Home » » ကော့သောင်းရောက် ဒုက္ခသည် ၈၅ ဦး စစ်တွေပြန်ပို့ရန် ရန်ကုန်သို့ ပို့လိုက်

ကော့သောင်းရောက် ဒုက္ခသည် ၈၅ ဦး စစ်တွေပြန်ပို့ရန် ရန်ကုန်သို့ ပို့လိုက်

ကွန်းချမ်း |
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် လှေစီးဒုက္ခသည် ၈၅ ဦးကို
သောကြာနေ့ နံနက်တွင် ရန်ကုန် လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံးသို့ ပို့ဆောင်လိုက်ပြီး ဖြစ်ကြောင်း
ကော့သောင်း လဝက မှ အရာရှိတဦးက ပြောသည်။

“မနက် ၄ နာရီလောက်မှာ အမြန်ယာဉ်နဲ့ ပို့လိုက်တယ်။ မြိတ်ကို ပို့တယ်။ မြိတ်က တဆင့် မြစ်ကြီးနား သင်္ဘောနဲ့ ရန်ကုန်ပို့မှာ” ဟု ကော့သောင်း လဝက ရုံးမှ ဦးကျော်မင်း က ပြောသည်။

၎င်းတို့ကို ရန်ကုန်တိုင်း လဝက ရုံးမှတဆင့် စစ်တွေသို့ ဆက်လက် ပို့ဆောင်ရန် စီစဉ်ထားသည် ဟုလည်း ဦးကျော်မင်း က ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာလာသည့် ထိုလှေစီး ဒုက္ခသည် အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၈ ဦးနှင့် အသက် ၁၈ နှစ်အောက် ယောကျာ်းလေး ၇ ဦး၊ မိန်းကလေး ၆ ဦးတွင်
မြန်မာစကား ပြောဆိုတတ်သူ ၆ ဦး ပါဝင်ပြီး ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်း ၁၁ နာရီ ဝန်းကျင်တွင် ကော့သောင်း
မြို့၊ သီရိမြိုင် ရပ်ကွက် ဆိပ်ကမ်း၌ စက်လှေမှ ချထားခံရသူများ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ စက်လှေတစီးဖြင့် မလေးရှားနိုင်ငံသို့ ဦးတည် ထွက်ခွာလာသည့် ဒုက္ခသည် ၁၅၀ ကျော်တွင် ပါဝင်သူများ ဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၂ ဦးကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဓမင်းဆိပ်ကြီးရွာ၌ ချထားခဲ့ရာမှ စက်လှေတွင် ကျန်ရစ်သူများ ဖြစ်သည်။

ဓမင်းဆိပ်ကြီးရွာသို့ ရောက်ရှိခဲ့သည့် ဒုက္ခသည်များကို မောရဝတီ ရေတပ်က ထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့
တွင် ဌာနေသို့ ပြန်လည် ပို့ဆောင်လိုက်ပြီဟု ဓမင်းဆိပ်ကြီးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းတို့အား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်အတွက် တဦးလျှင် မြန်မာကျပ်ငွေ ၅ သိန်းနှင့် ညီမျှသည့် မလေးရှားငွေကို လူပွဲစားများအား ပေးဆောင်ခဲ့ရပြီး မလေးရှားနိုင်ငံသို့ ရောက်ပြီဟု ဆိုကာ လိမ်ညာချထားခံရ
သည်ဟုဆိုသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင်လည်း မလေးရှားသို့ ဦးတည်သည့် လှေစီးခရီးသည် ၉၅ ဦးကို တင်ဆောင်
လာသည့် စက်လှေတစီး ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာ ရေတပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်လည် ပို့လွှတ်ခံရသည်။

အလားတူ ၈၀ ကျော်လည်း စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ရာ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်စဉ် စက်ချွတ်ယွင်းမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း ရေးမြို့နယ်၊ ခေါဇာ မြို့နယ်ခွဲ၊ ကော့လှိုင် ကျေးရွာအုပ်စု သဲခုံရွာသို့ ဆိုက်ကပ်ရာမှ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တပ်မတော် ရေတပ်၏ ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၃ ဦးကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် တနှစ်စီနှင့် ကျန် မြန်မာနိုင်ငံဖွား ၃၈ ဦးကို နိုင်ငံသား မှတ်ပုံတင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂) အရ
ထောင်ဒဏ် တနှစ်စီ ချမှတ်ခံခဲ့ရသည်။

၎င်းတို့ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး ဖြစ်သည်။
 


  





We have 265 guests online

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG