Home » » KIO က ပြောင်းရွှေ့မည်မဟုတ် ဆိုသော်လည်း တိမ်းရှောင်မှုများ ရှိနေ

KIO က ပြောင်းရွှေ့မည်မဟုတ် ဆိုသော်လည်း တိမ်းရှောင်မှုများ ရှိနေ

အစိုးရဘက်မှ လက်နက်ကြီးဖြင့် လိုင်ဇာမြို့သို့ ခြိန်းခြောက် ပစ်ခတ်ခြင်းကြောင့် တခြားနေရာ
ပြောင်းရွှေ့မည် မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ တွဲဘက်အတွင်းရေးမှူး ဦးလနန် က ပြောသည်။

“သူတို့ အစိုးရက Google Earth (ဂူဂဲ မြေပုံ)မှာ ကြည့်ပြီး ပြည်သူတွေ ထိအောင် တမင်သက်သက် မြို့ထဲကို ပစ်လိုက်တာပဲ။ ကျနော်တို့က ဒီနေရာကနေ ဘယ်မှ သွားမှာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေကလည်း ကိုယ့်နိုင်ငံမှာ ကိုယ် နေနေကြတာ။ ဒီမှာ ကချင်တွေပဲ ရှိတယ်ဆိုတာ သိသိနဲ့ တမင်သက်သက် ပစ်လိုက်တာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ခမ်းကိုင်တောင် အစိုးရအမြောက်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ဆံများ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့၊ မြစ်ကြီးနားဟိုတယ်တွင် တနင်္လာနေ့ နံနက်က ကျရောက်သဖြင့် အသက် ၁၅ နှစ်
အရွယ် ၉ တန်းကျောင်းသား မောင်ဖောင်ယူးလ၊ သင်းထောက်ဆရာ ဦးမလန်ရော်နှင့် ဦးအင်ခွမ် နော်ဘောက်တို့ သုံးဦးသေဆုံးကာ အခြား လေးဦး ဒဏ်ရာရရှိခဲ့သည်။

KIO က ပြောင်းရွှေ့မည် မဟုတ်ကြောင်း ပြောဆိုသော်လည်း လက်နက်ကြီး ကျည်ဆံကြောင့် လူသေဆုံးမှုများ ရှိလာသဖြင့် လိုင်ဇာမြို့ခံများ တရုတ်ပြည် ဘက်ကမ်းသို့ ထွက်ပြေး ခိုလှုံနေရကြောင်း သိရသည်။

KIO စစ်တပ်ကုန်းနှင့် နီးသည့် ခကျန်ရပ်ကွက်မှ ဒေသခံများသည် အခြားရပ်ကွက်ရှိ ကချင်အတိုင်ပင်ခံကောင်စီ ခန်းမများနှင့် ကက်သလစ် ဘုရားကျောင်းများသို့ သွားရောက် ခိုလှုံနေသည်ဟု လိုင်ဇာမြို့တွင် ရောက်ရှိနေသော သတင်းစာဆရာ တဦးက ပြောသည်။

“ကိုယ့်အိမ်မှာနေတဲ့ လူတချို့က တရုတ်ဘက်ကမ်းကို ကူးသွားကြတယ်။ တချို့က ဘုရားကျောင်းနဲ့ ခန်းမမှာ အများကြီး စုနေကြတယ်။ ကြောက်လန့်တကြား၊ မြို့ထဲကို ကျမယ်ဆိုတာ စိုးရိမ်စိတ်ရှိပေမယ့် မနေ့ကထိ ကိုယ့်အိမ်
မှာ နေနေကြတာ။ အခုကျတော့ ဒီလို ဖြစ်သွားတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြဘူး” ဟု မဇ္ဈိမကို ပြော
သည်။

ယခင် ရက်များက လိုင်ဇာမြို့အနီးထိ KIA တပ်စခန်းရှိရာဘက် လက်နက်ကြီးကျည် ကျရောက်မှုများ ရှိသော်လည်း လူထိမှန်ခြင်း မရှိခဲ့ပေ။ သို့သော် ယနေ့ နံနက်ပိုင်းက ကျရောက်သော လက်နက်ကြီး လူထိမှန်ခဲ့သဖြင့် လိုင်ဇာမြို့ခံ
များ ထိတ်လန့်နေသည်ဟု လိုင်ဇာမြို့ခံတဦးက ပြောသည်။

“ခုတော့ ဗုံးသံကြားရင် တော်တော်ထိတ်လန့်ရတယ်။ ကြောက်ရင်လည်း KIO အစိုးရရှိတော့ ဘယ်တတ်နိုင်မလဲ။ ဘယ်မှ မသွားဘူး။ ဒီလိုပဲ ကြောက်ကြောက်နဲ့ နေနေရတယ်။ အစိုးရ လက်နက်ကြီး ဒီကို ထိရောက်ပြီဆိုတော့ စိုးရိမ်ရပြီပေါ့နော်”ဟု မဇ္စျိမကို ပြောသည်။

လိုင်ဇာသို့ လက်နက်ကြီးများ ထပ်မံ ပစ်ခတ်ခြင်း မရှိတော့သော်လည်း ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဦးလနန် က ပြောသည်။

မိုးမောက်မြို့နယ်ရှိ KIA ၏ တပ်မဟာ ၃ လက်အောက်ခံ ဂျန်မိုင်ကောင်းစခန်းအနီး အစိုးရ စစ်တပ်ဘက်မှ မြေပြင် စစ်ကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက် နေသလို၊ လေကြောင်းဖြင့် ပစ်ကူမှုများမှာ ယနေ့ထိ ဆိုလျှင် လေးရက်
မြောက် ရှိသွားပြီ ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“မနေ့ကတော့ တပ်မဟာ ၃ ဘက် လေယာဉ် နှစ်စင်းနဲ့ နှစ်ကြိမ် မီးလောင်ဗုံးတွေနဲ့ လာပစ်ချတယ်။ နေ့လည် ၁၂ နာရီမှာ တကြိမ်၊ ညနေ ၄ နာရီမှာ တကြိမ် လာပစ်တယ်။ ဂျန်မိုင်ကောင်းပိုစ့်မှာ လာပစ်တာ။ ကျနော်တို့ ဒီလိုင်ဇာ
ကနေတောင် ကောင်းကောင်း မြင်နေရတယ်” ဟု ဦးလနန် က ပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ကထန်မော်တွင် အစိုးရတပ်များ ဝင်ရောက်ပစ်ခတ်၍ အရပ်သားနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဖားကန့်မြို့ခံ တဦးက ပြောသည်။

“ရွာထဲမှာ မိုးလင်းခါနီး ၆ နာရီလောက်မှာ အစိုးရစစ်တပ်က ဝင်လာလို့ ကျောက်တူးသမားတွေ လန့်ပြီး ထွက်ပြေး
တာ။ စစ်တပ်က ပစ်လိုက်လို့ နှစ်ဦး ဒဏ်ရာရတယ်။ တဦးက ဒဏ်ရာပြင်းတယ်။ ခုဆေးရုံမှာ ဆေးကုနေတယ်”ဟု မြို့ခံ တဦးက မဇ္စျိမကို ပြောသည်။ ထို့ပြင် တောမှော်ရွာတွင် ယနေ့နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသတင်းများနှင့်ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG