Home » » ညသန်းကောင်ယံအချိန်ဘုရင်ခံအိမ်ဝင်၍ ဆန္ဒပြခြင်း… ( သခင်လှကျွေ )

ညသန်းကောင်ယံအချိန်ဘုရင်ခံအိမ်ဝင်၍ ဆန္ဒပြခြင်း… ( သခင်လှကျွေ )


by Haythi Moe on Thursday, January 10, 2013 at 11:24pm ·
ဘုရင်ခံအိမ်နှင့်မဂိုဂတ်
မြန်မာပြည်သည် ဗြိတိသျှနယ်ချဲ့သမားလက်အောက်ကျရောက်နေသည်။ အုပ်ချုပ်ရေး၏ အကြီးအမှူး အားလုံးသည် ဗြိတိသျှလူမျိုးများသာ ဖြစ်ကြသည်။ စစ်တပ်၊ပုလိပ်တပ်၊လက်နက်ကိုက်တပ်များကို လည်းတည်ထောင်ထားသည်။ ရန်ကုန်မြို့၏ဗဟို၌အကျယ်ဆုံးသောမြေတွင်အကြီးဆုံး အဆောက်အ ဦဖြင့် လက်နက်ကိုင် အစောင့်ရှောက်များ ချထားင်္စနေသူကား မြန်မာပြည် ဘုရင်ခံမင်းကြီးဖြစ်၏။ ဘုရင်ခံသည် အုပ်ချုပ်ရေးတွင် အကြီးဆုံးဖြစ်၍ ဘုရင်တဆူမင်းမူနေသူဖြစ်သည်။ဘုရင်ခံဝင်း၏ ပတ်ဝန်းကျင်ရပ်ကွက်များသည်လည်း“ဟွန်းမတီးရ၊ မဆူပူရ၊ အခွင့်မရှိမဝင်ရ” အထူးအမိန့်ဖြင့် သတ်မှတ်ထားသော ဆိတ်ငြိမ်ရပ်ကွက်များပင်ဖြစ်သည်။
ရန်ကုန်မြို့တွင် မဂိုလမ်း၌တည်ရှိသော မဂိုဂတ်သည်မြန်မာပြည် ပုလိပ်ဂတ်များ အနက်အကြီးဆုံးဖြစ် သည်။ လက်နက်ကိုက်ပုလိပ်များအမြဲချထား၍ ပုလိပ်မင်းကြီး တဦးအမြဲရုံးထိုင်သည်။ ပြည်သူတို့အား ဖိနှိပ်ရေးအတွက် တည်ထောင်ထားသော ရန်ကုန်မြို့ရှိ အကြီးဆုံးပုလိပ်ဂတ်ကြီးပင်ဖြစ်သည်။
ရေနံခြေလျင်တပ် ရန်ကုန်ရောက်ခြင်း
ရေနံမြေမှ မိုင် ၄၀၀ကျော် ခရီးခြေလျင်ချီတက်လာသော ရေနံသပိတ်တပ်ကြီးသည် ၈၊၁၊၃၉တွင် ရန်ကုန်မြို့သို့ရောက်ရှိလာသည်။ ရေနံတပ်၊ တောင်သူလယ်သမားတပ်နှင့် ရန်ကုန်မြို့ပတ်ဝန်းကျင်ရှိ အလုပ်သမားသပိတ် တပ်များသည် ရွှေတိဂုံစေတီကုန်းတော်၌ တပ်စွဲနေကြသည်။
ထိုအချိန်တွင် ဘုရား၏ အထက်ပစ္စယံနှစ်ပြားတန်ဆောင်ကို မီးရှို့ခြင်း၊ တောင်ဖက်စောင်းတန်း မော်လမြို့ဇရပ်မှ သခင်ခေါင်းဆောင်ကြီးများအား အစုလိုက်ဖမ်းဆီးခြင်း၊ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားပြီး နောက်ဦးပု၏ ညွန့်ပေါင်းအစိုးရဖြင့်အစားထိုးကာမြူဆွယ်ခြင်းများဖြင့် ဗြိတိသျှနယ်ချဲ့သမားသည် သပိတ်ဖြိုခွဲရေးလက်နက်ကို အဆင့်ဆင့်ကျင်းသုံးနေသည်။ သို့သော်အလုပ်သမားသပိတ်များသည် စုစည်းလျက်ရှိနေကြ၏။ ပြည်သူတို့၏ကြီးမားသော ထောက်ခံအားပေးမှုကို ရရှိလျက်ပင်ရှိသည်။
ဟိန္ဒူမူစလင်ရိုက်ပွဲကြီး
ဤသို့ သပိတ်တပ်ပေါင်း ရွှေတိဂုံကုန်းတော်၌ စခန်းချတိုက်ပွဲဝင်၍ ၂ လမပြည့်မီ ၁၊၃၊၃၉တွင် ဟိန္ဒူမူစလင်ရိုက်ပွဲကြီးရန်ကုန်မြို့၌ စတင်ဖြစ်ပွားလေသည်။ ဒါလင်ဟိုဇီလမ်းမကြီးခြားကာအထက်ပိုင်း က မူစလင်၊အောက်ပိုင်းက ဟိန္ဒူအုပ်ကြီးများဖွဲ့၍ရိုက်ပွဲကြီးဆင်လိုက်သည်မှာမဂိုလမ်းမကြီး ပေါ်တွင် အလောင်းများ မြင်မကောင်း မြင်မဆုံးဖြစ်နေသည်။ ထိုမှတဆင့်ဆင့်ခြေဖုံး ရပ်ကွက်များသို့လည်း ကူးစက်ပြန့်ပွား လာသည်။
ရန်ကုန်တမြို့လုံးတွင် အရေးပေါ်ပုဒ်မ ၁၄၄ကိုထုတ်ပြန်တော့သည်။ ဟိန္ဒူမူဆလင်ရိုက်ပွဲသည် ဘာသာရေးမှ စတင်လာသော ပိဋိပက္ခဟု ဆိုနိုင်သော်လည်းအနှစ်သာရအားဖြင့်ကား သပိတ်ဖြိုခွဲရေးအတွက်နယ်ချဲ့သမားကရက်စက်မိုက်မဲစွာခုတုံးပြု ဖန်တီးလိုက်ခြင်းဖြစ်ကြောင်းသပိတ် ခေါင်းဆောင်တို့က ကြိုတင်သိနားလည်ထားကြသည်။ ထို့ကြောင့်လည်း ရိုက်ပွဲကြီးသပိတ်ပေါင်းစုသို့ ကူးစက်မလာရေးတွက် တင်းကြပ်စွာစနစ်တကျ တားဆီးကြသည်။ သပိတ်များ၌ ပါရှိကြသော ဟိန္ဒူမူဆလင်အယူရှိကြသူများကိုလည်း ရှင်းလင်းဆွေးနွေးထားပြီးဖြစ်သည်။
သို့လျှင် ရိုက်ပွဲကြီးနှင့် စီးခြားထားနိုင်သော်လည်း ဖြစ်ပွားနေသော ထိုရိုက်ပွဲကြီးကြောင့် သပိတ်ပေါင်းစုံတွင် ကြီးမားသောပြဿနာကြီးတခုနှင့် ရင်ဆိုင်လာရသည်။ ၄င်းမှာ ရိက္ခာပြဿနာဖြစ် သည်။ ရံပုံငွေမစုဆောင်းနိုင်ခြင်း၊ အများဆုံးရိက္ခာစုဆောင်းရရှိသော သိမ်ကြီးဈေးနှင့် အဆက်ပြတ်ရခြင်း၊ ထမင်းထုပ် ကောက်ခံရရှိသမျှသော ထမင်းထုပ်ကို ပို့ဆောင်းရေး အတွက်ပုလိပ် တို့၏ ခြိမ်းခြောက်နှောက်ယှက်မှုများ ကြုံနေရခြင်းတို့ပင် ဖြစ်သည်။
သပိတ်များ စုစည်းတည်တန့်ရေးတွက်ဟိန္ဒူ-မူဆလင်ရိုက်ပွဲကြီးကို အဆုံးသတ်ပစ်နိုင်ဖို့ လိုလာသည်။ အလုပ်သမားပေါင်းစုံ သပိတ်လွှတ်တော်သည် ထိုတာဝန်ကိုထမ်းဆောင်ရန် ညွှန့်ကြားရေးမှူး သခင်သိန်းမောင်ကြီးအား ဆုံးဖြတ်တာဝန်ပေးအပ်လိုက်တော့သည်။
သပိတ်သမားတို့ ဆန္ဒပြခြင်း
ရက်သတ္တပတ်ပင်ရှိခဲ့ပြီ။ ရိုက်ပွဲကြီးမှာ ကျယ်ပြန်၍ အကြမ်းတမ်းဆုံး အခြေအနေသို့ ဆိုက်နေသည်။ ဒါလဟိုဇီလမ်းမကြီးမှာ သွေးကွက်များဖြင့် ပေကန်ဆဲပင်ရှိနေသည်။ ပုလိပ်မင်းကြီးပရက်စကော့ခေါင်း ဆောင်သော လက်နက်ကိုင်ပုလိပ်အဖွဲ့သည် သိမ်ကြီးဈေး နာရီစင်ကို ဗဟိုပြု၍ စောင့်ကြပ်နေကြသည် ထိုအခြေ အနေတွင် စည်းကမ်းတကျ ဆန္ဒပြရေး အတွက်လေ့ကျင်ထားပြီးဖြစ်သောသပိတ်အမျိုးသမီး ၂၀၀နှင့် အမျိုးသား ၁၀၀တို့သည် ၇.၃.၃၉ နံနက်ပိုင်းတွင် သိမ်ကြီးဈေး နာရီစင်ကြီး အနီးသို့ရောက်ရှိ လာကြသည်။ အမျိုးသမိးများသည်သေသပ်စွာဝတ်စား ဆင်ယင်ထား၍ သပိတ်ပေါင်းစုံမှဖြစ်ကြသည်။ အမျိုးသားများမှာ အလုပ်သမား ယူနီဖောင်းဆင်တူ ဝတ်ထားသော အာရ်-အီး-တီ သပိတ်မှ ဒရိုက်ဗာများဖြစ်ကြသည်။
သပိတ်သမား ၃၀၀တို့သည် ရိုက်ပွဲကြီးပြီးဆုံးရေး အတွက်ဝင်ရောက် တားရန်ပြင်ဆင် အားထုတ်ကြ သည်။ ပုလိပ်များက ပိတ်ဆို့ တားဆီးထားသည်။သပိတ်သမားနှင့် ပုလိပ်တို့၏ အခြေအနေသည် တင်းမာလာသည်။ ဤသို့ အပြန်အလှန်ဖြစ်နေစဉ် ပုလိပ်မင်းကြီးသည် မတတ်သာတော့သည် အဆုံး၌ အသက်သေသည် အထိဖြစ်ပွားနိုင်ခြင်းအတွက် ကိုယ်တိုင်ဝန်ခံချက်များဖြင့် အဆုံး၌ ဆန္ဒပြခွင့် ပြုလိုက်ရတော့သည်။ သပိတ်သမားတို့၏ ဆန္ဒပြတောင်းဆိုခြင်းကို ပုလိပ်မင်းကြီးကိုယ်တိုင် အလျော့ ပေးလာရတော့သည်။
အချိန်နံနက် ၁၀ နာရီကျော်ခန့်ဖြစ်သည်။ မိုးသေးမိုးဖွဲ့ကလေးများရွာသွန်းလျက်ရှိသည်။ သိမ်ကြီးဈေးမှ ဆူးလေဘုရား အထိ ဒ့လဟိုဇီလမ်းမတလျှောက်၌ ဆယ်ပေခန့်စီခြား၍ သပိတ်သမား ၃၀၀တို့သည် အမျိုးသမီးနှစ်ဦးခြံရံကာ အိပ်၍ ဆန္ဒပြကြခြင်းဖြစ်သည်။ အတွဲပေါင်း ၁၀၀တို့သည် စကားမပြော၊ မလှုပ်ရှားပဲ ငြိမ်သက်စွာနေကြသည်။ ရိုက်ပွဲကို ရပ်စဲရန်အင်္ဂလိပ်၊မြန်မာ၊ဟိန္ဒူ၊မူဆလင် လေးဘာသာဖြင့်ရေးသားထားသော လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ တဆက်တည်းတွင် အော်လံကိုင် လက်ရွေးစင်သပိတ်သမား ၄ဦးကလည်း လေးဘာသာဖြင့် ရှင်းလင်း ပြောကြား မေတ္တာရပ်ခံလျက်ရှိနေကြသည်။
ပြင်းထန်စွာ ဖြစ်ပွားနေသောရိုက်ပွဲကြီးသည် သပိတ်သမားတို့တန်းစီအိပ်၍ ဆန္ဒပြလိုက်သည့် အချိန်တွင် ရပ်တန့်သွားသည်။ ဆန္ဒပြ သပိတ်သမားတို့ကိုကျော်၍ပစ်ခတ်ကြသည်မှ တပါးဆက်လက် ဖြစ်ပွားခြင်းမရှိတော့ပေ။ သပိတ်သမားတို့အား ဟိန္ဒူမူဆလင် နှစ်ဖက်မေးမြန်းသည်မှစ၍ နှစ်ဖက်ကာယကံရှင်ချင်း ဆက်သွယ်မှုရရှိလာကြသည်။ ၃နာရီအချိန်ခန့်တွင် ဆန္ဒပြသပိတ်သမားများ ပေါ်မှ ဟိန္ဒူမူဆလင်လူကြီးများ လက်ဆွဲနှုတ်ဆက်နိုင်ခဲ့သည်မှစ၍ ရိုက်ပွဲကြီးလည်းပြီးဆုံးသွားလေ တော့သည်။ သပိတ်သမားတို့၏စွန့်စားဆန္ဒပြခြင်းကိုပုလိပ်မင်းကြီးကိုယ်တိုင်က ချီးကျူးစကားပြော လာရသည် အထိပင်ဖြစ်လာရ၏။
ညဉ့်အချိန် မဂိုဂတ်ဝိုင်း၍ ဆန္ဒပြခြင်း
၇၊၃၊၃၉ နေ့ ည ၁၁နာရီခန့်တွင် သပိတ်ပေါင်းစုံမှ အမျိုးသမီး ၂၀၀တို့သည် မဂိုဂတ် အရှေ့ဘက် ပလက်ဖေါင်းသို့ရောက်ရှိလာကြသည်။
နုပျိုသော အမျိုးသမီးလက်ရွေးစင်ကလေးများသည်။ သနပ်ခါးလိမ်းခြင်း၊ ပန်းပန်ခြင်းများဖြင့် လှပစွာ ခြယ်သထား၏။ ၄င်းတို့၏ ဝတ်ဆင်မှုကား အတွင်းခံ ကင်းသော ရှံသားအင်ကျီနှင့် ပဒုမ္မာလုံချီများပင် ဖြစ်သည်၊ သာမန် အလင်းရောင်ဖြင့်ပင် အင်္ဂါစုံဖေါက်ထွင်း မြင်နိုင်သော ဝတ်စားဆင်ယင်မှုဖြစ်သည်။ လက်နက်ဆို၍ အပ်တိုတချောင်းမျှ မပါ၊ နှလုံးရည်သက်သက်ဖြင့် ဆန္ဒပြခြင်း ဖြစ်ကြာင်းပေါ်လွင်စေ ရန်အတွက် အာရှက်ကို ပမာမထားပဲ သရုပ်ဆောင်ထားခြင်းဖြစ်သည်။
သပိတ်သမားတို့ေ၇ာက်ရှိသွားကြပြီးနောက် အချိန်အနည်းငယ် အကြာတွင် မဂိုဂတ်၌လက်နက်ကိုင် ဂေါရာစာသင်နှင့် ပုလိပ်များကို အပြည့်ချထားသည်။ ပုလိပ်မင်းနှင့် တရားသူကြီးများလည် အသင့်ရောက်ရှိနေကြသည်။ သပိတ်အမျိုးသမီးများသည် တိတ်ဆိတ်ငြိမ်သက်စွာညွန်ကြားချက်က စောင့်မျှော်နေကြသည်။ သပိတ်သမားများလက်မောင်းကို အထက်သို့ ဆန့်တန်းလိုက်ချိန်တွင် မီးမောင်းကြီးများ ပွင့်၍ ထိန်ထိန်လင်းသွားသည်။ ပုလိပ်များကလှံချွန်တပ် သနပ်များဖြင့် ချိန်ရွယ် ထားသည် အမျိုးသမီးများသည် ၄င်းတို့ရှေ့သို့သွား၍ ခြေဖျား၌ကပ်ခါအိပ်၍ ဆန္ဒပြနေကြသည်။ မဂိုဂတ် ဝိုင်းခြင်းသည်အပြစ်ကြီးလေး၍ ထွက်ခွါသွားကြရန်ပုလိပ်တို့က သုးကြိမ်မြောက်၌အရှေ့ဖက် ပလက်ဖောင်းသို့ ဆုတ်၍အနားယူကြသည်။
တနာရီခန့်အကြာ နောက်တကြိမ် ဆန္ဒပြကြပြန်သည်။ ဤသို့ သုံးကြိမ်တိုင် ဆန္ဒပြလျှက်ရှိနေစဉ်၊ မော်တော်ဆိုင်ကယ် နှစ်စီးသည်။ မောင်ဂိုမာရီလမ်း( ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) တလျှောက်အနောက်မှ အရှေ့သို့အရှိန်ပြင်းစွာ မောင်းသွားသည်။ အချိန်မှာ ၈-၃-၃၉၊ နံနက် ၁နာရီခွဲခန့်ဖြစ်သည်။ ထိုအခြေ အနေတွင် သပိတ်သမားများ တပ်ခေါက်၍ အသင့်စောင့်နေသော ကားများဖြင့် ရွှေတိဂုံသပိတ်စခန်းသို့ ရှေ့ရှုမောင်းနှင်သွားကြသည်။ မော်တော်ဆိုင်ကယ် နောင်အစီး၌ ဘုရင်ခံကိုယ်တိုင်လိုက်ပါလာသည်ကို တွေ့မြင်လိုက်ရသော ကြောင့်ဖြစ်သည်။
ဘုရင်ခံအိမ်သို့ ဝင်၍ ဆန္ဒပြခြင်း
ဘတ်(စ်)ကား၁၀စီးတွင် သပိတ်အမျိုးသမီး ၂၀၀ကျော်နှင့် အမျိုးသားအချို့လိုက်ပါကြသည်။ အမျိုးသမီးများကိုခေါင်းဆောင်သူမှာသီလ ဝါရေနံစက်ရုံမှ အမိုးဖွင့်ကိုယ်ပိုင်ကားငယ်ပေါ်၌ကားမောင်း သူနှင့် အတူသခင်သိန်းမောင်ကြီး လိုက်ပါလာသည်။ ကာတန်းကြီးသည် ရွှေတိဂုံဘုရားကိုပိတ်၍ အလုံးလမ်း အတိုင်းအရှေ့မှ အနောက်သို့မောင်းသွားသည်။
“ညာဘက်ကို ကွေ့လိုက်”
“ဒါဘုရင်ခံအိမ်ဆရာ”
“ကွေ့သာ ကွေ့ပါကွာ” ဟူသော သခင်သိန်းမောင်ကြီးနှင့် ကားမောင်းသူတို့ အချီအချပြောဆိုသံကြား ရပြီး နောက်ဘုရင်ခံအိမ်ဝင်းတံခါးမသို့ဦးဆိုက်မိကြသည်။ ထိုအချိန်တွင် ဟွန်းများတီးလိုက်ရာ တံခါး စောင့်က စေ့ထားသော တံခါးကိုဖွင့်လိုက်သည်နှင့်ကားများသည့်အစဉ်လိုက် အထဲသို့တန်းဝင်သွားကြ သည်။ ဘုရင်ခံအိမ်ကိုသုံးပတ်လှည့်ပြီးနောက်ဆင်ဝင်အောက်၌ရပ်၍ တိတ်ဆိတ်စွာ ဆန္ဒပြကြသည်။ သခင်သိန်းမောင်ကြီး၏ လက်တွင်ဘုရင်နှင့်တွေ့လိုသည့်စာဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်။ အချိန်မှာ ၈-၃-၃၉ ရက်နေ့ ၂နာရီခန့်ဖြစ်သည်။ ဘုရင်ခံ ထွက်သွားသဖြင့် စေ့ရုံ စေ့ထားသောတံခါးကို အခွင့်ကောင်းယူ၍ ဝင်ရောက်သွားကြခြင်းဖြစ်သည်။
စည်းပေါက်၍ တပ်ခေါက်ခြင်း
ကားများရပ်လိုက်သည်နှင့် တပြိုင်နက် သေနတ်လှံချွန်ကိုင်စစ်ပုလိပ်များ ရောက်ရှိလာကြသည်။ ကားများကို ဝိုင်းရံထားလိုက်ကြသည်။ ကားပေါ်၌ ပါလာသောသူများကို လှံချွန်များနှင့် ထောက်လျှင် လှံချွန်တချောင်းမှ ၅ချောင်းအထိဖြစ်နေသည်။ ဤသို့မကြုံဖူးသောအမျိုးသမီးအချို့သည်လန့်သွား ကြသည်။ များမကြာမီဘုရင်ခံအိမ်အပေါ်ထပ်မှ မီးများလင်းလာသည်။ ဘုရင်ခံပြန်လည်ရောက်ရှိလာ ခြင်း အထိမ်းအမှတ် ဟုယူဆရသည်။
“ဒီမှာဘယ်သူဗိုလ်လဲ” ဟူသောအသံနက်ကြီးနှင့် မေးသံကြားလိုက်ရပြီးနောက် “အားလုံးဗိုလ်ချည်းပဲ” ဟူသောဖြေသံလည်းဆက်လက်ထွက်ပေါ်လာသည်။
ထိုအချိန်တွင် သခင်သိန်းမောင်ကြီး၏ ကားသည်စက်နှိုး၍ စတင်ထွက်ခွာသည်။ အားလုံး ကားများ လည်း နောက်မှလိုက်ပါသွားကြတော့သည်။ ကြိုတင် လေ့ကျင့်သင်ကြားထားသော “ဘုရင်ခံနှင့် မတွေ့ရမခြင်း မည်သူ့ကိုမျှ စကားမပြောရ၊ မမေးရ၊ မပြန်ကြားရ၊ပြုသမျှခံ၍ ဆန္ဒပြကြရမည်” ဆိုသည့် စည်းကမ်းကို ဖေါက်ဖျက်ပြန်ကြားလိုက်သဖြင့်တပ်ခေါက်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
သခင်သိန်းမောင်ကြီး( သို့မဟုတ် အရှင်သောမ)
ဟိန္ဒူမူဆလင် ရိုက်ပွဲတားခြင်း၊ ဖရေဇာလမ်း ဘတ်(စ်)ကားပြေးဆွဲခွင့် ရယူခြင်း၊ မဂိုဂတ်ဝိုင်း၍ ဆန္ဒပြခြင်း၊ နောက်ဆုံးဘုရင်ခံအိမ်သို့ ဝင်၍ဆန္ဒပြတောင်းဆိုခြင်းများသည် တိုက်ပွဲတခုသို့ အကျိုးပြု ခြင်းနှင့် အကြောင်း အကျိုး ဆက်စပ်ကျင့်သုံးသော တိုက်ပွဲနည်းပရိယာယ်များပင် ဖြစ်သည်။
တိုက်ပွဲအဆင့်တိုင်းတွင် တစုံတခုချွတ်ယွင်းသွားရုံမျှနှင့် အသက်ပေါင်းများစွာ သေဆုံးနိုင်ပါသည်။ ဗြိတိသျှတို့၏ ဖိနှိပ်အုပ်ချုပ်ရေး ကျွမ်းကျင်သည် ဆိုသောအချက်ကို ပါနပ်းစွာတန်ပြန်ပြလိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲ အဆင့်တိုင်းသည် အသက်နှင့် ခန္ဒာကိုယ်ကိုစတေးထားပြီးဖြစ်သည်။ အလုပ်သမား ပေါင်းစုံ သပိတ်အတွက် စွန့်လွှတ် ပေးအပ်ထားပြီးဖြစ်သည်။
ထိုသို့ ကြမ်းတမ်းခက်ထန်သော တိုက်ပွဲအစ အဆုံးကို ခေါင်းဆောင် သူကား သခင်သိန်းမောင်ကြီးပင် ဖြစ်တော့သည်။ သခင်သိန်းမောင်ကြီးသည် ရှင်သောမ ဘွဲ့ခံရဟန်းဘဝဖြင့် သင်္ကန်းကျွန်း၊ သခင် ဆရာတော်ဦးသုဒဿ၏ နဂါးနှစ်ကောင်းကျောင်း၌ ဆင်းရဲစွာသီတင်းသုံး၍ နေရှာပေတော့သည်။ ။
ကျမရဲ့ဖေစ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ သခင်လှကျွေ၏ လက်ရာကောင်း ဆောင်းပါးတပုဒ်ရဲ့ “ညသန်းကောင်ယံအချိန် ဘုရင်ခံအိမ်ဝင်၍ ဆန္ဒပြခြင်း”ဟူသော ဆောင်းပါးကို ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ ရှုဒေါင့်ဂျာနယ် စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီပေးလိုက် ပါသည်။ ဟေသီမိုး
ရှုဒေါင့်ဂျာနယ်အမှတ် ( ၁၀)၊ ၁၃၃၁-ခု ၊ ဝါခေါင်လဆန်း( ၂ )ရက်။ ၁၅.သြဂုတ်. ၁၉၆၉။ စာမျက်နှာ ၁၃-၁၇-၁၈မှ။
Share this article :

1 comments:

La Yaung said...

လှပပြီးချစ်စရာကောင်းတဲ့ ပန်းလေးတစ်ပွင်ဖြစ်ပေမယ့်,မိတ်ဆွေက အနီရောင်နဲ့  အာလုံးကို ခြယ်သလိုက်မယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတော့မှာ မဟုတ်ပါဘူး။တောက်ပပြီးလှပတဲ့ အနီရောင် ပန်းလေးတစ်ပွင့်အဖြစ်ဖော်ပြချင်တဲ့အခါ အဲဒီ ပန်းရဲ့အရွက်တွေ ၊ရိုးတံတွေက အစိမ်းရောင်ဖြစ်ရမှာဖြစ်ပါတယ်။ မဟုတ်ဘူးလား?

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG