Home » » အမေရိကန် စစ်ဘက်အရာရှိများ မြန်မာနိုင်ငံသို့ ရောက်ရှိ

အမေရိကန် စစ်ဘက်အရာရှိများ မြန်မာနိုင်ငံသို့ ရောက်ရှိ


အမေရိကန်စစ်ဘက်နှင့် အရပ်ဘက်အရာရှိ ၃ဝ ကျော်ပါ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် မြန်မာ့စစ်ဘက်နှင့် မြန်မာအစိုးရ တို့နှင့် ထိတွေ့ဆက်ဆံရန် ဝါရှင်တန်၏ အလုံးစုံ တွန်းတင်ရေး အစီအစဉ်အရ  ယခုသီတင်းပတ် ကုန်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာသည်။ ဤခရီးစဉ်က မြန်မာစစ်ဘက်နှင့် ထိတွေ့ဆက်ဆံရေး ပိုမိုတိုးမြှင့်မှုနှင့် ပတ်သက်သော အခြေ အတင် ငြင်းခုံ ဆွေးနွေးမှုကို ဥရောပနှင့် အခြား အနောက်နိုင်ငံများ အတွင်း တိုးပွားလာစေသည်။

ပစိဖိတ် စစ်ဌာနချုပ် အကြီးအကဲ ဒုဗိုလ်ကြီး ဖရန့်စစ် ဝိုင်ယာဆင်စကီအမေရိကန်ပြည်ထောင်စုသည် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် နှစ်များတွင်ပင် မြန်မာနိုင်ငံ၌ အမေရိကန် စစ်သံမှူးများကို ဆက်လက် ထားရှိခဲ့သည်။ မည်သို့ ပင်ဆိုစေ ယခုခရီးစဉ်တွင် အမေရိကန် စစ်တပ်၏ ပစိဖိတ် စစ်ဌာနချုပ် အကြီးအကဲ ဒုဗိုလ်ကြီး ဖရန့်စစ်ဝိုင် ယာဆင်စကီ ကဲ့သို့သော အကြီးတန်း  အမေရိကန် စစ်ဘက် အရာရှိများ ပါဝင်နေခြင်း သည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ ရေရှည် တည်တံ့စေရန် သို့မဟုတ် တိုင်းရင်းသား လူနည်းစု များနှင့် ငြိမ်းချမ်းရေး သဘောတူညီ ချက်များ ရရှိစေရန် အတွက် မြန်မာ စစ်ဘက်ကို ထောက်ပံ့ ကူညီမှုမှာ မရှိမဖြစ် အရေး ပါကြောင်း ဝါရှင်တန်တွင် တိုးပွားလာနေသော အမြင် အယူအဆကို ထင်ဟပ်နေပေသည်။ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (Centre for Strategic and International Studies) မှ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာ တစ်ခုတွင်
စစ်ရေးဆက်ဆံမှုများ ပုံမှန်ပြန်ဖြစ်ရေး ကြိုတင် လုပ်ဆောင်မှုအဖြစ် နှစ်နိုင်ငံကြား စစ်ရေး လေ့ကျင့် မှုနှင့် ကူးလူး ဆက်ဆံမှု အစီအစဉ်များကို အမေရိကန် ပြည်ထောင်စုက စတင်သင့်ကြောင်း သတိပေး ရေးသား ခဲ့သည်။
ယခု ခရီးစဉ်မှာ လွန်ခဲ့သောလက သမ္မတ ဦးသိန်းစိန်နှင့် နိုဘယ်(လ)ဆုရှင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့၏ အောင်မြင်သော အမေရိက ခရီးစဉ်များ နောက်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး မြန်မာစစ်ဘက်နှင့် အမေရိကန် ထိတွေ့ဆက်ဆံရေးကို ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ပြ ခဲ့သည်။ မြန်မာအစိုးရသည် အဓိက တိုင်းရင်းသား သူပုန်အုပ်စု ၁၁ ခုမှ ၁ဝ ခုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များ ရယူခဲ့သော်လည်း မြောက် ပိုင်းကချင်ပြည်နယ်တွင်မူ စစ်တပ် ထိုးစစ်သတင်းများနှင့် ရွာသူရွာသား များ အခြေမဲ့ အနေမဲ့ ဖြစ်ရမှု သတင်းများမှာ ဆက်လက်ထွက်ပေါ်  နေဆဲဖြစ်သည်။
ကချင်တပ်မှူးများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန် အစိုးရက ကြိုးစားနေသည့် တစ်ချိန်တည်းတွင် အခြား တိုင်းရင်းသားလူမျိုးစု အုပ်စုများ အထူးသဖြင့် ကေအင်ယူအတွင်း တင်းမာမှုများက လွန်ခဲ့သော ၈ လ တွင် လက်မှတ် ရေးထိုးခဲ့သည့် သဘောတူညီချက်များ၏ ပျက်စီးလွယ်မှုအပေါ် စိုးရိမ်ပူပန်မှုများ တိုးပွား လာစေသည်။

အမေရိကန် စစ်ဘက် ကိုယ်စားလှယ် အဖွဲ့၏ ယခုအပတ် ခရီးစဉ်နှင့် တစ်ချိန်တည်းတွင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဘန်း (စ) ကလည်း အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်သည်။ အရှေ့ အာရှဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဗစ်ကရန်ဆင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်(ခ) မစ်ချယ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမျိုးသား လုံခြုံရေး ကောင်စီ၊ အမိမြေ လုံခြုံရေး ဝန်ကြီးဌာန၊ ယူအက်(စ) အိတ်(ဒ)တို့မှ အကြီးတန်း အရာရှိများလည်း ပါဝင်မည်ဖြစ်သည်။

သူတို့သည် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  အခြား အကြီးတန်း အရာရှိများနှင့် တွေ့ဆုံမည် ဖြစ်ပြီး အစိုးရအပြင် တိုင်းရင်းသားလူမျိုးစုအုပ်စု ခေါင်းဆောင်များ၊ ရိုဟင်ဂျာ မူဆလင်များ၊ ရခိုင် ဗုဒ္ဓဘာသာဝင်များ၊ အလုပ်သမား သမဂ္ဂများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် အဖွဲ့များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

Ref: By Gwen Robinson in Bangkok
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG