စီမံကိန်း လုပ်ငန်းများကြောင့် လူထုဘဝ၏ ရေရှည်အကျိုးဖြစ်ထွန်း မှုကို ထိခိုက်စေနိုင်ပြီး အိုးအိမ် လယ်မြေ များ ဆုံးရှုံးစေခြင်း၊ သဘာဝ အရင်းအမြစ်များ ပျက်စီး၍ ရိုးရာ အမွေအနှစ်များ တိမ်ကောပပျောက် လာနိုင် ခြင်းနှင့် တရား ဥပဒေ စိုးမိုးမှုကို လျော့ရဲစေမှု ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ၂ဝ၁၅ ခုနှစ် ရောက်သည့် တိုင် နမ့်ခမ်းမြို့နယ် အတွင်း ၌ ကြီးမားသော စီမံကိန်း များ ရင်းနှီးမြှုပ်နှံရန် မလိုအပ်သေးသည့် အပြင် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်များအား ကာကွယ် ပေးနိုင်ရန် အတွက်ကြောင့် ပြည်တွင်း ပြည်ပမှ ကုမ္ပဏီ လုပ်ငန်းရှင်များ အနေဖြင့် စီမံကိန်း လုပ်ငန်းကြီးများကို ဆောလျင်စွာ ဆောင်ရွက်ခြင်း မပြုကြရန်နှင့် ဆောင်ရွက်လာပါက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) တို့မှ ပူးပေါင်း ကန့်ကွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ အခြေအနေအရ ပြည် တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဆိုပါက ဒေသခံများ၏ လုပ်ငန်းများကိုပါ လွှမ်းမိုးမှုများ ပြုလုပ်လာနိုင်ပြီး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယခင်ကလည်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုကြောင့် မြို့ခံတောင်သူ လယ်သမားများ၏ လယ်ယာမြေများ ဆုံးရှုံးခဲ့ ရကြောင်း၊ ယင်းဆုံးရှုံးမှုများ အတွက် ဒေသခံ များအား နစ်နာကြေးများ ပြန်လည် ပေးလျော်ခဲ့ရာတွင်လည်း ထိုက်သင့်သည့် လျော်ကြေးများ မရရှိ ခဲ့ကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နမ့်ခမ်း မြို့နယ် အတွင်းရေးမှူး ဦးစိုင်းထွန်းလှ က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။
ဆက်လက်၍ ပူးတွဲကြေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ဦးစိုင်းထွန်းလှက “အခုလက်ရှိ ကျွန်တော်တို့ ဒေသမှာ အလုပ်လာလုပ်နေတဲ့ ကုမ္ပဏီတွေကတော့ တရုတ်နိုင်ငံကဖြစ်ပါတယ်။ သူတို့က ပြည်တွင်းကုမ္ပဏီ တွေနဲ့ ပူးပေါင်းပြီး အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တာပါ။ လွန်ခဲ့တဲ့ ဧပြီလက ဆိုရင် ကုမ္ပဏီ ၃ ခုပူးပေါင်းပြီး ကျွန်တော်တို့ မြို့မှာ လယ်ဧပေါင်း ၃ သောင်းကျော်ကို စီမံကိန်းလုပ်ဖို့ အတွက် သက်ဆိုင်ရာကို စာတင် ထား တယ်လို့ကြားသိခဲ့ရပါတယ်။
အဲဒီတုန်းကတော့ ကျွန်တော်တို့ ဒေသရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကနေ ပြည်သူတွေဘက်က ရပ်တည်ပြီး သမ္မတဆီကို စာတင်ခဲ့တဲ့အတွက် အဲဒီစီမံကိန်း ပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ တခြားစီမံကိန်းတွေ လုပ်ဆောင်မယ် လို့ ကြားသိရတဲ့အတွက် နဲ့ ပူးပေါင်းပြီး ကြေညာ ချက် ထုတ်ထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း သူတို့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာမယ် ဆိုရင်တော့ ကျွန်တော်တို့ဘက် ကလည်း ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဆောင်ရွက် သွားမှာပါ”ဟု ရှင်းလင်း ပြောကြား ခဲ့သည်။
0 comments:
Post a Comment