Home » » အဆင့်မြင့်တက္ကသိုလ် Center of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၃)

အဆင့်မြင့်တက္ကသိုလ် Center of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၃)



နိဒါန်း
၁။ စာရေးသူအနေဖြင့် အဆင့်မြင့်တက္ကသိုလ် (Center of Excellence) နှင့်ပတ်သက်ပြီး အပိုင်းနှစ်ပိုင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ မိမိရေးနေဆဲ အချိန်မှာပင် ပညာရေးဆိုင်ရာ ထင်ရှားသော ပြောင်းလဲမှုခြေလှမ်းများ စတင်လာခဲ့သည်ကို တွေ့ရှိရသည်။ ထိုအချက်များကို အခြေခံကာ အဆင့်မြင့် တက္ကသိုလ်ဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်သုံးသပ် ရေးသားသွားမည်ဖြစ်ပါသည်။
သုံးသပ်ချက်များ
၂။ ၉-၁၁-၂၀၁၂ ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် နည်းပညာဝန်ကြီးဌာန၏ အမည်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန(Ministry of Communication and Information Technology) အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ သို့ဖြစ်ရာ ယခင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော ကွန်ပျူတာ တက္ကသိုလ်များကို ယခု ပြင်ဆင်ပြောင်းလဲလိုက်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန (Ministry of Communication and Information Technology) တွင် ထားရှိမည်ဆိုပါ ပိုမို ဆီလျော်မှု ရှိမည်ဖြစ်သည်။ ထိုကဲ့သို့ ပြောင်းလဲ ဖွဲ့စည်းမည်ဆိုပါက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲရမည့် အဆင့်မြင့်တက္ကသိုလ် နှစ်ခု (ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်) သာ ရှိမည်ဖြစ်ပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန(Ministry of Communication and Information Technology) အနေဖြင့်လည်း အဆင့်မြင့်တက္ကသိုလ် နှစ်ခု (ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်) ကိုသာ ကြီးကြပ်ကွပ်ကဲရမည်ဖြစ်သည်။ (သို့သော် ပိုမို ကောင်းမွန်သော အကြံပြုချက်ကို နောက်ပိုင်းတွင် တင်ပြပါမည်)
၃။ ယခုအခါ ပညာသင်နှစ်စတင်ရန် အချိန်လွန်စွာ နီးကပ်နေပြီဖြစ်သော်လည်း အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များနှင့် ပတ်သက်သော သိသာထင်ရှားသော ဆောင်ရွက်မှုများကို ပွင့်လင်းစွာမြင်တွေ့နိုင်ခြင်း မရှိသေးပေ။ အခြားနိုင်ငံတကာတက္ကသိုလ်များကဲ့သို့ သင်တန်းနှစ်အလိုက် သင်ကြားပို့ချမည့် ဘာသာရပ်ဆိုင်ရာ အချက်အလက်များကို အဆိုပါတက္ကသိုလ်များ၏ အင်တာနက် Web Site  များတွင် ယခုအချိန်အထိ ဖော်ပြနိုင်ခြင်း မရှိသေးပေ။ စာရေးသူအနေဖြင့် အဆိုပါ တက္ကသိုလ်များ၏ အင်တာနက် Web Site  များတွင်လည်းကောင်း၊ သက်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အင်တာနက် Web Site တွင်လည်းကောင်း အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များနှင့် ပတ်သက်သော အချက်အလက်များကို တွေ့ရှိခြင်း မရှိပေ။ ဤသည်မှာပင် အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များ၏ ပထမဆုံးသော အားနည်းချက်ဖြစ်သည်ကို သုံးသပ်နိုင်ပေသည်။ ( အဆိုပါ ဆက်စပ် web site လိပ်စာများ ကို လေ့လာနိုင်ရန် ဖော်ပြအပ်ပါသည်။ http://www.most.gov.mm/http://www.most.gov.mm/ytu,http://www.most.gov.mm/mtuhttp://www.ucsy.edu.mm)
ဤအချက်သည်ပင် ထို အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များ အမှန်တကယ် အဆင့် မြင့် မမြင့် ဆိုသည်ကို စဉ်းစား ကြည့်နိုင်မည့် အချက်ဖြစ်သည်ကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်သည်ကို လက်ခံရပေမည်။
၎။ ၉-၁၁-၂၀၁၂ ရက်နေ့က ကျင်းပသော ပထအမကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အရေးကြီး အဆိုတင်သွင်းခြင်းကဏ္ဍတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က “ရန်ကုန်ဝိဇ္ဇာနှင့် သိပံ္ပ တက္ကသိုလ်အား ပြုပြင်မွမ်းမံပြီး သင်ထောက်ကူ ပစ္စည်းများနှင့် ဘာသာရပ်ဆိုင်ရာ ပညာများ၌ အဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်မြောက်ရေးအတွက် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေးရာကော်မတီ/ကော်မရှင်အဖွဲ့ဝင်များ၊ ဘာသာရပ် ဆိုင်ရာကျွမ်းကျင် သူများ၊ အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သည့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် (၃) ဦးက ထောက်ခံဆွေးနွေးကြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေက ဝန်ကြီးဌာနက အလေးထားဆောင်ရွက်နေသည့် ကိစ္စတစ်ခု ဖြစ်သဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိပြီးနောင်ပေါ်ပေါက်လာမည့်၊ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းမည့် တက္ကသိုလ်ဥပဒေ ပေါ်ပေါက်သည့်အခါ ပိုမိုကောင်းမွန်သည့်အစီအမံများ ဆောင်ရွက်သင့်ပါကြောင်းဖြင့် ပြန်လည် ရှင်းလင်းဆွေးနွေး ခဲ့သော်လည်း အဆိုရှင်က လွှတ်တော်၏ အဆုံးအဖြတ်ကိုသာ ခံယူလိုကြောင်းဖြင့်တင်ပြရာ ထောက်ခံ ဆန္ဒမဲ များသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းသည်လည်း ပညာရေးလောကကို ရိုတ်ခတ်လာနိုင်မည်ဖြစ်သည်။ (ဤနေရာတွင် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသလောက်ကိုသာ သိရှိရသဖြင့် ထိုအချက်ကိုအခြေခံကာသာ ရေးသားရခြင်းဖြစ်ပါသည်။ အဆိုရှင်၏ တင်ပြချက် အပြည့်အစုံကို ဖတ်ရှုရခြင်း မရှိသေးသဖြင့် ပိုမိုပြည့်စုံအောင် သုံးသပ်မှုမပြုလုပ်နိုင်ခြင်းမှာ စာရေးသူ၏ အားနည်းချက်သာ ဖြစ်ပါသည်။)
၅။ ထို့ပြင် အဆိုပါနေ့တွင်ပင် ငါန်းဇွန်မဲဆန္ဒနယ်မှဒေါက်တာမြဦးက “နိုင်ငံတော်ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်သော ပညာရေးကဏ္ဍ မြင့်မားရေးအတွက် ခိုင်မာသည့် အမျိုးသားပညာရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းရေး” အဆိုကို တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် (၃) ဦးကဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဘရွှေက ဝန်ကြီးဌာနအနေဖြင့် အဆိုကို ကြိုဆို ထောက်ခံပါကြောင်းဖြင့် ပြန်လည်ဆွေးနွေး တင်ပြရာယင်းအဆိုကို လွှတ်တော်ကသဘောတူသည့်အတွက် ဒေါက်တာမြဦး၏အဆို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါ ဥပဒေသည်လည်း ပညာရေးကဏ္ဍကို လာရောက် ရိုက်ခတ်နိုင်သော ဥပဒေတစ်ခု ပေါ်ထွန်းလာမည့် ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။
၆။ အဆိုပါနေ့တွင်ပင် ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်၏ “အဆင့်မြင့်တက္ကသိုလ်များပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်များ(လှိုင်နယ်မြေ)ကို အကျိုးရှိစွာ အသုံးပြုမည့်အစီအစဉ်များ ဆောင်ရွက် ထားရှိမှု ရှိ/မရှိသိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဘရွှေက တက္ကသိုလ်များ (လှိုင်နယ်မြေ)၌ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးခြင်း၊ ဘူမိဗေဒ ဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ သိပံ္ပလက်တွေ့ခန်းသုံး ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အဆောင်များနှင့် လုံးချင်းအိမ်ရာများတွင် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ နေထိုင်ရေးအတွက် နေရာချထား စီစဉ်ဆောင်ရွက် ပေးခြင်း၊မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ရုံးနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့ ဖွင့်လှစ်ထားရှိခြင်း၊ ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းအတွက် အသုံးပြုခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့် တက္ကသိုလ်ပညာရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် အကျိုးရှိစွာ အသုံးပြုမည့် အစီအစဉ်များ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။ သို့ဖြစ်ရာ တက္ကသိုလ်များ လှိုင်နယ်မြေ ပြန်လည် သက်ဝင်လှုပ်ရှားလာနိုင်စေမည့် မေးခွန်းတစ်ခုဖြစ်သည်ကို လေ့လာ သိရှိနိုင်ပေသည်။
၇။ သို့ဖြစ်ရာ အဆိုပါ ဆောင်ရွက်ချက်များအရ လွှတ်တော်အသီးသီးအနေဖြင့်လည်း မြန်မာနိုင်ငံပညာရေး တိုးတက်ပြောင်းလဲပြုပြင်မှုလုပ်ငန်းများကို အင်တိုက်အားတိုက် ဆွေးနွေးဆောင်ရွက်နေကြပြီဖြစ်သည်ကို တွေ့ရှိ ရပါသည်။ အဆိုပါ အချက်သည်လည်း မြန်မာ့ပညာရေးလောကကို ရိုတ်ခတ်လာနိုင်သော လှိုင်းလုံးများဖြစ်သည်ကို မည်သူမဆို သိရှိနိုင်ပေသည်။ အဆိုပါ ပညာရေးပြုပြင်ပြောင်းလဲမှုလှိုင်းများ ရိုတ်ခတ်လာပါက ဆက်လက် တည်တံ့နိုင်မည့် ရေရှည်ခိုင်မြဲသော အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များဖြစ်စေရန် မည်ကဲ့သို့ ကြိုတင်မြော်မြင် စီစဉ်ထားရှိပါသနည်းဆိုသည်ကိုလည်း သိရှိရန်လိုအပ်ပေသည်။
၈။ စာကြည့်တိုက်များ၏ အနေအထားသည်လည်း တက္ကသိုလ်တစ်ခု၏ အဆင့်အတန်းကို ဖော်ပြခြင်းဖြစ်ရာ အဆိုပါ အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များရှိ စာကြည့်တိုက်များတွင် တည်ရှိသော စာအုပ် အမျိုးအစား၊ စာအုပ်အရေအတွက်၊ ကျောင်းသားကျောင်းသူများ အသုံးပြုနိုင်မှု၊ ၀န်ထမ်းများအသုံးပြုနိုင်မှုတို့ကိုလည်း လေ့လာ ဆန်းစစ်ပြုပြင်ရန်လိုအပ်မည်ဖြစ်သည်။ ပုံမှန် စာအုပ်စာတမ်းများ ပြည့်စုံရန် လိုအပ်သည့်အပြင် ခေတ်မှီ electronic library များကို အမှန်တကယ် လိုအပ်နေသည်မှာ ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပေ။
၉။ ထို့ပြင် လက်ရှိခေတ်ကာလ အခြေအနေအရ တက္ကသိုလ် တစ်ခု၏ အဆင့်သည် အင်တာနက် အသုံးပြုနိုင်မှု သည်လည်းအရေးပါ အရာရောက်သည်ဖြစ်ရာ တက္ကသိုလ်၏ Campus Network System မည်မျှကောင်းမွန်သည်၊ အင်တာနက် ဆက်ကြောင်းများ မည်မျှ အသုံးပြုနိုင်စွမ်းရှိ၍ stakeholder များ မည်မျှ access ပြုလုပ်နိုင်သည် ဆိုသည်မှာလည်း အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များ၏ အရည်အသွေးကို သတ်မှတ်ရာတွင် စဉ်းစားဆုံးဖြတ်ရမည့် အချက်ပင်ဖြစ်ပါသည်။
အကြံပြုချက်
၁၀။ စနစ်ဟောင်းမှ ခံယူချက်များ (mind set) ရှိနေသေးခြင်းသည်လည်း ပညာရေးမြှင့်တင်မှုပြုလုပ်ရာတွင် အခက်အခဲတစ်ခုဖြစ်နေရာ ခံယူချက်များ (mind set) ကိုပြောင်းလဲရန်အဓိက လိုအပ်နေပါသည်။ လက်ရှိ ဆောင်ရွက်နေသူ အများစုမှာ ခံယူချက်ဟောင်းများဖြင့်သာ ဆောင်ရွက်နေကြခြင်းဖြစ်ရာ ကျေနပ်အားရစရာ ကောင်းသော result များ ပေါ်ထွက်လာရန်မှာ မျှော်လင့်ချက် နည်းပါးနေပါသည်။
၁၁။ ယခုအခါအဆင့်မြင့်ပညာအဆင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိဝန်ကြီးဌာနအလိုက် သီးခြားစီသာ ဆောင်ရွက်နေသည့် သဘောကို တွေ့မြင်နေရသဖြင့် အခြေခံအဆင့်နှင့် အဆင့်မြင့်ပညာအဆင့်ကိုလည်း အချိတ်အဆက်မိမိ ပြုပြင်ပြောင်းလဲရန်လိုအပ်နေသည်ကို တွေ့ရှိရပါသည်။
၁၂။ အကောင်းဆုံးအနေအထားမှာ တက္ကသိုလ်များကို ပညာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုကိုသာ ပြုလုပ်ခြင်းဖြစ်ပါသည်။ ဤနေရာတွင် တက္ကသိုလ်၏ အနိမ့်ဆုံးစံသတ်မှတ်ချက်ကို ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးပြီး စီမံခန့်ခွဲမှုအ၀၀ကို သက်ဆိုင်ရာတက္ကသိုလ်ကောင်စီကသာ တာဝန်ယူသည့် ပုံစံ ပြောင်းလဲ သင့်ပါသည်။ တက္ကသိုလ်အသီးသီးသည် Autonomous Body အဖွဲ့အစည်းအဖြစ်သာ ရပ်တည်သင့်ပါသည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်လက်ခံခြင်းကိုပင် မိမိတို့တက္ကသိုလ်၏လိုအပ်ချက်အလိုက် မိမိတို့ဘာသာ သတ်မှတ်ရန် ဖြစ်ပါသည်။ ယခုလက်ရှိကျင့်သုံးနေသော ခွဲတန်း စနစ်ကို ပယ်ဖျက်ရပါမည်။ တက္ကသိုလ်၏ ၀န်ထမ်းခန့်အပ်သည့် ပုံစံကိုလည်း နိုင်ငံတကာ တက္ကသိုလ်များကဲ့သို့ ပင် ခန့်အပ်သင့်ပါသည်။
၁၃။ ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုတွင်ပါရှိသော ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို National Level University တစ်နည်းအားဖြင့် အမျိုးသားတက္ကသိုလ် အသွင်ပြောင်းကာ ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်များ သာမက (ဆေးပညာမဟာဌာန၊ အင်ဂျင်နီယာမဟာဌာန၊ စိုက်ပျိုးရေးပညာမဟာဌာန၊ ပညာရေး မဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဇီဝနည်းပညာမဟာဌာန၊ သတင်းအချက်အလက်နည်းပညာမဟာဌာန စသည်ဖြင့် ဖွဲစည်းကာ) ဘာသာရပ်ပေါင်းစုံသင်ကြားပေးနိုင်မည့် တက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်သင့်ပါသည်။
၁၄။ ကျောင်းသားကျောင်းသူများကိုလည်း Campus Life ကို အပြည့်အ၀ပေးနိုင်ရန် ကျောင်းဆောင်များ ထားရှိသင့်ပါသည်။ ထိုကိစ္စကိုလည်း ပြန်လည်ဆောင်ရွက်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ အချင်းချင်းပိုမိုစည်းလုံးနိုင်ရုံသာမက ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း ဆရာဆရာမများ၏ အုပ်ထိန်းမှုအောက်တွင်ပင်ရှိနေမည်ဖြစ်ရာ ဆရာတပည့်ဆက်ဆံရေးလည်းပိုမိုပီပြင်မှု ရှိလာမည်ဖြစ်သည်။
၁၅။ စာရေးသူအနေဖြင့် ယခင်အတိုင်းဆက်လက်ပြောလိုသည်မှာ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence)များအနေဖြင့် တက္ကသိုလ် တစ်ခု၏ ဆောင်ရွက်ချက်များ ဖြစ်သော သုတေသနများပြုလုပ်ဆောင်ရွက်ခြင်း (Research)၊ သင်ကြားပို့ချခြင်း (Teaching)၊ မိမိတို့ သုတေသနတွေ့ရှိချက်များကို ဖြန့်ဝေခြင်း(Publishing) တို့ကိုလည်း ဆောင်ရွက်နိုင်ရန် ဦးစားပေးလုပ်ဆောင်ရေးမှာလည်း အလွန် အရေးကြီးပေသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်မှာ လိုအပ်သော လက်တွေ့စမ်းသပ်ခန်း အသုံးအဆောင်များ (Lab Facilities)များကို ဖြည့်ဆည်းပေးကာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်ကန့်သတ်ချက်မရှိ  ၂၄နာရီ အသုံးပြုနိုင်စေရန်ကို စီမံ ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။ ၂၄ နာရီ မီးလင်း အလုပ်လုပ်နေသော လက်တွေ့စမ်းသပ်ခန်းများရှိနေရန် လိုအပ်နေပေသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်မှာ လိုအပ်သော ငွေကြေး ထောက်ပံ့မှုသည် စဉ်ဆက်မပြတ်ဖြစ်စေရန်လိုအပ်ပါသည်။ 
၁၆။ တက္ကသိုလ်စာကြည့်တိုက်၏ အဆင့်ကိုလည်း လိုက်လျောညီထွေ မြှင့်တင်ပေးရန်လိုအပ်ပါသည်။ ခေတ်မီပြည့်စုံသော စာအုပ်များသာမက electronic library အဆင့်ကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သင့်ပါသည်။
နိဂုံး
၁၇။ “If you want your country to get rich, emphasize on education” ဟူသော ဆောင်ပုဒ်ကို သတိချပ်ကာ နိုင်ငံ့ အဆင့်အတန်း မြင့်မားစေရေးအတွက် ပညာရေးကို အလေးထားဆောင်ရွက်သင့်ပေသည်။ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့”  ဟူသော ဆောင်ပုဒ်ကို မိမိတို့ ယခု ဆောင်ရွက်ချက်မျှလောက်ဖြင့် လက်တွေ့ အကောင်အထည်ပေါ်လာမည် မဟုတ်သည်ကို သိရှိနားလည်သင့်ပေသည်။ ယခင့် ယခင် ကာလများကအတိုင်း ကောက်ရိုးမီး ဆောင်ရွက်ချက်များဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အောင်မြင်နိုင်မည် မဟုတ်သည်ကို သတိမူ သင့်ပါသည်။ သင်ခန်းစာလည်း ယူသင့်ပါပြီ။ အပြောလှရုံ၊ အလုပ်ပြရုံသက်သက်ဖြင့်တော့ အဆင့်မြင့် တက္ကသိုလ် (Center of Excellence) ဟု လေသံ မဟစ်ကြပါနှင့်ဟုသာ ဆိုလိုက်ချင်ပါသည်။
စံပယ်မ
အဆင့်မြင့် တက္ကသိုလ် Center of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၁)
အဆင့်မြင့် တက္ကသိုလ် Center of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၂)
(ဆောင်းပါးအမှတ်စဉ် (၁) နှင့် (၂) ကို မောက္ခပညာရေးမဂ္ဂဇင်းတွင် ဖော်ပြပြီးနောက် စာရေးသူကို မှတ်ချက် ရေးသားပေးခဲ့ကြသူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ စာရေးသူသည် လက်ရှိတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသော အရာထမ်းတစ်ဦးဖြစ်ပါသည်။ မိမိ၏တင်ပြချက်များ၊ အဆိုပြုချက်များသည် သက်ဆိုင်ရာကို ပေါက်ရောက်နိုင်စွမ်း မရှိပါသဖြင့် (တင်ပြ အကြံပြုဖူးခဲ့သော်လည်း အသိအမှတ် ပြုခြင်း မရှိခဲ့ပါ) ဆောင်းပါးအဖြစ် ရေးသားကာ မောက္ခ ပညာရေးမဂ္ဂဇင်းသို့ ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးကို ဖော်ပြပေးသော မောက္ခပညာရေး မဂ္ဂဇင်းကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။ ဆောင်းပါးပါ အချက်အလက်များ မပြည့်စုံခြင်း၊ သုံးသပ်ချက်များ ပီပြင်မှု မရှိခြင်းများသည် စာရေးသူ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။ မိမိ၏ ရေးသားအကြံပြုချက်များသည် မြန်မာ့ပညာရေးကို တစ်စိတ်တစ်ဒေသ တစ်ထောင့်တစ်နေရာက အကျိုးပြုနိုင်လျှင်ပင် မိမိအနေဖြင့် ရေးသားရသည့် တန်ဖိုးတစ်စုံတစ်ရာ ရရှိသည်ဟု ခံယူပါသည်။ စာရေးသူအား ဝေဖန်အကြံပြု လိုပါက  sabalmalay27612@gmail.com သို့ တိုက်ရိုက်ဆက်သွယ်ပေးပို့နိုင်ပါသည်။)

  စံပယ်မ
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG