကြောင်းပစ်ကူရယူတိုက်ခိုက်ခဲ့ရာ (၃၀-၁၂-၂၀၁၂) ရက်နေ့မှာ ၄င်းတို့ နေရာအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ ဆက်လက်ပြီး၊ အဲ့ဒီစခန်းအတွင်းမှ တရုတ်လုပ် ၁၂၀ မမ စိန်ပြောင်း (၁)လက်၊ ၆၀ မမ စိန်ပြောင်း (၁)လက်၊ လက်နက်မျိုးစုံ (၁၃)လက်၊ လက်ပစ်ဗုံး မျိုးစုံ အလုံး(၅၀၀)၊ ဗုံးသီး မျိုးစုံ (၂၇၀)လုံး၊ မိုင်းမျိုးစုံ (၅၂)လုံး၊ ကျည်မျိုးစုံ (၄၀၀၀)၊ ယမ်းကြိုး (၂)ခွေ သိမ်းဆီးရရှိခဲ့ပါတယ်။ ဆက်လက်ပြီး ကားလမ်းတစ်လျှောက် ပတ်ဝန်းကျင်အား အသေးစိတ် ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။
စစ်ဖက်နီးစပ်သူများ ပေးပို့ထားခဲ့တဲ့ ရရှိထားပြီး သတင်းအရ အဆိုပါ စစ်ဆင်ရေးအမည်ကို စစ်ရုံးမှ မိုးကြိုးစစ်ဆင်ရေးလို့ ခေါ်တွင်စေကြောင်း၊ စစ်ဆင်ရေးအား အမှတ်(၁)ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး(ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ကိုယ်တိုင် မြစ်ကြီးနား တိုင်းစစ်ဌာနချုပ်တွင် ရုံးထိုင်ကြောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်အား ရှေ့တန်းလဂျားယန်စခန်းအား ကပ်ထားတဲ့တပ်များကို စစ်ဆင်ရေး အနီးကပ်ကြီးကြပ်ကွပ်ကဲနိုင်ရန် ဗန်းမော်သို့စေလွှတ်ထားခိုင်းကြောင်း၊ ထူးခြားတာက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဦးစီးဗိုလ်မှူးချုပ်(စစ်ဆင်ရေး)၊ ဗိုလ်မှူးချုပ်လူအေး(DSA-25)အား ကက(လေ)ကို ကြည်းတပ်များနှင့် ဟန်ချက်ညီကွပ်ကဲနိုင်ရန်နှင့် စစ်ဆင်ရေးလွယ်ကူစေဖို့ မြစ်ကြီးနားရှိ ကစထ မှူးနှင့် အတူ ရှိနေခိုင်းကြောင်း သတင်းရရှိထားခဲ့ပြီးဖြစ်ပါတယ်။
ဆက်လက်ပြီး စစ်ဖက်နီးစပ်သူများက သတင်းပေးပို့ရာမှာ အနီးကပ်မြေပြင်တိုက်ပွဲတွင် တပ်မတော်မှ ခမရ (၃၁၇)၊(၄၁၅)၊(၄၁၆)၊(၃၂၀)၊ ခလရ (၂၃၇) တို့ဖြစ်ကြောင်း၊ တပ်အခင်းအကျင်းကို လေ့လာသုံးသပ်ရပါက ခမရ (၃၁၇)၊(၄၁၅) နဲ့ (၄၁၆) တပ်ရင်းတွေဟာ တပ်မ (၈၈) လက်အောက်ခံတပ်များဖြစ်လို့ ပင်မစစ်ဆင်ရေး စစ်ဦးပိုင်းတွင် တပ်မဖြင့် ထိုးစစ်ဆင်ခဲ့တာ တွေ့ရှိရကြောင်း၊ ဒါကြောင့် ယခင်နှစ်က လိုင်ဇာသိမ်းပိုက်နိုင်ရန် ကြိုတင်ရေးဆွဲထားတဲ့ စစ်ဆင်ရေးစီမံချက်ပါအတိုင်း အဓိကလမ်းကြောင်းများအား တပ်မတပ်များကို သုံးစွဲခဲ့တာမှန်ကန်ကြောင်း သုံးသပ်ရပါတယ်။
မှတ်တိုင်(၆) ဒဘူဘွမ် ကချင်စစ်ပြေး ဒုက္ခသည် စခန်း
KIA ရဲ့လဂျားယန်စခန်းအား သိမ်းပိုက်ပြီးတဲ့နောက် KIO အပေါ် အစိုးရရဲ့ကိုင်တွယ်နိုင်တဲ့ မဟာဗျူဟာနဲ့ စပ်လျဉ်းပြီး စစ်ဖက်နီးစပ်သူများက ဆက်လက်သုံးသပ် တင်ပြလာပါတယ်။ KIO က အဖျက်အမှောက် လုပ်ငန်းများ ဆက်တိုက်လုပ်ကိုင်ခဲ့လို့ အကြမ်းဖက် သောင်းကျန်းသူဟု ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ အစိုးရက ငြိမ်းချမ်းရေးလိုလားပြီး လက်နက်ကိုင် တိုင်းရင်းသားများ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေပါတယ်လို့ ဦးအောင်မင်း က ပြောဆိုနေပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်နေ့ ကတည်းက KIA အပေါ် ထိုးစစ်တွေ ရပ်ဖို့ တပ်မတော်အား သမ္မတက ညွှန်ကြားထားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီ ညွှန်ကြားချက် ထွက်ပေါ်ခဲ့တဲ့ အချိန်ကာလတုန်းက တပ်မတော် ကာကွယ်ရေး ဦးစီချုပ်၊ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဦးစီချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်တို့ နှစ်ဦးစလုံး သမ္မတရုံးခန်းအတွင်းသို့ ကမန်းကတန်း ဝင်ရောက်သွားခဲ့ပြီး အကြိတ်အနယ် ရှင်းလင်းခဲ့ရတယ်လို့ စစ်ရုံးနဲ့ နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ ဆိုပါတယ်။
တပ်မတော်က ထိုးစစ် တဖက်သတ် ရပ်ဆိုင်းခဲ့ပေမယ့် မြေပြင်တိုက်ပွဲများ ဖြစ်ပွားနေတာဟာ ရိက္ခာပို့ စစ်ကြောင်းများနှင့် KIA စစ်ကြောင်းများ လမ်းခရီး တဝက်တပြတ်မှာ မမျှော်လင့်ပဲ တွေ့ဆုံခဲ့ရလို့ ရုတ်ချည်း တိုက်ပွဲများ ဖြစ်လာရတာလို့ ဤဝက်ဘ်ဆိုဒ်က တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ စစ်ဖက်နီးစပ်သူများက အစိုးရရဲ့ မဟာဗျူဟာကို ခန့်မှန်းသုံးသပ်ကြရာမှာ ၂၀၁၂ တစ်နှစ်လုံး KIA ကစတင် တိုက်ခိုက်လို့ တပ်မတော်သားများ ထိခိုက်ဒဏ်ရာရနေတယ်။ ပြည်သူလူထု၊ ကျေးရွာ၊ ရဲစခန်း၊ ရထားလမ်းတံတားများကို KIA က မိုင်းခွဲဖျက်ဆီးတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ထိခိုက် နစ်နာနေရပါတယ် ဆိုတဲ့ အသွင်သဏ္ဍာန်မျိုး ဇာတ်လမ်းဖြစ်ပေါ်အောင် KIO ရဲ့ မှားကွက်အား စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ကြည့်နေဟန် တူကြောင်း၊ ဒေသခံပြည်သူလူထုက ငြိမ်းချမ်းရေး လိုလားလာပြီး ဆန္ဒပြတောင်းဆိုမှုများ လုပ်လာသည်အထိ နိုင်ငံရေးမဟာဗျူဟာ ခင်းကျင်းထားတယ်လို့ သုံးသပ်ကြပါတယ်။
ယခုအခါ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နမ်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့ အရေးကြီး ကိစ္စတစ်ရပ်အနေနဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင်းမှာ ကျင်းပတော့မည့် လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့ ဆိုလာပါတယ်။
“ကျွန်တော်တို့ တပြည်နယ်လုံး၊ ပြည်နယ်သူ၊ ပြည်နယ်သား အားလုံး ဒုက္ခဖြစ်နေတာနဲ့ ကျွန်တော်တို့ ပြည်နယ်ရဲ့ ဒီအခက်အခဲကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းအတွက်လည်းပဲ ဖြောင့်ဖြူးဖို့အတွက် ခက်ခဲတဲ့အတွက်ကြောင့် ဒီဟာကတော့ နှစ်ဖက်စလုံးကို ယုံကြည်မှု မြန်မြန်တည်ဆောက်ပြီးတော့ ယုံကြည်မှု မြန်မြန်ရစေချင်တာနဲ့ အပစ်အခတ် အမြန်ဆုံး ရပ်စေချင်တာကတော့ ရင်ထဲက စကား၊ ရင်ထဲက အပြည့်အဝရှိတဲ့အနေအထားပေါ့။”
လဂျားယန် စခန်းမှ သိမ်းဆီးရရှိသော လက်နက်ခဲယမ်းများ
ဦးခက်ထိန်နမ်ဟာ ယခင် ကြံ့ဖွတ်ပါတီမှ ကူးပြောင်းသွားသူဟု သိရပြီး ယခုကွင်းဆင်းလေ့လာနေပြီ ဖြစ်ရာ လွှတ်တော်အတွင်း ဆွေးနွေးမည် ဆိုသည်မှာ တစ်စုံတစ်ခု အကြောင်းရင်း ရှိနိုင်သည်ဟု စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မတီ ဖွဲ့စည်းလှုပ်ရှားဆောင်ရွက်နေလျက်နှင့် လွှတ်တော်အတွင်း ဆွေးနွေးမယ် ဆိုတာဟာ သံသယရှိတယ် လို့ဆိုပါတယ်။ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ဖွတ်ကိုယ်စားလှယ်များက တစ်ဖက်၊ အတိုက်အခံနိုင်ငံရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက တစ်ဖက်၊ အကျေအလည် အငြင်းအခုံဆွေးနွေးကြမှာဖြစ်ပါတယ်။
အဲ့ဒီလို ဆွေးနွေးရာမှာ KIO ဟာ ကချင်ပြည်နယ်တဝှမ်းလုံး လူထု လူတန်းစား လူမျိုးစု အားလုံးကို တကယ်ကော ကိုယ်စားပြုရဲ့လား ဆိုတာ မေးခွန်းထုတ်ကြမှာ ဖြစ်သလို၊ KIO အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ခေါင်းစဉ် တပ်ကြမှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့အများစု ဆန္ဒအရ ဆုံးဖြတ်ချက်ချလျှင်လည်း ကြံ့ဖွတ်ပါတီ၊ ကြံ့ဖွတ်အဆွယ်အပါး တိုင်းရင်းသားပါတီ၊ တပ်မတော်သား မဲများက အများစု လွှမ်းမိုးနေရာယူထားပြီးဖြစ်ပါတယ်။
နောက်ဆုံး KIO အား ဇန်နဝါရီလ အတွင်းခေါ်ယူထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးအောင်မင်းတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲသို့ လာရောက်ဖို့ ပျက်ကွက်ခဲ့ရင်တော့ စစ်ရေးအရ အရေးယူဆောင်ရွက်ရန် သင့်/မသင့် လွှတ်တော်က ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုက ကချင်ပြည်နယ် တဝှမ်းလုံး နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှု မရှိလို့ အကြောင်းပြကာ သမ္မတက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အခြေခံဥပဒေ ပုဒ်မ(၄၁၂)အရ အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်ဖြင့် တာဝန်ပေးအပ်ပြီး လုပ်ပိုင်ခွင့် အကန့်အသတ်နဲ့ အချိန်အတိုင်းအတာတစ်ခု သတ်မှတ်တာဝန် ပေးသွားနိုင်ပါတယ်။ သမ္မတဟာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေငြာနိုင်သည်ဟု ဖော်ပြပါရှိတယ်။
အထက်ပါ မဟာဗျူဟာအရ KIO အားတိုက်ခိုက်မည့် ကက(ကြည်း) စစ်ဆင်ရေး စီမံချက် အကောင်အထည်ဖော်ဖို့ တပ်မတော်ကို တာဝန်ပေးအပ်မည့် လမ်းကြောင်းသို့ ဆွဲခေါ်သွားနိုင်ကြောင်း သုံးသပ်ပါတယ်။ ဒါကြောင့် လာမည့် လွှတ်တော် အစည်းအဝေးပွဲတွေဟာ ကြည့်ကောင်းမဲ့ ပွဲတစ်ပွဲလို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။

စည်းလုံးချင်းရဲ့ အင်အား
 
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG