Home » » တပ် ထိပ်တန်းအရာရှိများ ပါမည်ဖြစ်၍ KIO နှင့်အစိုးရ ဆွေးနွေးရန်နေရာ ညှိဆဲ

တပ် ထိပ်တန်းအရာရှိများ ပါမည်ဖြစ်၍ KIO နှင့်အစိုးရ ဆွေးနွေးရန်နေရာ ညှိဆဲ

ဖနိဒါ 
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ယခုတကြိမ် ပြန်လည်တွေ့ဆုံရာတွင် တပ်မတော်မှ ထိပ်တန်း အရာရှိကြီးများလည်း ပါဝင်မည်ဖြစ်၍ တွေ့ဆုံဆွေးနွေးရန် နေရာ ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

ဇွန်လ ၂ဝ ရက်နေ့က KIO နှင့် အစိုးရ နှစ်ဘက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တရုတ်နယ်စပ် မိုင်ဂျာယန်တွင် သုံးကြိမ်မြောက် အလွတ်သဘော တွေ့ဆုံခဲ့ပြီး နောက်တကြိမ် တွေ့ဆုံမှုတွင် နှစ်ဖက် စစ်ဘက် ဆိုင်ရာများနှင့် ပါဝင်ဆွေးနွေးရန် သဘောတူခဲ့သည်။

ကချင်ပြည်နယ်၊ ဗန်းမော် သို့မဟုတ် ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် တွေ့ဆုံရန် အစိုးရဘက်မှ အဆိုပြုချက်များကို KIO ဘက်က သဘောမတူဘဲ တရုတ်နိုင်ငံ၊  ရွှေလီမြို့တွင် တွေ့ဆုံရန် ပြန်လည်အဆိုပြုထားသည်။

သို့သော် တပ်မတော် အရာရှိအများအပြားဖြင့် တဖက်နိုင်ငံတွင် သွားရောက် ဆွေးနွေးကြရန်မှာ အခက်အခဲရှိနေ၍
တွေ့ဆုံမည့် အစီအစဉ်ကို ဆက်လက် ညှိနှိုင်းနေသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

“ဝန်ကြီး ဦးအောင်မင်း အနေနဲ့တော့ ဘယ်နေရာဖြစ်ဖြစ် တွေ့လို့ ရတယ်။ ဒါပေမယ့် တခြား တပ်မတော် တာဝန်ရှိတွေ ပါမယ်ဆိုတော့ ပြင်ဆင်ကြတဲ့ သဘောပါပဲ။ စစ်ဘက်က လူအများကြီးပါတဲ့ အဖွဲ့ဆိုတော့ သူများနိုင်ငံသွားလို့ သိပ်ပြီးတော့ မသင့်တော် အဆင်မပြေတော့ ညှိနေကြတယ်။ ခုတော့ အဲဒီလောက်မှာပဲ စောင့်နေရတယ်”ဟု မဇ္ဈိမကို ပြောသည်။

နေရာညှိနှိုင်း ပြေလည်၍ ပြန်လည်တွေ့ဆုံဖြစ်ပါက KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံရန် ဖြစ်သည်။

သို့သော် KIO တပ်မဟာ ၃ နယ်မြေ မိုင်ဂျာယန်နှင့် လွယ်ဂျယ်မြို့အကြား ပရန်ဝမ်ဒေသ သို့မဟုတ် ရွှေလီမြို့တွင်
တွေ့ဆုံရန် ဇူလိုင်လ ၁၇ ရက်နေ့က စာရေးသားခဲ့မှုကို တလကျော်ကြာ အစိုးရဘက်ကမှ မည်သို့မျှ တုံ့ပြန်မှု မရှိသေးခြင်းကြောင်း KIO ဘက်မှ ပြောသည်။

“ကျနော်တို့ ပြောထားတဲ့နေရာကို သူတို့ လာနိုင်ရင်တော့ တွေ့မှာပဲ။ သူတို့ဘက်က ဒု-ကာကွယ်ရေးဦးစီးချုပ် လာရင် လက်မှတ်ရေးထိုးပြီဆိုတဲ့ သဘောလား။ ဒု-ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အဆင့် အရာရှိဖြစ်လို့ နယ်စပ်ဒေသမှာ မသွားနိုင်ဘူးဆိုပြီး ပြောနေတယ်ဆိုရင်တော့ တခြားလူတွေ လာလို့ ရတာပဲ” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန် က မဇ္စျိမကို ပြောသည်။

ကချင် အကျိုးဆောင်များကလည်း ဇူလိုင်လ ၂၈ ရက်နေ့က စုံစမ်းမေးမြန်းခဲ့ရာ အစိုးရအဖွဲ့အတွင်း ဝန်ကြီး အပြောင်းအလဲများ ပြုလုပ်ခြင်းနှင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတို့ကြောင့် မအားလပ်သဖြင့် စာမပြန်နိုင်သေးကြောင်း ဝန်ကြီး ဦးအောင်မင်း၏ ရုံးတာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ပြောသည်။

ထို့ပြင် အစိုးရအနေဖြင့် ထိုးစစ်ဆင်မှု မရပ်ဆိုင်းဘဲ ဒေသခံ ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်နေခြင်းများသည် ငြိမ်းချမ်းရေး တွေ့ဆုံမှုတွင် အဟန့်အတား ဖြစ်စေသည်ဟု ဦးလနန်က ပြောသည်။

“သူတို့လုပ်နေတာက ကျနော်တို့ လက်နက်ကိုင်တဲ့လူတွေကို စစ်ဆင်ရေး လုပ်တာ မကဘဲ ဒေသခံပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်နေတာတွေက တွေ့ဆုံမှုမှာ အနှောက်အယှက် ဖြစ်နေတယ်ဆိုတာပဲ။ ပြည်သူတွေကို အဲဒီလို နှိပ်စက် သတ်ဖြတ်နေတာတွေ ရှိရင်တော့ ကျနော်တို့ဘက်က အလျှော့ပေးနိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရဘက်မှ စစ်ဆင်ရေး အနည်းငယ် လျော့နည်း သွားသော်လည်း သြဂုတ် ၃ ရက်နေ့က မြစ်ကြီးနား- လိုင်ဇာကားလမ်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဦးလနန် က ပြောဆိုသွားသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG