Home » » ကချင်စစ်ပြေး ဒုက္ခသည်များကို UN ကူညီရန် အစိုးရခွင့်မပြု

ကချင်စစ်ပြေး ဒုက္ခသည်များကို UN ကူညီရန် အစိုးရခွင့်မပြု

ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကမ္ဘာ့ကုလသမဂ္ဂ (UN) မှ အကူအညီပေးလို သော်လည်း မြန်မာအစိုးရက လုံခြုံရေး အခြေအနေအရ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။
“UN ဟာ လုံခြုံရေး ကင်းမဲ့တဲ့ ပတ်ဝန်းကျင်တွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံ အများကြီး ရှိပါတယ်။ ဒီထက်လုံခြုံရေး ကင်းမဲ့တဲ့ နိုင်ငံတွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့ဖူးပါတယ်။ အကူအညီတွေ အလွန်အမင်း လိုအပ်နေတဲ့ နေရာတွေကို သွားရောက်ကူညီနိုင်ဖို့ အစိုးရကို ခွင့်ပြုချက်တောင်းထားပါတယ်” ဟု ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီအေးမို့စ်က ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်တွင် သတင်းထောက်များနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ်စစ်ဘေးသင့် ဒေသများသို့ ၀င်ရောက် အကူအညီပေးနိုင်ရန် နိုင်ငံတော် အစိုးရထံတွင် ခွင့်ပြုချက် တောင်းထားကြောင်း ၎င်းက ဆိုသည်။
UN အနေဖြင့် လက်လှမ်းမမီသော ဒေသများရှိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများကို ပိုမိုစိုးရိမ်မိပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ဒေသများသို့ သွားရောက်ခွင့် မရှိသည့်အတွက် ဒုက္ခသည် ၄၀၀၀၀ နီးပါးကို အကူအညီ ပေးနိုင်ခဲ့ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
KIA နှင့် မြန်မာအစိုးရ တပ်မတော်တို့ အကြား စစ်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ကချင်ပြည်သူ ၁ သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ KIA ထိန်းချုပ်ထားသည့် ဒေသများအတွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေး ဒုက္ခသည်များသည် အစားအသောက် လိုအပ်ချက်၏ ၄ ရာခိုင်နှုန်းသာ အကူအညီရရှိနေကြောင်း ကချင်အမျိုးသမီး အဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်တမ်းကောက်ယူ သတင်းထုတ်ပြန်ထားသည်။
“ပြည်တွင်း NGO တွေကနေ တဆင့် ဒုက္ခသည်တွေဆီ အထောက်အပံ့တွေ ရအောင်လုပ်ပေးတာမျိုး ကျမတို့ လုပ်ပေးပါမယ်။ လိုအပ်နေတာတွေက အများကြီး ဖြစ်တယ်။ အစိုးရဘက်က အကြောင်းပြန်ချက်ရတာနဲ့ UN အနေနဲ့ သွားနိုင်ဖို့ ကျမတို့ လုပ်ပါမယ်” ဟု ဗယ်လာရီအေးမို့စ်က ဆိုသည်။
အစိုးရတပ်မတော် ထိန်းချုပ်ဒေသရှိ ကချင်ဒုက္ခသည် စခန်းများကို ကချင်ပြည်နယ် အစိုးရနှင့် ပြည်တွင်း အဖွဲ့အစည်းများ၊ UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့လျှက်ရှိပြီး KIA ထိန်းချုပ်ဒေသဘက်တွင် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် တရုတ်နိုင်ငံဘက်မှ ဘာသာရေးအဖွဲ့အစည်းများက ကူညီထောက်ပံ့လျှက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများရှိ ဒုက္ခသည်စခန်းများမှာ အကူအညီရရှိရန် ခက်ခဲလျှက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းနီးပါးရှိပြီး လေးသောင်းခန့်မှာ KIA ထိန်းချုပ် နယ်မြေအတွင်း တည်ရှိကြောင်း သိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG