Home » » တရုပ်ပြည်ကြီးဆီက သင်ခန်းစာ

တရုပ်ပြည်ကြီးဆီက သင်ခန်းစာ



 
စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ လူမှုရေးမတည်ငြိမ်မှု နဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ဘယ်လိုဆက်စပ်နေပါသလဲ။
တရုပ်ပြည်ကြီးမှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေအပေါ် ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို လေ့လာသုံးသပ်သင့်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံရဲ့ ဒီဇင်ဘာ (၆) ရက်နေ့ညပိုင်း အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား

မကြာသေးမီရက်များအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပန်တောင်းတောင် ဆန္ဒပြပွဲအပေါ်ဖြိုခွဲမှု မြင်ကွင်းတွေဟာ ပြည်တွင်းပြည်ပနိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှာ စိတ်မချမ်းသာစရာ၊ ဒေါသထွက်စရာတွေဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရခိုင်ဒေသတွေမှာ ပြည်တွင်းစစ်ပွဲတွေနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားနေချိန်မှာ ဒဏ်ရာရနေတဲ့ ဘုန်းတော်ကြီးတွေ၊ ငိုယိုနေတဲ့ ကျေးလက်ပြည်သူတွေရဲ့ ဘဝတွေကို မြင်တွေ့ခံစားနေကြရသူတွေအဖို့ တပူပေါ် နှစ်ပူဆင့်ဆိုသလို ဖြစ်ခဲ့ကြရပါတယ်။ တချို့ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲနေချိန်မှာ ဒါမျိုးတွေဖြစ်လေ့ဖြစ်ထရှိတယ်လို့ လွယ်လွယ်ကူကူကောက်ချက်ချခဲ့ကြပေမဲ့၊ တချို့ကတော့ ခရိုနီ အရင်းရှင်စံနစ်ကြီးထွားလာချိန်မှာ ကြုံတွေ့နိုင်တဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ထောက်ပြသတိပေးနေသူတွေလည်း ရှိနေပါတယ်။ တကယ်တော့ ခြစားအကျင့်ပျက်မှုနဲ့ခရိုနီစီးပွားရေးသမားတွေရဲ့ တာဝန်မဲ့မှုကြောင့် လူမှုရေးမတည်ငြိမ်မှုတွေ နဲ့ နိုင်ငံခေါင်းဆောင်ပိုင်းတွေရဲ့ သမိုင်းကို ညစ်ထေးနာမည်ပျက်စေခဲ့တဲ့ဖြစ်ရပ်တွေက ကျနော်တို့ အိမ်နီးနားချင်း နိုင်ငံတခုဖြစ်တဲ့ တရုပ်ပြည်ကြီးမှာလည်း ကြုံတွေ့နေရပါတယ်။



တရုပ်ပြည်ရဲ့ မြေယာဆိုင်ရာ ဝန်ကြီးဋ္ဌာနရဲ့ တရားဝင် ဝန်ခံချက်အရ၊ ၁၉၉၈- ၂၀၀၅ ခုနှစ်အတွင်း လယ်ယာမြေ တွေ အပေါ် တရားမဝင် သိမ်းပိုက်မှု အဖြစ်အပျက် စုစုပေါင်း တသန်းကျော်ရှိခဲ့တယ် လို့ ဆိုပါတယ်။ သိမ်းပိုက်ခံရတဲ့ လယ်မြေဧက ကိုးသိန်းကျော် မှာ ပြုလုပ်ခဲ့တဲ့ စီမံကိန်းတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင်၊ စီမံကိန်းအားလုံး ရဲ့ ၂၂ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းနီးပါးဟာ တရားမဝင် စီမံကိန်းတွေဖြစ်တယ်။
လယ်သမားတွေဟာ အစပိုင်းမှာ တရုပ်ကွန်မြူနစ်ပါတီရဲ့တိုင်းပြည်ခေတ်မှီတိုးတက်ရေး ဆိုတဲ့ကြွေးကြော်သံကို လိုက်လျောတဲအနေနဲ့ သူတို့လယ်ဧကထောင်ပေါင်းများစွာကို ပေးဆပ်ခဲ့ပါတယ်။ ဒါပေမဲ့ ခြစားအကျင့်ပျက်တဲ့အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ကိုယ်ကျင့်သိက္ခာမရှိတဲ့ စီးပွားရေးသမားတွေရဲ့ အကျိုးတူ လောဘရမက်ကြီးထွားမှုအောက်မှာ ဓါးစားခံဖြစ်ခဲ့ကြရတယ်။ သူတို့ရဲ့လယ်မြေတွေက နှင်ထုတ်ခံရပါတယ်။ တဘက်မှာတော့ လယ်ယာမြေတွေကို အသုံးပြုပြီး စီးပွားရေးလုပ်ခဲ့တဲ့ အကျိုးအမြတ်ဟာ ၂၀၁၀ ခုနှစ်မှာ ဘီလျှံ ၄၂၀ နီးပါး ရခဲ့ပါတယ်။ အဲ့ဒီ ဒေသတွေဆီမှာ တနှစ်အတွင်းမှာ ၇၀ ရာခိုင်နှုန်းကျော်အထိ စီးပွားတက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လယ်သမားအများစုကတော့ ရော်ကြေးငွေ အနည်းငယ်သာရပြီး သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုရှင်သန်ရမှန်းမသိခဲ့ဘူး။

တကယ်တော့ တရုပ်ပြည်မှာ တနှစ်အတွင်း လယ်သမားဆန္ဒပြပွဲစုစုပေါင်း တသိန်းနီးပါးရှိတယ် လို့ ဆိုပါတယ်။
မသေချာမရေရာတဲ့ အနာဂတ်တခုကို ရင်ဆိုင်ကြုံတွေ့လိုက်ပြီးတဲ့ နောက်မှာ၊ ခြစားအကျင့်ပျက်မှုတွေ ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရှုတ်ချလိုက်ကြပြီး၊ သူတို့ရဲ့ တရားဝင် အခွင့်အရေးတွေအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတော့တယ်။ တချို့ကတော့ အစိုးရပိုင်အဆောက်အဦတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြသလို၊ တချို့ကတော့ လယ်မြေတွေကို ဘူဒိုဇာနဲ့ထိုးမြေလှန်ဖို့ကြိုးစားနေတဲ့ စက်ယန္တယားတွေရှေ့မှာ စုံရုံး တားဆီးအာခံလေ့ရှိကြပါတယ်။ ဒေသဆိုင်ရာလုံခြုံရေးရဲအရာရှိတွေကလည်း ဆန္ဒပြပွဲကို အလျော့မပေးစတမ်း အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ မျက်ရည်ယိုဗုံး ပစ်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေနဲ့သာ အဆုံးသတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြေရှင်းမှုတွေရဲ့ အကျိုးဆက်ဟာ တရုပ်ပြည်ကွန်မြူနစ်ပါတီရဲ့အကြီးအကဲတွေကို ခေါင်းခဲစေခဲ့ပါတယ်။ ပြဿနာတွေဟာ မီးခိုးကြွက်လျှောက်ဖြစ်လာပြီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို တသီကြီးဖေါ်ထုတ်တွေ့ရှိခဲ့ကြပါတော့တယ်။


******Zhang Musheng ဆိုတဲ့လူက ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုကို အဓိကလေ့လာ သုံးသပ်နေတဲ့ ပညာရှင်တယောက် ဖြစ်တယ်။ သူ့ရဲ့ ယဉ်ကျေးမှု နှင့် သမိုင်း အပေါ် ပြောင်းလဲလာသော ကျနော်တို့ရဲ့ အမြင်များ ဆိုတဲ့စာအုပ်ကို စစ်သိပ္ပံတက္ကသိုလ် က ထုတ်ဝေခဲ့ပြီး သူ့ရဲ့ မြေယာပြုပြင်ပြောင်းလဲရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအမြင်တွေကို တရုပ်ကွန်မြူနစ်ပါတီရဲ့ လယ်ဝဲလက်ယာ နိုင်ငံရေးသမားတွေ အပါအဝင်၊ စစ်ခေါင်းဆောင်အများစုက ကြိုက်နှစ်သက်ခဲ့ကြတယ်။ သူက.......


ကျနော်တို့ရဲ့ တရုပ်ပြည်ဟာ ချမ်းသာကြယ်ဝလာတာ မှန်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးစုကျော်အတွင်းမှာ လယ်သမားတွေရဲ့ သူတို့ရဲ့ မြေအကျယ်အဝန်း၊ စကွဲယားကီလိုမီတာ နှစ်သိန်းကျော် ကို တိုင်းပြည်အတွက် ပံ့ပိုးလှူဒန်းခဲ့ကြတယ်။ ဒါကြောင့်လည်း တရုပ်ပြည်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ထွီလျှီ ၁၀၀ ရမ်မီဘီ အရင်း စုဆောင်းထားနိုင်ခဲ့တယ်။

လွန်ခဲ့တဲ့ အတိတ်တုံးကတော့ အင်ပါယာနိုင်ငံဟာ သူများနိုင်ငံတွေအပေါ် လက်နက်ရောင်းပြီး ကြီးပွားချမ်းသာအောင် လုပ်ခဲ့ပါတယ်။ ခုတော့ ကျနော်တို့ဟာ ကျနော်တို့ ပြည်သူတွေအပေါ်မှာ လုယက်ပြီး ကြီးပွားချမ်းသာအောင် လုပ်သလို ဖြစ်နေပြီ။ ခရိုနီတွေကြီးစိုးတဲ့ အရင်းရှင်စံနစ်ဟာ ချည်းနင်းဝင်ရောက်လာခဲ့ပါပြီ။ ကျနော်တို့ဟာ အင်မတန်ရွံ့စရာကောင်းတဲ့ မငြိမ်သက်မှုတွေကို ဖန်တီးခဲ့မိပြီ။ ဒီဟာတွေကို ရှင်းလင်းပစ်မှဖြစ်မယ်။ ဒီကနေ့တရုပ်ပြည်မှာ အလွှာပေါင်းစုံက ဖိအားပေးနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတောင်းဆိုသံတွေဟာ ၁၉၇၈ ကာလတုံးက တောင်းဆိုခဲ့ကြတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အသံတွေထက် အင်အားပြင်းထန်နေပါတယ်။ ဆွေးနွေးငြင်းခုန်ဖို့ မလိုဘူးဆိုတဲ့ကြွေးကြော်သံဟာ ခေတ်မရှိတော့ပါဘူး။ လယ်သမားတွေရဲ့ ဘဝတွေဟာ အဆင်ပြေသွားပါလိမ့်မယ်ဆိုတဲ့ ဆင်ခြေတွေလည်း ရပ်လိုက်ပါတော့။ ဒီကနေ့ဟာ တရုပ်ပြည်အတွက် အကြီးမားဆုံးနိုင်ငံရေးအကြပ်အတည်းကာလပါ။ ကျနော်တို့တတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြရပါမယ်။ ******

ဒါပေမဲ့ Zhang Mushang က ဒီလိုကိစ္စကို ဖြေရှင်းကြတဲ့အခါ နိုင်ငံခေါင်းဆောင်တွေ သတိထားလုပ်ဆောင်ရမဲ့ နိုင်ငံရေးအစီအစဉ်တွေကို ချပြခဲ့ပါတယ်။ သူက သူ့အယူအဆကို အခုလိုတင်ပြခဲ့ဘူးပါတယ်။
တရုပ်ပြည်ကို ကယ်တင်မဲ့သူဟာ တရုပ်ကွန်မြူနစ်ပါတီဖြစ်တယ်။
တရုပ်ကွန်မြူနစ်ပါတီကို ကယ်တင်မဲ့အရာကတော့ ဒီမိုကရေစီသစ်ဖြစ်တယ် ဆိုပြီး ကွန်မြူနစ်ခေါင်းဆောင်တွေကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အပြင်းအထန် တိုက်တွန်းခဲ့ပါတယ်။


သောတရှင်များခင်ဗျား
တရုပ်ဝန်ကြီးချုပ်ဝန်ကျားပေါင် ကတော့ လယ်သမားတွေရဲ့လယ်မြေတွေကို တရားမဝင်သိမ်းပိုက်နေမှုဟာ သမိုင်းဆိုင်ရာအမှားတခုဖြစ်တယ်။ အာဏာပိုင်တွေကို အသုံးချပြီး ခြစားအကျင့်ပျက်နေတဲ့ စီးပွားရေးသမားတွေ၊ ပါတီခေါင်းဆောင်တွေကို စစ်ဆေးအရေးယူရမယ် လို့ ဆော်သြခဲ့ဘူးပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်တဲ့ကာလမှာ သက်ဆိုင်ရာ အစိုးရတွေ ကိုယ်တိုင်က လူမှုရေးမတည်ငြိမ်မှုတွေ၊ ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေကို မပြုလုပ်ဖို့လိုပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ ဘဝလုံခြုံရေးတွေကို မဖြည့်ဆည်းပဲ၊ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလများကလို နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အမှောင်ခေတ်ဆီကိုပြန်သွားချင်တဲ့ ဆန္ဒတွေကို ချိုးနှိမ်ထားဖို့လိုပါလိမ့်မယ်။ သောတရှင်မြန်မာပြည်သူတွေလည်း စီးပွားရေး၊ နိုင်ငံရေးပြေလည်အောင် ဖန်တီးပေးနိုင်မဲ့ အစိုးရတွေနဲ့ ဆုံဆည်းနိုင်ကြပါစေ။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG