လူသားလုံခြုံရေးဆိုင်ရာ ကျောင်းတော်များ (schools of human security)
လူသားလုံခြုံရေးဟာ အစဉ်အလာအရ ကျင့်သုံးနေတဲ့
နိုင်ငံတော်ဗဟိုပြုအမြင် (state-centric view) ကို စိန်ခေါ်ထား တဲ့
အတွေးအခေါ်တရပ် ဖြစ်ပါတယ်။ အချို့ပညာရှင်များက လူသားလုံခြုံရေးဟာ အဆုံးသတ်
ပန်းတိုင်ဖြစ်ပြီး၊ နိုင်ငံ တော်ဗဟိုပြုလုံခြုံရေးက
ဒီပန်းတိုင်ကိုရောက်စေနိုင်မယ့် နည်းလမ်းလို့ ရှုမြင်သုံးသပ်ကြပါတယ်။
လူသားလုံခြုံရေးရဲ့ သဘောတရားနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ ရှုမြင်
သုံးသပ်မှုတွေရှိပါတယ်။ ဒါတွေကို ကျဉ်းမြောင်းသောကျောင်း တော် (narrow
school) နဲ့ ကျယ်ပြနဲ့သောကျောင်းတော် (broad school) တို့ရဲ့
ရှုမြင်သုံးသပ်ချက်တွေအနေနဲ့ ခွဲခြား ဖော်ပြ နိုင်ပါတယ်။
ကျဉ်းမြောင်းသောကျောင်းတော်အမြင်ကို
အဆိုပြုသူတယောက်ဖြစ်တဲ့ ပညာရှင် Mack ဆိုသူက လူထုအပေါ်မှာ နိုင်ငံ တော်နဲ့
အခြားနိုင်ငံရေးအစုအဖွဲ့တွေက ခြိမ်းခြောက်နေတဲ့ နိုင်ငံရေး
အကြမ်းဖက်မှုတွေဟာ လူသားလုံခြုံရေးသဘော တရားရဲ့ အဓိက
အာရုံစိုက်မှုဖြစ်သင့်တယ်လို့ ဆိုထားပါတယ်။ Mack နဲ့ သူ့ရဲ့
အင်စတီကျူးရှင်းဖြစ်တဲ့ British Columbia တက္ကသိုလ်၊
လူသားလုံခြုံရေးစင်တာတို့က လူသားလုံခြုံရေးဆိုတာ လူတဦးချင်းစီနဲ့
လူ့အဖွဲ့အစည်းတွေကို စစ်ပွဲနဲ့ အခြားနိုင်ငံရေး အကြမ်းဖက်မှုသဏ္ဌာန်များရဲ့
ခြိမ်းခြောက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းလို့ လက်ခံသတ်မှတ် ထားပါတယ်။
Mack က နိုင်ငံရေးအကြမ်းဖက်မှုအပြင်
အခြားအကြမ်းဖက်မှုသဏ္ဌာန်တွေ ရှိကြောင်းကိုလဲ အသိအမှတ် ပြုပါတယ်။ ဒါပေမယ့်
အခြားအကြမ်းဖက်မှုများနဲ့ ခြိမ်းခြောက်မှုများကို correlates of violence
အဖြစ်သာ သတ်မှတ်ပြီး၊ နိုင်ငံရေး အကြမ်းဖက်မှုတွေကို အာရုံစိုက်ထားပါတယ်။
ရိုးရှင်းစွာကြည့်မယ် ဆိုရင် နိုင်ငံရေးအကြမ်းဖက်မှုများရဲ့
ခြိမ်းခြောက်မှုကို ကြောက်ရွံ့ခြင်းမှကင်းဝေးရေးအတွက် လူသားလုံခြုံရေးက
ကာကွယ်ပေးကြောင်း ကျဉ်းမြောင်းသောကျောင်းတော်က သုံးသပ်ထားပါတယ်။
ကျယ်ပြနဲ့သောကျောင်းတော်ကို
အဆိုပြုသူများကတော့ လူသားလုံခြုံရေးဟာ နိုင်ငံရေးအကြမ်းဖက်မှုများရဲ့ ခြိမ်း
ခြောက်မှုမှ ကင်းဝေးရေးဆိုတာထက် ပိုပြီးကျယ်ဝန်းတယ်လို့
ရှုမြင်သုံးသပ်ကြပါတယ်။ လူသားလုံခြုံရေးဟာ ကြောက် ရွံ့ခြင်းမှကင်းဝေးရေး
ဆိုတာတခုတည်းနဲ့ မလုံလောက်ဘဲ လိုအင်ဆန္ဒမှ ကင်းဝေးရေးကိုလဲ
ထည့်သွင်းစဉ်းစားသင့် ကြောင်း အဆိုပြုထားကြပါတယ်။ ပညာရှင် Thakur နဲ့
တိုကျိုအခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ တက္ကသိုလ်က လူသားလုံခြုံ ရေးဆိုတာကို
လူသားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရဖွယ်ရှိနိုင်တဲ့ ခြိမ်းခြောက်မှုများမှ
ကာကွယ်စောင့်ရှောက်ခြင်းလို့ ရှုမြင်သုံးသပ် ပါတယ်။
ဒီလိုခြိမ်းခြောက်မှုတွေဟာ သဘာဝဘေးအန္တရာယ်ဖြစ်စေ၊ လူသားတွေက ပြုလုပ်တဲ့
anthrogenic activities တွေဖြစ်စေ အကျုံးဝင်ရုံမက၊ နိုင်ငံတွင်းမှာဖြစ်စေ၊
နိုင်ငံပြင်ပမှာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ စီမံ ဆောင်ရွက်မှုဖြစ်စေ
အကျုံးဝင်ပါတယ်။
ကျယ်ပြနဲ့သောကျောင်းတော်အမြင်ရဲ့
ရှုမြင်သုံးသပ်ချက်တွေကို ဝေဖန်ချက်တွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။ ပညာရှင်
Paris ဆိုသူက လူသားလုံခြုံရေးဟာ substance abuse ကနေ
လူမျိုးတုံးသတ်ဖြတ်မှုအထိ အရာအားလုံး အ ကျုံးဝင်နေတာဖြစ်တဲ့အတွက်
လူသားလုံခြုံရေးကို ဖြစ်ပွားစေတဲ့ causal hypotheses တွေ ချမှတ်ဖို့
အရမ်းခဲယဉ်း ကြောင်း ဝေဖန်ထားပါတယ်။ ကျယ်ပြနဲ့သောကျောင်းတော်က ချမှတ်ထားတဲ့
လူသားလုံခြုံရေးရရှိစေမယ့် နည်းလမ်း တွေဟာ ကမ္ဘာ့ကုလသမဂ္ဂ
ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ချမှတ်ထားတဲ့
လူသားဖွံ့ဖြိုးတိုးတက်ရေး (Human Development) နည်းလမ်းများနဲ့
ပိုပြီးဆင်တူပေမယ့် ဖွံ့ဖြိုးတိုးတက်ရေး သဘောတရား ထက်တော့
ပိုပြီးကျယ်ပြနဲ့ပါ တယ်။ အထူးသဖြင့် လူသားတွေရဲ့လိုအင်ဆန္ဒမှ
လွတ်ကင်းရေးအချက်ကိုပါ ထည့်သွင်းထားတဲ့အတွက် ဖြစ်ပါတယ်။
လူသားလုံခြုံရေး သဘောတရားနဲ့ ပတ်သက်ပြီး၊
ကျောင်းတော်များရဲ့ ရှုမြင်သုံးသပ်ချက်တွေအပေါ်မှာ ထပ်မံမေးခွန်း
ထုတ်စရာတွေကလဲ ရှိလာပါတယ်။ လူသားတွေရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနဲ့
လိုအင်ဆန္ဒမှ လွတ်ကင်းရေးအ တွက် အဓိက တာဝန်ရှိတာက
နိုင်ငံတော်ဖြစ်နေတဲ့အတွက်၊ နိုင်ငံတော်ကိုယ်တိုင်က လူသားလုံခြုံရေးကို
ခြိမ်းခြောက် နေတဲ့အခါမှာ ဘယ်လိုဆောင်ရွက်မလဲ၊ အချို့နိုင်ငံတော်တွေရဲ့
ဒီလိုပြုမူချက်ကိုအကြောင်းပြုပြီး လုံခြုံရေးရာမှာ နိုင်ငံ
တော်ဗဟိုပြုလုံခြုံရေးရဲ့ အခန်းကဏ္ဍကို ဖယ်ရှားသင့်သလားဆိုတဲ့ မေးခွန်းတွေ
ဖြစ်ပါတယ်။
ပညာရှင်အချို့က
အချို့နိုင်ငံတော်အစိုးရများရဲ့ လူသားလုံခြုံရေးခြိမ်းခြောက်မှုများကို
အကြောင်းပြုပြီး၊ နိုင်ငံတော်ဗဟို ပြုလုံခြုံရေးရဲ့ အခန်းကဏ္ဍကို ဖယ်ရှားစရာ
မလိုအပ်ကြောင်းနဲ့ နိုင်ငံတော်အစိုးရအားလုံးက လူသားလုံခြုံရေးကို ခြိမ်း
ခြောက်နေတာမဟုတ်ကြောင်း ဆိုထားကြပါတယ်။ အချို့ကလဲ လူသားလုံခြုံရေးကို
လက်တွေ့မှာ တကယ်အကောင်အ ထည်ဖော်ဆောင်ပေးနိုင်တဲ့ အဓိက material assets ဟာ
နိုင်ငံတော်သာဖြစ်ကြောင်း ဆိုကြပါတယ်။ ပညာရှင်အများစု ကတော့ နိုင်ငံတော်ရဲ့
အခန်းကဏ္ဍကို မဏ္ဍိုင်ပြုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်တည်ဆောက်ရေး
လုပ်ငန်းဆောင်တာ တွေမှာ လူသားလုံခြုံရေးအာဂျင်ဒါ (Human Security Agenda)
ထည့်သွင်းထားရေးစတဲ့ အဆိုကို လက်ခံထားကြပါ တယ်။
လူသားလုံခြုံရေးကို နိုင်ငံတော်က
တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ကတော့
လူသားချင်းစာနာမှုဖြင့် ကျူးကျော်စွက်ဖက်ခြင်း (humanitarian intervention)
ဆိုတဲ့ သဘောတရားတခု ထပ်မံပေါ်ထွက်လာပါတယ်။ ဒီသ ဘောတရားနဲ့ ပတ်သက်ပြီးတော့လဲ
အဆိုပြုချက်တွေနဲ့ အငြင်းပွားမှုတွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ Realism
ဝါဒီများက လူသားချင်းစာနာကူညီရေး ရည်ရွယ်ချက်တွေနဲ့
နိုင်ငံတော်အကြမ်းဖက်မှုရှိနေတဲ့ နိုင်ငံတွေကို အခြားနိုင်ငံ များက
ဝင်ရောက်စွက်ဖက် ကျူးကျော်မှုလုပ်တဲ့အခါ ရေရှည်စစ်ပွဲတွေ
ဖြစ်ပေါ်လာနိုင်ပြီး၊ ပြည်သူလူထုရဲ့အကျိုးကို ရေရှည်မှာ
ထိခိုက်လာနိုင်ကြောင်း ဆိုထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျူးကျော်မှုဆိုတာ
နိုင်ငံတနိုင်ငံရဲ့ အချုပ်အ ခြာအာဏာကို ထိပါးခြင်းဖြစ်တဲ့အတွက်
ကမ္ဘာ့လုံခြုံရေးကို ထိခိုက်နိုင်ကြောင်းနဲ့ ပြည်တွင်းစစ်ပွဲ (intra-state
war) ကနေ နိုင်ငံများအချင်းချင်း ဖြစ်ပွားသောစစ်ပွဲ (inter-state war) ကို
ကူးစက်သွားစေတတ်ကြောင်း ဆိုထားခဲ့ပါတယ်။
လူသားချင်းစာနာမှုဖြင့်
ကျူးကျော်စွက်ဖက်ခြင်းကို အဆိုပြုသူများကတော့ နိုင်ငံတကာလုံခြုံရေးရာ
တည်ငြိမ်မှုရှိရေးဟာ နိုင်ငံတခုချင်းစီမှာရှိတဲ့ လူထုရဲ့
လူသားလုံခြုံရေးရှိမရှိပေါ်မှာ မူတည်ကြောင်း ဆိုထားကြပါတယ်။ နိုင်ငံတွင်းမှာ
မှီတင်း နေထိုင်တဲ့ ပြည်သူလူထုရဲ့ ဘ၀က လုံခြုံမှုမရှိဘူးဆိုရင်
နိုင်ငံတော်ကတော့ လုံခြုံမှုရှိနိုင်ပါ့မလားဆိုတဲ့ အချက်ကို မေး
ခွန်းထုတ်လာကြပါတယ်။ နိုင်ငံတနိုင်ငံ အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊
မလုံခြုံမှုပြဿနာတွေဟာ အိမ်နီးချင်းနိုင်ငံ တွေကိုလဲ spillover effects
သက်ရောက်စေနိုင်ကြောင်းနဲ့ ကမ္ဘာ့လုံခြုံရေးကိုပါ ကူးစက်ခြိမ်းခြောက်
လာနိုင်ကြောင်း အဆိုပြုလာကြပါတယ်။
နိုင်ငံတကာအကြမ်းဖက်မှုများပေါ်ထွက်လာခြင်းရဲ့ ကနဦးအစဟာ နိုင်ငံတွင်း
ပဋိပက္ခများက မြစ်ဖျားခံလာတာဖြစ်ကြောင်း ဥပမာများပေးပြီး ဖော်ပြထားကြ ပါတယ်။
ဒီအချက်ဟာ ပဋိပက္ခများဖြစ်ပွားတဲ့ နိုင်ငံအချို့ က နိုင်ငံတကာက
ဝင်ရောက်စွက်ဖက်ကျူးကျော်မှုတွေ ပြုလုပ်လာခြင်းနဲ့ ပတ်သက်ပြီး လူအများက
နားလည်ထောက်ခံ ပေးစေတဲ့ အဆိုပြုချက်ဖြစ်ပါတယ်။
သို့ပေမယ့် ဘယ်လိုအချိန်အခါမျိုးမှာ
ဝင်ရောက်စွက်ဖက်ကျူးကျော်မှုတွေ ပြုလုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီးလို့ တော့
အငြင်းပွားမှုတွေ ဆက်လက်ပေါ်ထွက်လာပါတယ်။ လူသားလုံခြုံရေးနဲ့ international
order အကြားက ဆက် နွယ်မှုတခုတည်းနဲ့ အခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးကို
နိုင်ငံတကာက ၀င်ရောက်စွက်ဖက်ကျူးကျော်မှုကို justify လုပ် လို့
မဖြစ်နိုင်ကြောင်း အချို့ပညာရှင်များက ဆိုလာကြပါတယ်။ အခြားနိုင်ငံတခုရဲ့
ပြည်တွင်းရေးကို နိုင်ငံတကာက ၀င် ရောက်စွက်ဖက်ကျူးကျော်သင့်မသင့်
ဆန်းစစ်ရမယ့် assessment criteria တွေနဲ့ ပတ်သက်ပြီး International
Commission on Intervention and State Sovereignty (ICISS) က (၂၀၀၁)
ခုနှစ်မှာ တင်ပြခဲ့တဲ့ Responsibility to Protect (R2P) ဆိုတဲ့ သဘောတရားကို
မှီငြိမ်းကိုးကားလာကြပါတယ်။ သို့ပေမယ့်လဲ နိုင်ငံအများစုက ဒါကို
operational principle အဖြစ် လက်ခံထားမှု မရှိပါဘူး။
လက်ရှိမှာ ဖွံ့ဖြိုးဆဲနိုင်ငံအများစုက
လူသားလုံခြုံရေးရှိစေဖို့ဆိုရာမှာ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာ
အကူအညီနဲ့ ဆောင်ရွက်ရေးကိုသာ ပိုမိုဇောင်းပေးဆောင်ရွက်ကြပြီး၊
တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ ပတ်သက်လို့ကတော့ unconditional
sovereignty ကိုသာ ဆက်လက်ထားရှိ လိုကြပါတယ်။ အချို့ကိုလိုနီလက်အောက်ခံဘ၀က
လွတ် မြောက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေကတော့ conditional sovereignty
ဖြစ်အောင် ပြုလုပ်ခြင်းဟာ အင်အားကြီး အနောက်နိုင်ငံများရဲ့
ကမ္ဘာ့နိုင်ငံရေးကို စည်းမျဉ်းများချမှတ်ရန် ကြိုးပမ်းမှုနဲ့
နိုင်ငံတကာရေးရာများမှာ ၀င်ရောက်စွက် ဖက်နိုင်ရန်
အကြောင်းပြချက်ပေးခြင်းလို့ ယူဆကြပါတယ်။ ဒါကြောင့် ပြည်တွင်း အကြမ်းဖက်မှု
(internal violence) များကို အာရုံစိုက်တဲ့ လူသားလုံခြုံရေးဆိုင်ရာ
ကျဉ်းမြောင်းသော အယူအဆကို ဖွံ့ဖြိုးဆဲနိုင်ငံအများစုက လက်ခံခြင်းမရှိ ကြပဲ၊
Development agenda ပါဝင်တဲ့ ကျယ်ပြနဲ့သော ကျောင်းတော်အယူအဆကို
လက်ခံထားကြပါတယ်။
(၅၊ ၁၊ ၂၀၁၂)
(၅၊ ၁၊ ၂၀၁၂)
ဒီမိုကရေစီကျင့်သုံးမှု (Democratic Practice) နှင့် လူသားလုံခြုံရေး
လူသားလုံခြုံရေးဆိုင်ရာ
ခြိမ်းခြောက်မှုများဟာ ဒီမိုကရေစီစနစ် ကျင့်သုံးမှု (Democratic Practice)
အားနည်းတဲ့ နိုင် ငံများဆီကနေ မြစ်ဖျားခံလာတယ်လို့ ပညာရှင်များက
ယူဆထားကြပါတယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်သုံးမှုကို အား ကောင်းလာအောင်
လုပ်ဆောင်ခြင်းအားဖြင့် လူသားလုံခြုံရေးရာ ပြဿနာတွေကိုလဲ
ဖြေရှင်းနိုင်လိမ့်မယ်လို့ သုံးသပ် ကြပါတယ်။ ပဋိပက္ခတွေကို
နိုင်ငံရေးဒိုင်ယာလော့ခ် အသုံးပြုပြီး ဖြေရှင်းရေး၊ တရားဥပဒေစိုးမိုးရေး
စတာတွေအတွက် အုပ်ချုပ်ရေးဖြစ်စဉ် (governance processes) မှာ
အားနည်းချက်တွေ ရှိနေတယ်ဆိုရင် ပြည်တွင်းပဋိပက္ခတွေ ကြီး ထွားလာလေ့ရှိပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို နိုင်ငံတော်က
မဖြည့်ဆည်းပေးနိုင် တော့ဘဲ၊ လူ့အဖွဲ့အစည်းက သူ့ဘာသာသူ ရင်ဆိုင်ဖြေရှင်းရတဲ့
အခြေအနေကို ရောက်ရှိသွားတတ်ပါတယ်။ အခြေခံ လူမှုဝန်ဆောင်မှုတွေဖြစ်တဲ့
ကျန်းမာရေး၊ ပညာရေးလုပ်ငန်းဆောင်တာတွေမှာပါ civil society က
အားဖြည့်မောင်းနှင် လာရတတ်ပါတယ်။ ဒီလိုအခြေအနေတွေ တိုးတက်လာစေဖို့
တခုတည်းသော ဖောက်ထွက်နည်းလမ်းကတော့ democratic political order ကို
မဖြစ်မနေတည်ဆောက်ယူခြင်းပဲ ဖြစ်ပါတယ်။
ဒီလို democratic political order ကို
တည်ဆောက်ရေးအတွက် ဒီမိုကရေစီ ကျင့်သုံးမှုရှိဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ
ကျင့်သုံးမှုမှာ သွင်ပြင်လက္ခဏာကြီး (၅) ရပ်ရှိပါတယ်။ ပထမသွင်ပြင် လက္ခဏာကတော့
ပါဝင်ဆောင်ရွက်မှု (participation) ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ
မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအားလုံးဟာ မဲပေးစနစ်နဲ့ ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ်များကို ရွေးချယ်၍ဖြစ်စေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့
အသင်းအဖွဲ့များမှာ ပါဝင်၍ဖြစ်စေ၊ ကိုယ် တိုင်ကိုယ်ကျ တိုက်ရိုက် နိုင်ငံသား
ပါဝင်ပတ်သက်မှုများ ပြုလုပ်၍ဖြစ်စေ၊ ပြည်သူ့ရေးရာဆုံးဖြတ်ချက်တွေမှာ
ပါဝင်ခွင့်ရှိ ရမှာ ဖြစ်ပါတယ်။ ဒုတိယသွင်ပြင်လက္ခဏာကတော့ ဥပဒေစိုးမိုးရေး
(rule of law) ဖြစ်ပါတယ်။ နိုင်ငံတော်က ချမှတ် ကျင့်သုံးနေတဲ့ ဥပဒေ၊
နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများဟာ တရားမျှတမှုရှိရမှာဖြစ်ပြီး၊ ဥပဒေအရ
ဆောင်ရွက်ရာမှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
တတိယသွင်ပြင် လက္ခဏာကတော့ ပွင့်လင်းမြင်သာမှု
(transparency) ဖြစ်ပါတယ်။ အစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့အ စည်းများက
တာဝန်ရှိသူများဟာ ပြည်သူ့ရေးရာလိုအပ်ချက်တွေ၊ ၀န်ဆောင်မှုတွေ၊
ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ပွင့် လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ
ပေးအပ်ဖို့လိုသလို၊ တာဝန်ခံမှုလဲ ရှိရမှာ ဖြစ်ပါတယ်။
စတုတ္ထသွင်ပြင်လက္ခဏာကတော့ တုန့်ပြန်စွမ်းရှိမှု (responsiveness) ဖြစ်ပါတယ်။
အစိုးရများဟာ ပြည်သူလူထုရဲ့ လို လားချက်တွေ၊ တောင်းဆိုမှုတွေ၊ ဆန္ဒတွေနဲ့
ပတ်သက်ပြီး တုန့်ပြန်စွမ်းရှိရမှာ ဖြစ်သလို၊ လိုအပ်တဲ့အချိန်အခါမှာ ပြည်
သူ့ဆန္ဒခံယူပွဲတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပဉ္စမသွင်ပြင်လက္ခဏာကတော့
တန်းတူညီမျှမှု (Equitability) ဖြစ်ပါတယ်။ ဘ၀လူနေမှုအဆင့်အတန်းကို
မြှင့်တင်ဖို့နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ လူတိုင်းမှာ
တန်းတူအခွင့်အရေးရှိရမှာ ဖြစ်ပါ တယ်။
ဒီမိုကရေစီကျင့်သုံးမှုဆိုရာမှာ
ရွေးကောက်ပွဲကျင်းပခြင်း၊ နိုင်ငံရေးပါတီများ တည်ထောင်ခြင်းစတဲ့ structured
processes များသာမက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ
နိုင်ငံရေးပါတီများအဖြစ်သို့ အသွင်ကူးပြောင်းခြင်း၊ ကွဲ ပြားခြားနားသော
လူ့အဖွဲ့အစည်းများတွင် အမျိုးသားညီညွတ်ရေးနှင့် ဘုံရည်မှန်းချက်များ
ရှာဖွေခြင်း၊ နိုင်ငံရေးဒိုင်ယာ လော့ခ်များပြုလုပ်ခြင်း စတဲ့ processes of
change စတာတွေပါ အကျုံးဝင်ပါတယ်။ ဒီမိုကရေစီကို စနစ်တကျ ကျင့်သုံး
နိုင်ရေးအတွက် ဒီမိုကရေစီရဲ့ အနှစ်သာရများကို အုပ်ချုပ်ရေးဝန်ထမ်းများ၊
နိုင်ငံရေးသမားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မ တော်သားများ အပါအ၀င်
ပြည်သူလူထုတရပ်လုံးက လေးစားအသိအမှတ်ပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ
ကျင့်သုံး မှုဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်ဆံရေး (state-society
relations) ကိုလဲ အားကောင်းလာစေနိုင်ပါ တယ်။
လူသားလုံခြုံရေးကို
ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် ဒီမိုကရေစီကျင့်သုံးမှု
မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများ ကို ပညာရှင်များက
တင်ပြရေးဆွဲထားကြပါတယ်။ ပဋိပက္ခများဖြစ်ပွားနေချိန်မှာ
အခြေခံလူ့အခွင့်အရေးများကို အာရုံ စိုက်ဖော်ပြခြင်း၊ လူသားချင်းစာနာမှုဖြင့်
ထောက်ကူပြုမှုများကို တန်းတူညီမျှ ဖြန့်ဝေပေးခြင်း၊ ငြိမ်းချမ်းရေးရလဒ်များ
ပေါ် ထွက်လာစေနိုင်မယ့် inclusive democracy အသွင်ကူးပြောင်းမှုကို
ဖော်ဆောင်ပေးခြင်း စတဲ့ ဒီမိုကရေစီကျင့်သုံးမှု မြှင့် တင်ပေးရေးဆိုင်ရာ
မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို
ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။
အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေမှာတော့
ငြိမ်းချမ်းရေးဖြစ်စဉ် စေ့စပ်ဆွေးနွေးပွဲများ အောင်မြင်စွာ အကောင်အထည်ဖော်
ဆောင်ရေးအတွက် စီမံချက်များရေးဆွဲရေး၊ အသွင်ကူးပြောင်းမှုနဲ့ ပြောင်းလဲမှု
ဖြစ်စဉ်ဆိုင်ရာ အတွေ့အကြုံများကို ပါ ၀င်ဆောင်ရွက်နေကြတဲ့
ရေပေါ်ဆီနိုင်ငံရေးသမားများ သာမကဘဲ၊ လူထုတရပ်လုံးကပါ
ထိတွေ့နားလည်မှုရှိလာစေရေး စတဲ့ ဒီမိုကရေစီကျင့်သုံးမှု
မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို
ကာကွယ်စောင့် ရှောက်နိုင်ပါတယ်။ ရေရှည်တည်ငြိမ်မှုနဲ့
ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရေးအတွက် စာတတ်မြောက်ရေး၊ ပညာရေး၊ ကျန်းမာ ရေး
အခွင့်အလမ်းများ ရရှိရေးလုပ်ငန်းဆောင်တာများမှ ပြည်သူလူထုမှ တက်ကြွစွာ
ပူးပေါင်းပါဝင်လာရေး၊ ၀င်ငွေနဲ့ အ ခွင့်အလမ်းများ တန်းတူညီမျှဖြစ်ရေး၊
ငြိမ်းချမ်းရေးအတွေးအခေါ်များ ပြန့်ပွားလာရေး စတဲ့ ဒီမိုကရေစီကျင့်သုံးမှု
မြှင့်တင် ပေးရေးဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို
ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် လူသားလုံခြုံရေးဆိုတဲ့
သဘောတရားဟာ နိုင်ငံတော်ဗဟိုပြုလုံခြုံရေး သဘောတရားနဲ့ အတွေးအခေါ် တွေကို
စိန်ခေါ်ပြီးပေါ်ပေါက်လာခဲ့တာ ဖြစ်ပေမယ့်၊ လူထုနဲ့ နိုင်ငံတော်အကြားက
ဆက်ဆံရေး၊ နိုင်ငံတော်အချုပ်အခြာ အာဏာရဲ့ အခန်းကဏ္ဍ၊ လူ့အခွင့်အရေး၊
ဖွံ့ဖြိုးတိုးတက်ရေး၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး၊ လိုအင်ဆန္ဒရှိခြင်းမှ
ကင်း ဝေးရေး စတာတွေကို ခြုံငုံပြီး မီးမောင်းထိုးပြထားတဲ့
သဘောတရားဖြစ်တဲ့အတွက် လူ့လောကကို အကျိုးပြုတဲ့ သဘော တရားတရပ် ဖြစ်ပါတယ်။
သို့ပေမယ့်လဲ ဒီသဘောတရားကို နိုင်ငံကြီးအချို့က အခွင့်အရေးယူ၊ အသုံးချမှုတွေ
ပေါ်ထွက် လာနိုင်သလို၊ လူသားလုံခြုံရေးကို နိုင်ငံတော်က
တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေကလဲ ဒီသဘောတရားကို ဆန့်
ကျင်လာကြဦးမှာပဲ ဖြစ်ပါတယ်။ ပညာရှင်လောကမှာပဲ ဒီသဘောတရားနဲ့ ပတ်သက်ပြီး
နိုင်ငံတော်ရဲ့ အခန်းကဏ္ဍ၊ နိုင် ငံတော်နဲ့ လူထုအကြားက ဆက်ဆံရေး၊
ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာရဲ့ အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက် ပြီး
လေ့လာမှုတွေ၊ အငြင်းပွားမှုတွေ ဆက်လက်ပေါ်ပေါက်နေဦးမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ကုလသမဂ္ဂနဲ့ လူသားလုံခြုံရေး ကွန်ယက်မှာ
ပါဝင်တဲ့နိုင်ငံတွေကတော့ လူသားလုံခြုံရေးသဘောတရားကို ဆက်လက် ထောက်ခံ
အားပေးနေကြမယ်လို့ ယူဆရပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၆၊ ၁၂၊ ၂၀၁၂)
ရည်ညွန်းကိုးကား …
Hampson, F.O. Et al. (2002) Madness in the Multitude, Toronto: Oxford University Press.
Hampson, F.O. Et al. (2002) Madness in the Multitude, Toronto: Oxford University Press.
Human Security Centre (2005) Human Security Report, Oxford: Oxford University Press.
Mack, A. (2005) The Human Security Report 2005: War and Peace in the 21st Century, Oxford: Oxford University Press.
Paris, R. (2001) “Human Security: Paradigm Shift or Hot Air?’, International Security, 26 (2), pp. 87-102.
Suhrke, A. (1999) ‘Human Security and the Interest of State’, Security Dialogue, 30 (2), pp. 265-76.
Thakur, R. and Newman, E. (eds.) (2004) Broadening Asia’s Security and Discourse Agenda, Tokyo: United Nations University Press.
Thomas, C. (2000) Global Governance, Development and Human Security, London: Pluto Press.
United Nations
(2005) ‘In Larger Freedom: Towards Development, Security and Human
Rights for All: Report of the Secretary – General”, UN document
A/59/2005.
United Nations,
Commission on Human Security (2003) Human Security Now: Final Report,
New York: United Nations Commission on Human Security.
0 comments:
Post a Comment