Home » » ကျောင်းသူများနှင့် ကမ္ဘာ

ကျောင်းသူများနှင့် ကမ္ဘာ



Photo

ကျွန်တော် ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်နေတုန်းက အထူးသဖြင့် သာမန်လူထုလူတန်းစားက လူတွေနဲ့ ပြောဆိုဆက်ဆံရပြီဆိုရင် ကျွန်တော်အမေးခံရတဲ့ အခက်အခဲဆုံး မေးခွန်းတစ်ခုကတော့ “ကမ္ဘာကြီးကို တိုးတက်အောင်လုပ်ဖို့ အရေးအကြီးဆုံး တစ်ခုတည်းသောအရာက ဘာလဲ”ဆိုတာပဲ ဖြစ်ပါတယ်။
ဒီလို မေးခွန်းမျိုးဆိုတာ တိုက်ရိုက်အကျဆုံး ပြောဆိုဆက်ဆံနိုင်သူတွေဆီကတောင် ဗျူရိုကရက်ဉာဉ်ကို ပေါ်ထွက်လာစေပါတယ်။ အကြောင်းကတော့ လူသားတစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေရဲ့ ရှုပ်ထွေးပွေလီမှုကို ရှင်းပြဖို့ လိုအပ်တယ်လို့ ခံစားရလို့ပဲ ဖြစ်ပါတယ်။ ရည်မှန်းချက်တွေ အများကြီးထဲက တစ်ခုတည်းကို ရွေးထုတ်လို့ မဖြစ်နိုင်တာ၊ ငြိမ်းချမ်းရေးအတွက် ရုန်းကန်ရတာ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်နေရတာ၊ ရောဂါဘယတွေ ကင်းစင်အောင် လုပ်ဆောင်နေရတာ၊ ဒါတွေအားလုံးကို ဦးစားပေးမထားနိုင်ဘဲ လုပ်ဆောင်နေရတာ စသဖြင့် စသဖြင့် စိတ်တွေ ထုံကျဉ်နောက်ကျိသွားတဲ့အထိပေါ့။
အဲဒီလို သတိပေးစကားတွေ အထပ်ထပ်ပြောပြီးတဲ့ နောက်မှာတော့ အထက်ပါ ဖြေဖို့မဖြစ်နိုင်လောက်တဲ့ မေးခွန်းရဲ့ အဖြေကို စွန့်စွန့်စားစား ဖြေကြည့်ပါတယ်။ ဒါပေမဲ့ အခုဆိုရင် ကျန်တာတွေအားလုံးထက် ဦးစားပေးပြီး တစ်ခုပဲ ရွေးချယ်ရမယ်ဆိုရင်တော့ စကားလုံးနှစ်လုံးတည်းပဲ ကျွန်တော် ဖြေပါတယ်။ “မိန်းကလေးတွေကို ပညာသင်ပေး” ဆိုတာပါပဲ။
အဲဒီလောက်ကို ရိုးစင်းပါတယ်။ အမျိုးသမီးငယ် ကျောင်းသူတွေကို ပညာသင်ကြားပေးခြင်းထက် လူသားမျိုးနွယ်အတွက် ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့ လုပ်ရပ်မရှိပါဘူး။ ပညာရှင်တွေရဲ့ လေ့လာမှုတွေ သုတေသနစီမံကိန်းတွေကလည်း ကျွန်တော်တို့ရင်ထဲမှာ သိနေတဲ့ အကြောင်းအရာကို အတည်ပြုထားကြပြီ ဖြစ်ပါတယ်။ ယောက်ျားလေးတစ်ယောက်ကို ပညာသင်ပေးရင် လူတစ်ယောက်ကိုပဲ ပညာသင်ခြင်း မည်ပါတယ်။ မိန်းကလေးတစ်ယောက်ကို ပညာသင်ပေးရင် မိသားစုတစ်ခုကို ပညာသင်ပေးခြင်းမည်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို အကျိုးဖြစ်ထွန်းပါတယ်။
အထောက်အထားတွေ အများကြီးရှိပါတယ်။ မိခင်တွေ ကျောင်းပညာတတ်မြောက်မှု မြင့်မားတယ်ဆိုရင် သူ့ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူကြီးဘ၀ လုပ်နိုင်ကိုင်နိုင်စွမ်းအပေါ် တိုင်းတာလို့ရအောင် သက်ရောက်မှုရှိပါတယ်။ ပညာတတ်မိခင်တွေရဲ့ ကလေးတွေဟာ ပညာတတ်ဖခင်တွေနဲ့ စာမတတ်၊ ပေမတတ် မိခင်တွေက ပေါက်ဖွားတဲ့ ကလေးတွေထက် အစဉ်အဆက်ပိုပြီး ထက်မြက်ကြပါတယ်။ သာမန်အားဖြင့်ကြည့်ရင်လည်း ကလေးတွေဟာ မိခင်တွေနဲ့ ထိတွေ့ဆက်ဆံချိန် ပိုပြီးများတဲ့အတွက် ဒါဟာ အံ့သြစရာမဟုတ်ပါဘူး။
ခြောက်နှစ်လောက် ကျောင်းပညာသင်ကြားခဲ့ရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေး အကြံဉာဏ်ယူဖို့၊ သူ့ကလေးတွေကို ကာကွယ်ဆေးတွေထိုးဖို့ အခြေခံပိုကောင်းပြီး လက်ဆေးတာကနေ ရေကိုကျိုချက်သောက်ဖို့အထိ ကျန်းမာရေးအလေ့အကျင့်တွေ အရေးကြီးတယ်ဆိုတာ ပိုပြီးသတိထားမိတတ်ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ရဲ့ လေ့လာမှုတစ်ခုမှာ “အာဖရိကတိုက်တွင် ကျောင်းပညာရေး ငါးနှစ်သင်ကြားခဲ့ရသော မိခင်များ၏ ကလေးများသည် အသက် ၅ နှစ်နှင့်အထက် အသက်ရှင်ကျန်နိုင်ရန် အလားအလာ ၄၀ ရာခိုင်နှုန်း ပိုများသည်”လို့ ဖော်ပြထားပါတယ်။
ယေးလ်တက္ကသိုလ် လေ့လာမှုတစ်ရပ်မှာလည်း အခြေခံပညာ တတ်မြောက်ခဲ့တဲ့ မိခင်တွေရဲ့ မွေးကင်းစကလေးငယ် အရပ်နဲ့ခန္ဓာကိုယ် အလေးချိန်ဟာ စာမတတ်၊ ပေမတတ် မိခင်တွေရဲ့ ကလေးတွေထက် ပိုများတယ်လို့ ဆိုထားပါတယ်။ ယူနက်စကိုအဖွဲ့ စီမံကိန်းတစ်ရပ်မှာလည်း မိခင်တစ်ယောက် ကျောင်းပညာရေး တစ်နှစ်ပိုသင်ရတိုင်း၊ မွေးဖွားခါစကလေးငယ် သေဆုံးနိုင်ခြေ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
ပညာရေးကြောင့်ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေဟာ ကလေးမွေးဖွားတာ၊ ကလေးငယ်ကျန်းမာရေးဆိုတဲ့ ကိစ္စတွေထက် ပိုပါတယ်။ ကျောင်းနေဖူးတဲ့ မိန်းကလေးတွေထက် ကျောင်းမနေဖူးတဲ့ မိန်းကလေးတွေကြားထဲမှာ အေအိုင်ဒီအက်စ်ရောဂါ ပျံ့နှံ့မှု နှစ်ဆပိုများတယ်ဆိုပြီး ဇမ်ဘီယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။ ပညာတတ်မိန်းကလေးတွေဟာ စောစောစီးစီးလည်း အိမ်ထောင်မပြုတတ်ကြဘဲ ကိုယ့်ထက်အသက်ကြီးတဲ့ ယောက်ျားတွေရဲ့ စော်ကားခံရဖို့လည်း အလားအလာ ပိုနည်းပါတယ်။ ဒါ့အပြင် ပညာတတ်အမျိုးသမီးတွေဟာ ကလေးနည်းနည်းပဲ ယူတတ်ကြပြီး ကလေးပြုစု စောင့်ရှောက်ချိန်ရအောင် သားဆက်ခြားတာကို စနစ်တကျ လုပ်ဆောင်ကြပါတယ်။ လေ့လာမှုတစ်ခုမှာလည်း အခြေခံပညာ ၇ နှစ် သင်ကြားခဲ့တဲ့ အမျိုးသမီးတွေဟာ ကျောင်းမနေဖူးတဲ့ အမျိုးသမီးတွေထက် ကလေး ၂၊ ၃ ယောက် လျှော့ပြီးယူကြတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း သူ့ထုံးစံအတိုင်း သင်္ချာနဲ့တကွ တိတိကျကျ တွက်ချက်ထားရာမှာ ကျောင်းပညာရေး လေးနှစ်ပိုတက်တိုင်း မိခင်တစ်ဦးရဲ့ ကလေးမွေးနှုန်း တစ်ယောက်နည်းသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ ဇနီးမောင်နှံတစ်စုံ၊ ကလေး ၁ ဒသမ ၇ ဦးနှုန်း ရှိနေပေမယ့် ဘီဟာပြည်နယ်မှာ ဇနီးမောင်နှံတစ်စုံ ကလေးလေးဦးနှုန်းထက် ကျော်ပါတယ်။ အကြောင်းကတော့ ကီရာလာပြည်နယ်က အမျိုးသမီးအများစုဟာ ပညာတတ်ပြီး ဘီဟာပြည်နယ် အမျိုးသမီးထက်ဝက်လောက်ဟာ ကျောင်းမတက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အထက်တန်းကျောင်းပညာတတ်တဲ့ မိန်းကလေးပိုများလေ၊ တိုင်းပြည်ရဲ့ တစ်ဦးချင်းဝင်ငွေ ဖွံ့ဖြိုးတိုးတက်မှု ပိုများလေလို့လည်း ကမ္ဘာ့ဘဏ်လေ့လာတွေ့ရှိချက်က ဆိုထားပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတွေဆီက သင်ယူလေ့လာတတ်ကြပါတယ်။ ဒါကြောင့်လည်း ပညာမတတ်တဲ့ အမျိုးသမီးတွေဟာ ပညာတတ်တဲ့ အမျိုးသမီးတွေရဲ့ အောင်မြင်မှုကို အားကျကြပါတယ်။ နောက် အမျိုးသမီးတွေဟာ သူတို့ရတဲ့ဝင်ငွေကို မိသားစုအတွက် ပိုပြီးသုံးစွဲကြပါတယ်။ ယောက်ျားတွေကတော့ အဲဒီလို လုပ်ချင်မှလုပ်တာပါ။ (တကယ်တော့ အိန္ဒိယနိုင်ငံ ကျေးလက်က ထန်းရည်ဆိုင်တွေဟာ ကိုယ့်အတွက် ကိုယ်သုံးဖြုန်းတဲ့ ယောက်ျားတွေကြောင့် တွင်ကျယ်နေတာပါ)။ နောက် ပညာတတ်မိန်းကလေးတွေ လယ်ကွင်း၊ စိုက်ခင်းတွေမှာ အလုပ်လုပ်ကြတဲ့အခါမှာ သူတို့ရဲ့ ကျောင်းပညာဗဟုသုတကြောင့် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာပြီး အာဏာရချို့တဲ့မှုပြဿနာ ကျဆင်းလာပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ကို ပညာသင်ပေးရင် လူအဖွဲ့အစည်းကို အကျိုးပြုခြင်း မည်ပါတယ်။
ဒါပေမဲ့လည်း ၀မ်းနည်းစရာကောင်းတာက ကမ္ဘာ့နိုင်ငံတွေက မိန်းကလေးတွေကို ပညာသင်ပေးရေး စိန်ခေါ်မှုမှာ အလျင်စလို မပါဝင်ချင်ကြပါဘူး။ ဖွံ့ဖြိုးဆဲကမ္ဘာမှာ မိန်းကလေးတွေဟာ ပညာသင်ကြားခွင့်ရကြရာမှာ ယောက်ျားလေးတွေ နောက်ရောက်နေဆဲ ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ကမ္ဘာပေါ်က မိန်းကလေး ၆၅ သန်းဟာ ကျောင်းခန်းထဲ မရောက်ဖူးကြပါဘူး။ သူတို့ကို ပညာမသင်ပေးနိုင်တာဟာ သင်ပေးနိုင်တာထက် ကမ္ဘာကြီးကို ကုန်ကျစရိတ် ပိုများစေပါတယ်။
—Ref: A World of SchoolgirlsBy; Shashi Tharoor
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG