Home » » ကချင်ပြည်နယ်၊ ပူတာအို ဆန်ပြတ်နေဆဲ

ကချင်ပြည်နယ်၊ ပူတာအို ဆန်ပြတ်နေဆဲ

ဖနိဒါ
 ဆန်ရှားပါးမှု ကြုံတွေ့နေရသော ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်အတွင်းရှိ ကျေးရွာ များအား ကြံ့ခိုင်ရေးပါတီမှ ဆန်များ ရောင်းချပေးခြင်း ရပ်တန့်သွား၍ ဒေသခံများ ပိုမိုကြပ်တည်းလျက်ရှိသည်ဟု ပူတာအိုမြို့ခံများက ပြောသည်။

“မနေ့က ကြံ့ခိုင်ရေးကနေ ကြားတာက ရောင်းစရာ မရှိတော့ဘူး။ ကုန်နေပြီ။ နောက်ထပ် မြစ်ကြီးနားကနေ ရောက်လာမှ ပြန်ရောင်းပေးမယ်။ မြစ်ကြီးနားက ရောက်လာမှ ရောင်းပေးဖို့ အစီအစဉ်တော့ ရှိတယ်လို့ ပြောတယ်။ ဘယ်နေ့ရောက်မယ်ဆိုတာတော့ မပြောဘူး” ဟု ပူတာအိုမြို့ခံ ကိုအဂျုံက ပြောသည်။

ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများသည် ထမင်းအစား ဆန်ပြုတ် သောက်နေရကြောင်းလည်း ၎င်းက “ရွာတွေမှာက တအားပြတ်လတ်နေပြီ။ ဒီကို ဆန်လာဝယ်တဲ့လူတွေရဲ့ ရုပ်တွေကို ကြည့်လိုက်ရင် တအားပိန်ပြီး မျက်စိတောင် အထဲရောက်နေတာ။ တချို့ဆိုရင် ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေဆို တအား ဒုက္ခရောက်တယ်။ တကယ် သနားစရာကောင်းတယ်” ဟု ပြောသည်။


ပူတာအိုမြို့ရှိ ကြံ့ခိုင်ရေးပါတီက ဇူလိုင်လ ကုန်ပိုင်းမှစ၍ သြဂုတ်လ ၂ ရက်နေ့အထိ တရက်လျှင် လူတဦး ဆန် လေးဗူးစီကို ၅ဝဝ ကျပ်ဖြင့် ရောင်းချပေးခဲ့သေးသည်။

ဆန်ဈေးများသည် ယခင်က ဆန်တပြည်လျှင် နှစ်ထောင်ကျပ် ပေးဝယ်ရာမှ လက်ရှိ တပြည်လျှင် လေးထောင်နှုန်းမြင့်တက်နေ၍ ကြံ့ခိုင်ရေးပါတီမှ ရောင်းပေးမည့် ဆန်ကို စောင့်ဆိုင်းနေရသည်ဟု အခြားဒေသခံတဦးက ပြောသည်။

အလားတူ မချမ်းဘော မြို့နယ်တွင်လည်း ယခင်နှစ်က ဆန်စပါး အထွက်နည်းခဲ့ သောကြောင့် ဆန်ပြတ်လပ်မှု ကြုံရပြီး အစိုးရမှ ထောက်ပံ့သည့် ဆန်များအားလုံး မရောက်လာသေးသဖြင့် ဆန်ပြတ်လပ်မှု ရှိနေသေးကြောင်း မချမ်းဘောမြို့ခံ ကုန်သည်တဦးက ပြောသည်။

“ဆန်လှောင်ထားတဲ့လူတွေလည်း အများကြီးမရောင်းဘဲ ထိန်းပြီး ရောင်းလို့ပါ။ ဒီနှစ်က ပူတာအိုဒေသမှာ အားလုံးနီးပါး အထွက်နည်းသွားတယ်။ ယာဉ်တန်းကလည်း လမ်းပိတ်သွားတော့ မြစ်ကြီးနားက ပို့တဲ့ဆန် မရှိတော့ဘူး။ ဒါကြောင့် ဒီနှစ် ဆန်အခက်အခဲ ရှိသွားတာ။ မြစ်ကြီးနားကနေ နိုင်ငံတော်က ပို့ပေးတဲ့ဆန်တွေတော့ ရှိတယ်။ ခု ၃ဝဝ ကျော်လောက် ကျန်ဦးမယ်ထင်တယ်။ အကုန်မရောက်လာသေးဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရက ပူတာအို တိုင်းရင်းသား ဒေသခံများနှင့် ဝန်ထမ်းများအတွက် ဆန်အိတ်ပေါင်း ၇၃ဝ ကျော် ထောက်ပံ့ ခဲ့သော်လည်း ဆန်အိတ် ၃ဝဝ ကျော်သာ ပူတာအိုမြို့သို့ ရောက်ရှိလာသေးသည်ဟု ကုန်သည်တဦးက ပြောသည်။

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားနေသဖြင့် ပူတာအိုမြို့ ခရိုင်အတွင်းရှိ ဒေသခံများသည် လမ်းပန်းဆက်သွယ်ရေး ပိုမို အခက်အခဲခဲ့ခြင်း ဖြစ်သည်။

ဆန်များ ပြတ်လတ်သဖြင့် ဆန်ဈေးများ မြင့်တက်သည့်အပြင် ဆား ၅ဝ ကျပ်သားလျှင် ယခင် ၄ဝဝ ကျပ်မှ ယခု ၆ဝဝ ကျပ်သို့ မြင့်တက်ခဲ့သလို၊ စားသုံးဆီ ၄ဝ ကျပ်သားရှိ တပုလင်းလျှင် ယခင်က ၁,၅ဝဝမှ ယခု ၂,ဝဝဝ ကျပ်သို့ မြင့်တက်
နေသည်ဟု ဆိုသည်။

ပူတာအိုမြို့သို့ ၂၁၈ မိုင်ကွာဝေးသော မြစ်ကြီးနားမြို့မှ လေကြောင်းခရီးဖြင့်သာ အဓိက ဆန်သယ်ယူ ပို့ဆောင်ရသဖြင့် အားကိုးရာမဲ့ ဖြစ်နေသည်ဟု ပူတာအိုဒေသခံ ကိုအဂျုံက ပြောသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG