Home » » နိုဝင်ဘာတွင် အမေရိကန်၊ ဗြိတိန်အပါအ၀င် ပြည်ပနိုင်ငံများနှင့် အပြန်အလှန် ငွေလွှဲနိုင်မည်

နိုဝင်ဘာတွင် အမေရိကန်၊ ဗြိတိန်အပါအ၀င် ပြည်ပနိုင်ငံများနှင့် အပြန်အလှန် ငွေလွှဲနိုင်မည်




နိုင်ငံတကာနှင့် ငွေလွှဲပို့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော Western Union Money Transfer အဖွဲ့နှင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်၍ လာမည့်နိုဝင်ဘာလမှ စတင်ကာ နိုင်ငံတကာနှင့် အပြန်အလှန် ငွေလွှဲနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါဘဏ်များမှ သတင်းရရှိသည်။

“Western Union Money Transfer လုပ်နေတဲ့ ဘဏ်လုပ်ငန်းဖြစ်လို့ သူနဲ့ချိတ်ဆက်ပြီးရင်တော့ နိုင်ငံတကာကို အလွယ်တကူ ငွေလွှဲပို့တာ လုပ်လို့ရသွားမယ်။ တစ်နိုင်ငံချင်းဆီမှာ ရှိတဲ့ဘဏ်တွေနဲ့ ချိတ်ဆက်စရာမလိုဘဲ နိုင်ငံတကာငွေလွှဲပို့တာကို ဆောင်ရွက်သွားနိုင်မယ်”ဟု စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Western Union အဖွဲ့သည် မြန်မာနိုင်ငံနှင့် အဓိကငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေသော စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများအပြင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် အီးယူနိုင်ငံများ အပါအ၀င် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ ခန့်ဖြင့် ချိတ်ဆက်ကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

“Western Union နဲ့ ချိတ်ဆက်ပြီးသွားရင် အဝေးရောက်နေတဲ့ နိုင်ငံသားတွေ ငွေလွှဲပို့တဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ နေ့ချင်းရောက် ငွေလွှဲပို့နိုင်မယ့် အားသာချက်တွေ ရှိလာမယ်”ဟု MOB ဘဏ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးသန်းဝင်းကပြောသည်။
လက်ရှိတွင် Western Union နှင့် ချိတ်ဆက်လုပ်နိုင်ရန် ဆောင်ရွက်နေသော MOB နှင့် စီဘီဘဏ်များကို ထိုအဖွဲ့မှ လုပ်ငန်းကျွမ်းကျင်သည့် ၀န်ထမ်းများ လာရောက်၍ သင်တန်းများ ပေးပို့နေကြောင်း သိရသည်။

လတ်တလောတွင် ငွေလွှဲပို့လုပ်ငန်းများကို ဆောက်ရွက်နိုင်ရန် စီဘီဘဏ်အနေဖြင့် မလေးရှားနိုင်ငံရှိ Maybank, IME Money Express တို့နှင့်လည်းကောင်း၊ စင်ကာပူနိုင်ငံရှိ BKK Forex Pte Ltd ငွေလွှဲလုပ်ငန်း၊ Singapore Post ငွေလွှဲလုပ်ငန်းများဖြင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ ထိုင်းနိုင်ငံရှိ Bangkok Bank တို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ထိုကြောင့် နိုင်ငံတကာမှ ငွေလွှဲပို့သူများအနေဖြင့် Western Union နှင့် ချိတ်ဆက်ထားသောဘဏ်များ (သို့မဟုတ်) ထိုအဖွဲ့အစည်းဆိုင်းဘုတ်ချိတ်ကာ လုပ်ဆောင်နေသော နေရာများတွင် မိမိပို့လိုသောနိုင်ငံကိုပြော၍ ပေးပို့နိုင်မည်ဖြစ်သည်။

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG