Home » » မတရားသင်း ပုဒ်မဖြင့် ဖမ်းဆီးခံရသူ ကချင်အမျိုးသားတဦး လွတ်မြောက်လာ

မတရားသင်း ပုဒ်မဖြင့် ဖမ်းဆီးခံရသူ ကချင်အမျိုးသားတဦး လွတ်မြောက်လာ

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် နှစ်လကြာ တရားရင်ဆိုင်ခဲ့ရသူ အသက် ၅ဝ နှစ်အရွယ် ကချင်အမျိုးသား ဦးဘောမ်ဇုန်သည် အင်္ဂါနေ့က မြစ်ကြီးနားမြို့နယ် တရားရုံးမှ အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပြီဟု သိရသည်။

ဝိုင်းမော်မြို့နယ်၊ ဂါးရားယန်ကျေးရွာမှ ဦးဘောမ်ဇုန်းအား ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ မြို့ပေါ်သတင်းပေး၊ KIO ၏ ရပ်မိရပ်ဖနှင့် လက်နက် သယ်ဆောင်သည်ဟု စွပ်စွဲခံရကာ တရားရင်ဆိုင်ခဲ့ရာမှ မြို့နယ် တရားသူကြီး ဦးမြင့်ထူး က အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“သူ့ကို အချက် သုံးချက်နဲ့ စွဲတယ်။ ဒါပေမယ့် သူက KIO ကို သတင်းပေးလုပ်တာ အထောက်အထား မတွေ့ဘူး။ ရပ်မိရပ်ဖ လုပ်တာလည်း မတွေ့ရဘူး။ KIO နဲ့ အရင်တုန်းက ဆက်သွယ်တယ်ဆိုတာလည်း အမှုမပေါ်ပေါက်ဘူး။
ပေါ်တာသွားတယ် ဆိုတာက အဲဒီနေရာမှာက KIO လွှမ်းမိုးတဲ့နေရာ ဖြစ်တယ်။ KIO ခေါ်လို့ သွားတာက သူ့သဘော အတိုင်း သွားတာမဟုတ်လို့ အပြစ်မရှိဘူး ဆိုပြီး လွှတ်ပေးလိုက်တယ်” ဟု ဦးဘောမ်ဇုန်း၏ အကျိုးဆောင်ရှေ့ ဦးဂျီမာခါး က မဇ္ဈိမကို ပြောသည်။

ဦးဘောမ်ဇုန်းအား ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလက KIO ၏ တပ်ရင်း ၃ တပ်ဖွဲ့များက လက်နက်သယ်ဆောင်ရန် သုံးလခန့် ကြာ ပေါ်တာဆွဲခေါ် ခံခဲ့ရပြီးနောက် တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဆွေမျိုးများ
နှင့်အတူ နေထိုင်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဂါးရားယန်ကျေးရွာ သူကြီးဟောင်း ဦးဘောမ်ဇုန်းအား ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး မေလ ၉ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီးနောက် မေလ ၂၃ ရက်နေ့တွင် မြစ်ကြီးနားထောင်သို့ အပို့ခံခဲ့ရသည်ဟု ပြန်လည် လွတ်မြောက်လာသူ ဦးဘောမ်ဇုန်း က ပြောသည်။

သူ့အား နှိပ်စက်ညှဉ်းပန်းခြင်း မရှိသော်လည်း တခြားသူများကိုမူ နှိပ်စက်မှုများ ရှိနေသည်ဟု ဆိုသည်။

“ကျနော်က ဘာမှ အပြစ်မရှိဘူး။ သူတို့က မတရားဖမ်းထားတာပါ။ ခုလည်း မတရား အဖမ်းခံထားရတဲ့ လူတွေ ရှိတယ်။ ကျနော့်ကိုတော့ နှိပ်စက်တာ မရှိဘူး။ တခြား လူတွေကို ဖယောင်းတိုင်နဲ့ ဓါးမီးညှိပြီး တို့ပေးတယ်လို့ ပြောတယ်။ အဲဒါ က ဒဏ်ရာတွေ ရှိနေတယ်” ဟု ဦးဘောမ်ဇုန်း က မဇ္ဈိမကို ပြောသည်။ သူသည် အစာအိမ်ရောဂါနှင့် အူကျရောဂါ ခံစားနေရသဖြင့် ဆေးဝါးကုသရန် လိုအပ်နေသည်ဟု ဆိုသည်။

ပြည်နယ် တရားရုံးက မတရားသင်း ဆက်သွယ်မှုဖြင့် စွပ်စွဲခံရသူများကို စတင်လွှတ်ပေးနေသော်လည်း တချို့အမှုသည် များအား အခြားပုဒ်မများဖြင့် ပြောင်းလဲ၍ အမိန့်ချမှတ်နေမှုများ ရှိနေသည်ဟု ဦးဂျီမာခါး က ဆိုသည်။

ဦးဘောမ်ဇုန်း လွတ်မြောက်လာသော်လည်း အင်္ဂါနေ့တွင်ပင် အခြားကချင်အမျိုးသား နှစ်ဦးကို အပြစ်ရှိသည်ဟူ၍
ပြစ်ဒဏ်များ  ထောင်ဒဏ် ၆ လမှ တနှစ်အထိ အမိန့်များ ချမှတ်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ဖားကန့်မြို့မှ ကိုဇော်ခါးကို ထိန်ချန်မှု ပုဒ်မ ၂ဝ၂ ဖြင့် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့ရာ ချုပ်ရက်ဖြင့် ခြောက်လပြည့်သဖြင့်
ပြန်လည် လွတ်မြောက်ခဲ့သည်။ အခြားကချင်အမျိုးသားတဦးကိုမူ ခြောက်လန့်တောင်းယူမှု ပုဒ်မ ၃၈၄ ဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခဲ့ရာ လက်ရှိ မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် အကျဉ်းချနေရသည်ဟု ဆိုသည်။

အလားတူ  ယမန်နေ့ကလည်း မြစ်ကြီးနားမြို့နယ် နမ်ဂျိမ်ရွာမှ ကိုမရမ်မုန်းအောင်ကလည်း မူလကက ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ခြောက်လန့်တောင်းယူမှု ပုဒ်မ ၃၈၄ ဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ဦးဘောမ်ဇုန်း အား တရားဥပဒေအရ စီရင်ချက် ချမှတ်ပေးသည့်အတွက် ဝမ်းသာသော်လည်း တခြား ကျန်ရှိနေသေး သည့် ဖမ်းဆီးခံရသူများကိုလည်း တရား ဥပဒေအရ စီရင်ပေးစေလိုကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“ကျနော် မြင်ရတာက အခု ဖမ်းဆီးခံရတဲ့လူတွေက မတရားဖမ်းဆီးခံရတဲ့ လူတွေ များနေတယ်။ ဒါကြောင့် ဥပဒေအရ တရားစီရင်ပေးဖို့ မျှော်လင့်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ကချင်ပြည်နယ်တွင် မတရားသင်း ဥပဒေဖြင့် စွပ်စွဲခံ၍ တရားရင်ဆိုင်နေရသူ အနည်းဆုံး ၅ဝ ကျော် ရှိသည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။ ထိုအထဲ ဖောက်ခွဲ ၃ ဖြင့် စွတ်စွဲခံထားရသူ ၁ဝ ဦးကျော် ရှိသည်။

ဖနိတာ (mizzima )
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG