Home » » “ဖက်ဒရယ်အတု” သတိပြု

“ဖက်ဒရယ်အတု” သတိပြု


          
“ဖက်ဒရယ်အတု”  သတိပြု
တူမောင်ညို၊ နိုဝင်ဘာ ၁၀၊ ၂၀၁၂

၂၀၀၈ အခြေခံဥပဒေအပါအဝင် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုရှိခဲ့သည်။ 

          – ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ
          – ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ
          – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူ၍ဖြစ်သည်။
          ထိုဥပဒေ သုံးခု၏ အခြေခံတူညီချက်ကိုပြောဟုဆိုလာလျှင် –
          –  ဒီမိုကရေစီအခွင့်အရေး ပြည့်ပြည့်ဝဝ မရှိခြင်း နှင့်
          – တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ မရှိသည့်အချက်  ၂ ချက်ကိုပြသ ရမည်သာ ဖြစ်သည်။
 အဆိုပါအချက် ၂ ချက် ကင်းမဲ့နေမှုကို ယနေ့အထိ မရပ်စဲနိုင်သေးသော “ပြည်တွင်းစစ်” ဆိုသည့် ဖြစ်ရပ်က အထင်အရှား သက်သေခံနေပါသည်။ “ပြည်တွင်းစစ်” သည် လွတ်လပ်ရေးနှင့် မရှေးမနှောင်းဖြစ်ပွားပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ “ပြည်တွင်းစစ်” သည် အရင်းစစ်လိုက်လျှင် ပြည်တွင်းနိုင်ငံရေးပြဿနာ၏ တိုက်ရိုက်အဆက်ပင်ဖြစ်သည်။ ဒီမိုကရေစီကင်းမဲ့မှု၏ ပြယုဂ်လည်းဖြစ်သည်။ ဒီမိုကရေစီအပြည့်အဝရှိနေလျှင် မည်သူက လက်နက်ကိုင်ခုခံတော်လှန်နေမည်နည်း။
          တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာ (ဝါ) ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးပြဿနာသည် အစပထမတွင် ထိုစဉ်က တည်ဆဲ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တောင်းဆိုခဲ့သော ပြဿနာသာ လျှင်ဖြစ်သည်။
          သို့သော်လည်း အုပ်စိုးသူ (ဖဆပလ) အစိုးရသည် အခြေခံဥပဒေဘောင်ထဲက ပြေလည်စွာ ဖြေရှင်း နိုင်ခဲ့ခြင်းမရှိချေ။ သို့ဖြင့် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများသည် လက်နက်စွဲကိုင်ခုခံတောင်းဆိုရသော ဘဝအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။
          တိုင်းပြည်တွင် ဒီမိုကရေစီအခွင့်အရေး ပြည့်ပြည့်ဝဝ မရှိခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးမရှိခြင်းသည် ယနေ့အထိတိုင် ပြေလည်အောင်ဖြေရှင်းနိုင်ခြင်းမရှိသေးသောပြဿနာအဖြစ်တည်ရှိနေရသည်။
          ပြည်တွင်းစစ် မရပ်စဲနိုင်ခြင်းဟူသောအချက်သည် ဒီမိုကရေစီပြည့်ပြည့်ဝဝမရှိကြောင်းနှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိကြောင်း ဝန်ခံနေခြင်း/သက်သေခံနေခြင်းပင်ဖြစ်ပါသည်။
          ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်တွင်းစစ်ကိုရပ်စဲနိုင်သလော၊ ဒီမိုကရေစီအပြည့်အဝ ရရှိနိုင်သလော၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မည်လော။
          နှိုင်းယှဉ်ချက်အားဖြင့်ဆိုလျှင်  ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်တွင်းစစ်ကိုရပ်စဲနိုင်သည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဖေါ်ဆောင်နိုင်သည့် အခွင့်အလမ်း တစ်စုံတစ်ရာရှိသည်ဟု ပြောနိုင်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံတွင် ထိုအခွင့် အလမ်းမျိုးမပါရှိချေ။
ထို့အပြင် ကြံ့ဖွံ့အစိုးရ က ကိုင်စွဲထားသည့် “ထာဝရငြိမ်းချမ်းရေးပေါ်လစီ” ဆိုသည်မှာ အရင်းစစ်လိုက်လျှင် လက်နက်ချ၊ တပ်ဖျက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲဝင်ရေးသာဖြစ်သည်။
          ယခုလည်း “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဆင်ဘဲ တန်းတူညီမျှ အခွင့်အရေးတွေရနိုင်တယ်၊ ဖက်ဒရယ်မူအတွက် ဖောင်ဒေးရှင်းတွေ ချနိုင်တယ်” ဟုပြောဆိုသံထွက်လာသည်။
          ကွန်ဟိန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု(SNDP)နှင့် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီးခွန်မြတ် (ကြံ့ဖွံပါတီ) တို့ကို ထိုဥပဒေကြမ်းရေးဆွဲဖို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က တာဝန်ပေးသည်ဟုဆိုသည်။ 


                ဒေါ်နန်းဝါနု က


“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်စရာမလိုဘဲနဲ့ တိုင်းရင်းသားတွေကို အခွင့်အရေးအပြည့်အဝပေးပြီးတဲ့ ဥပဒေတွေ၊ ဇယား ၂ က ဟာတွေကိုအခြေခံပြီးတော့ ဖက်ဒရယ်မူနဲ့တူတဲ့ တန်းတူညီမျှမှုရှိတဲ့ တိုင်းနဲ့ပြည်နယ်ကို စီမံခန့်ခွဲခွင့်ပေးထား တဲ့ ဥပဒေရေးဆွဲလို့ရတယ်။ ဒီပုံစံကိုဖြစ်အောင်ရေးဆွဲဖို့ဆိုပြီး ကျမနဲ့ ဦးတီခွန်မြတ် ကို ညွန်ကြားတာရှိတယ်ရှင့်”
ဟု ပြောတာကြားရ သည်။
          ယခုလုပ်နည်းသည် တိုင်းရင်းသားပြည်သူများနှစ်သက်လိုလားသည့် ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်ရေး ဦးတည်ချက်ကို လမ်းလွှဲ လိုက်ခြင်း၊ သရုပ်ဖျက်ခြင်းတစ်မျိုးသာဖြစ်သည်။
          ၁၉၆၂ တွင် “ဖက်ဒရယ်မူ”ကိုအကြောင်းပြပြီးအာဏာသိမ်းခဲ့သော စစ်အုပ်စုသည် ယခုအခါ “ဖက်ဒရယ်မူ”ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲမှာပင် တစတစဖေါ်ဆောင်သွားနိုင်သည်ဟူသော နှပ်ကြောင်း လက်တွေ့လုပ်ဆောင်လာနေပြီ ဖြစ်သည်။
          အဓိကအာဏာမဏ္ဍိုင်ကို မထိပါးနိုင်သည့် အခြေခံပေါ်တွင် အာဏာကိုင်ထားနိုင်သူသည် သဏ္ဍာန်မျိုးစုံဖြင့် လှည့်ဖျားအယုံသွင်း သွားနိုင်သည်ချည်းပင်ဖြစ်သည်။ လှည့်ဖျားအယုံသွင်းခဲ့ဖူးသည့် သာဓကမြောက်များစွာလည်းရှိခဲ့သည်။
          “မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်”(ဆိုရှယ်လစ်အတု) ဖြင့်လှည့်ဖျားခဲ့ပြီ။
          “အမျိုးသားညီလာခံ” (အမျိုးသားညီလာခံအတု) ဖြင့် လည်း  အယုံသွင်းခဲ့ပြီ၊
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” (ဒီမိုကရေစီအတု) ဆိုသည်ဖြင့်လည်း မျက်မှန်စိမ်းတပ်ပေးခဲ့ပြီ၊
သူ့ထက်ငါဦး ထောက်ခံကြိုဆိုပါဝင်ခဲ့ကြဖူးသည်၊ ပါဝင်နေကြသည်။ သို့ဖြင့် ရိုးအ သူများ/ အခွင့်အရေး မျှော်မြင်သူများ ထိုလှည့်ဖျားမှု၊ အယုံသွင်းမှုများ တွင် အလုံးအရင်းဖြင့် ပါသွားခဲ့ကြဖူးသည်။
          ယခုလည်း “၂၀၀၈ အခြေခံဥပဒေဘောင်ထဲတွင် ဖက်ဒရယ်မူကို တစတစ အကောင်အထည် ဖော်နိုင်သည်”  ဆိုသော (ဖက်ဒရယ်အတု) ဖြင့် သွေးဆောင်နေပြီ၊ နှပ်ကြောင်းပေးနေသည်။ တရံမလပ်နိုင်ငံရေးသတိရှိကြရန် နှိုးဆော်ပါသည်။
          ဒီမိုကရေစီပြည့်ပြည့်ဝဝရလိုလျှင် ပြည်ထောင်စုစစ်စစ်ကို တကယ်တန်းလိုလားလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှသာဖြစ်နိုင်မည်။ အကောင်အထည်ဖေါ်နိုင်မည်။
 ယင်းသို့မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကနေ “ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်နိုင်သည်ဟု ထင် မှတ်မှားမိလျှင် သို့မဟုတ် ယူဆမိလျှင် ထိုသို့ထင်မှတ်မှားမိသူ သို့မဟုတ် ယူဆမိသူ ပုဂ္ဂိုလ်/ ပါတီအဖွဲ့အစည်းသည်  ဒီမိုကရေစီ ပြည့်ပြည့်ဝဝရရှိရေးနှင့် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးဦးတည်ချက်တို့ကို ကျောခိုင်းပစ်ပယ်သူ၊ ပုဂ္ဂိုလ်/ ပါတီအဖွဲ့အစည်းသာဖြစ်ပါလိမ့်မည်။
ညွန်း
- ဒေါ်နန်းဝါနု နှင့် ဘီဘီစီ ( ဦးဝင်းမြင့်) အင်တာဗျူး ဘီဘီစီ ၈ နိုဝင်ဘာ ၂၀၁၂ ညပိုင်း

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG