Home » » ဂျပန်ကုမ္ပဏီများအတွက် ဈေးကွက်သစ် ရှာဖွေရန် ဒုဝန်ကြီးချုပ် တာရိုအာဆို မြန်မာနိုင်ငံသို့ သွားမည်

ဂျပန်ကုမ္ပဏီများအတွက် ဈေးကွက်သစ် ရှာဖွေရန် ဒုဝန်ကြီးချုပ် တာရိုအာဆို မြန်မာနိုင်ငံသို့ သွားမည်

ဂျပန်ဒုတိယဝန်ကြီးချုပ် တာရိုအာဆိုသည် မြန်မာသမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံ ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ သို့ အလည်အပတ် သွားရောက် မည်ဖြစ်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်များ၏ အဆို အရ သိရသည်။

ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူနေသော အာဆိုသည် မြန်မာနိုင်ငံခေါင်းဆောင်နှင့် နေပြည်တော်၌ ကြာသပတေးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ ဤခရီးစဉ်မှာ လွန်ခဲ့သည့်အပတ်က စတင် တာဝန် ထမ်းဆောင် ခဲ့သော ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေး၏ ဝန်ကြီး အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပထမဆုံး နိုင်ငံခြား ခရီးစဉ် ဖြစ်ကြောင်း အထက်ပါ သတင်းရပ်ကွက်များမှ သောကြာနေ့တွင် ပြောကြားခဲ့သည်။
အာဆို၏ ခရီးစဉ်မှာ လျင်မြန် စွာပေါ်ထွက်လာနေသော ထွန်းသစ်စ မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ အတွက် စီးပွားရေးတိုးချဲ့ရာလမ်း များ ကူညီဖန်တီးပေးရန် ရည်ရွယ် ပြီးဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးဝင်းရှိန်နှင့်လည်း တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ ရာတွင် မစ္စတာအာဆိုအနေဖြင့် မြန်မာ၏ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးနှင့် စီးပွားရေး ဖြေလျှော့ရေး ကြိုးပမ်းမှုများကို ချီးကျူးပြောကြား ရန်နှင့် မြန်မာနိုင်ငံ ဆက်လက်ဖွံ့ဖြိုး တိုးတက်မှုကို တက်တက်ကြွကြွ အကူအညီပေးရေး ဖြစ်သော အာဘေး အစိုးရ၏အစီအစဉ်ကို ချပြရန် မျှော်လင့်ရသည်။

သမ္မတဦးသိန်းစိန်အနေဖြင့်လည်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ဒီဇင်ဘာ ၁၆ ရွေးကောက်ပွဲအောင် မြင်မှုအတွက် အာဆိုကို ဂုဏ်ပြုရန် နှင့် နှစ်နိုင်ငံဆက်ဆံမှု ခိုင်မာရေး လိုအပ်ချက်ကို ထပ်မံအတည်ပြုကာ အာဘေး၏ အသစ်ဖွဲ့စည်းထားသော  အစိုးရကို ကြိုဆိုရန် မျှော်လင့်ရသည်။

အာဆိုသည် သောကြာနေ့တွင် ရန်ကုန်ဆင်ခြေဖုံးရှိ သီလဝါအထူး စီးပွားရေးဇုန်သို့ သွားရောက်လည် ပတ်ပြီး ဒေသခံနှင့် ဂျပန်ကုမ္ပဏီများ နှစ်ခုစလုံးကို တွေ့ဆုံဆွေးနွေး မည်ဖြစ်သည်။ ထို့အပြင် ဒုတိယ ကမ္ဘာစစ် အတွင်းက ကျဆုံးခဲ့သော ဂျပန်ဘုရင့် တပ်မတော်သားများ မြှုပ်နှံသဂြိုဟ်ထားရာ စစ်သင်္ချိုင်းသို့ သွားရောက်ရန် လည်း စီစဉ်ထား သည်။

ထို့နောက် တိုကျိုသို့ နောက် စနေနေ့တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံသည် မြန်မာအပေါ် တင်ရှိနေသော ယင်းကြွေးမြီအများအပြားကို ဇန်နဝါရီလတွင် ပယ်ဖျက်ပေးမည် ဖြစ်ပြီး ယန်းဘီလျံ ၅ဝ ကိုလည်း နှစ်သစ်တွင် အစောဆုံး အခွင့်အလမ်းအဖြစ် အထူး အခွင့်အရေးပေး ထုတ်ချေးသွားမည် ဖြစ်သည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG