Home » » ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဘယ်သူယူပေးမလဲ

ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဘယ်သူယူပေးမလဲ


Photo

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ ကချင်ပြည်နယ်တွင်း ဖြစ်နေသော တိုက်ပွဲများရပ်တန့်ရန်၊ လေကြောင်းဖြင့် တိုက်
ခိုက် ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ရန် တိုက်တွန်းနေသော်လည်း လိုင်ဇာမြို့အနီးနှင့် ကချင်ပြည်နယ်တွင်း နေရာအတော်များများတွင် တိုက်ပွဲများ  ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၄ ရက်မှစကာ ပြင်းထန်ခဲ့သော တိုက်ပွဲများသည် ၂၀၁၃ ဇန်န၀ါရီ ပထမပတ်ရောက်သည့်တိုင် လျော့နည်းသွားခြင်းမရှိဘဲ ဇန်န၀ါရီ ၅ ရက်မှစတင်ကာ လိုင်ဇာမြို့နှင့်နီးသော ကေအိုင်အေတပ်စွဲထားသည့် နေရာများ ကို ၁၂၀ ၊ ၁၀၅ မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ရှိနေကြောင်း လိုင်ဇာဒေသခံများက ဖုန်းမှတစ်ဆင့်ပြောကြားသည်။
အစိုးရတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်ပြီး ပထမဆုံးထုတ်ဖော်ပြောကြားမှုအဖြစ် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်က မိမိကိုယ်ကို ခုခံကာကွယ်မှုနှင့် စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇန်န၀ါရီ ၄ ရက်က အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ တပ်မတော်နှင့် ကေအိုင်အို၊ ကေအိုင်အေတို့အကြား တိုက်ပွဲများနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင်လည်း ကေအိုင်အေတပ်ဖွဲ့ဝင်များအား တပ်မတော်က ထိုးစစ်များ ရပ်ဆိုင်းရန် ညွှန်ကြားထားပြီးဖြစ်သော်လည်း ယင်းတို့ဘက်မှ ပို့ဆောင်ရေးလမ်းကြောင်းများ၊ ရေကြောင်းလျှပ်စစ်ဓာတ်အားပေးလိုင်းများ ဖျက်ဆီးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို
ချုံခိုတိုက်ခိုက်ခြင်းများ မပြတ်ပြုလုပ်နေသဖြင့် တပ်မတော်အနေနှင့် စစ်ရေးအရ မလွှဲသာမရှောင်သာ တုံ့ပြန်ရခြင်းဖြစ်ကြောင်းနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ အနေနှင့်လည်း အင်အားကို အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့အပြင် အစိုးရအနေနှင့် ကေအိုင်အို၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ထိုသတင်းထုတ်ပြန်ချက်ကဆိုသည်။
ကေအိုင်အေမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကလည်း ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရေးအတွက်
မည်သူမဆို ကြားဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောကြားထားသည်။
လဂျားယန်အနီးရှိ ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် သိမ်းယူရာတွင် လေကြောင်းအကူအညီ အသုံးပြုခဲ့ကြောင်း ဇန်န၀ါရီ ၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
နေ့စဉ်လိုလိုပင် လိုင်ဇာအနီး လဂျားယန်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မန်စီ၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ချီဗွေ၊ အင်ဂျန်းယန် မြို့နယ်များထဲတွင် တိုက်ပွဲများဖြစ်ပွားနေပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ အဆက်မပြတ်ဖြစ်ပွားနေပြီး အခြေအနေမှာ အပစ်ရပ်ထားရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသော တစ်နှစ်နှင့်ခြောက်လကျော်အတွင်း နှစ်ဖက်အကြား အတင်းမာဆုံး အခြေအနေရောက်နေကြောင်း ကချင်တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်လေ့လာနေသူများက ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစိုးရတပ်များ လေကြောင်းမှ တိုက်ခိုက်နေခြင်းများ ရပ်တန့်ရန် ဇန်န၀ါရီ ၃ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။ အမေရိကန်နိုင်ငံကလည်း ကချင်အရေးကိစ္စကို အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ဇန်န၀ါရီလဆန်းပိုင်းက အစိုးရတပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ ဗုံးသုံးလုံးကျရောက်ခဲ့သဖြင့်လည်း သံတမန်နည်းလမ်းဖြင့် မြန်မာအစိုးရကို ကန့်ကွက်မှု များပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်နေသော ကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး ထိုကိစ္စကို ငြိမ်းချမ်းသော စေ့စပ်ဆွေးနွေးမှုနည်းဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
ပြည်တွင်းမှ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း ဒီဇင်ဘာ ၃၁ ရက်က ကြေညာချက် တစ်စောင်ထုတ်ပြန်ကာ တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ကာ ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တိုက်တွန်းထားသလို ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) ကလည်း ဇန်န၀ါရီ ၃ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းများကို ချက်ချင်းရပ်စဲပြီး နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးမှုများ အမြန် ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ကြသည်။
ကချင်အရေးကို နှုတ်ဆိတ်နေခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှုများရှိနေပြီး သူမက ကချင်အရေး ကြားဝင်ဆောင်ရွက်ရန်မှာ အစိုးရအပေါ်တွင် မူတည်ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
လိုင်ဇာမြို့အနီးတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော် နေထိုင်သော ၀ယ်ဂျိုင်စခန်းတွင် ဇန်န၀ါရီ ၃ ရက်က လေယာဉ်ဖြတ်ကာ ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ပြီးချိန်ကတည်းက ဒုက္ခသည်များမှာ ကြောက်ရွံ့လျက်ရှိကြောင်း စခန်းတာဝန်ခံက ပြောကြားသည်။
လိုင်ဇာ အနီးတစ်ဝိုက်တွင်ရှိသော ဒုက္ခသည်စခန်းများတွင် တစ်ကျင်းလျှင် လူဆယ်ဦးခန့် ပုန်းခိုနိုင်သော ဗုံးခိုကျင်းများ တူးထားပြီး လေယာဉ်သံကြားပါက ဗုံးခိုကျင်းများသို့ ၀င်ရောက်ပုန်းခိုကြကာ အန္တရာယ်ကင်းရှင်းကြောင်း
အချက်ပေးသံကြားမှသာ ကျင်းအတွင်းမှ ထွက်ခွာရကြောင်း စခန်းတာဝန်ခံက ပြောကြားသည်။
“ကြောက်ကြလွန်းလို့ ဒူးထောက်ပြီး ဘုရားဆုတောင်းကြတယ်။ အချို့ဆို မျက်ရည်တွေကျပြီး ငိုကြတယ်” ဟု သက်ကြီးရွယ်အိုနှင့် ကလေးများ အပါအ၀င် စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ရှိသော ယင်းစခန်းမှ တာဝန်ခံက ပြောသည်။
လိုင်ဇာမြို့ပေါ်မှ စစ်ဘေးဒုက္ခသည်များမှာ အခြေအနေကို စိုးရိမ်စွာစောင့်ကြည့်နေကြပြီး အခြေအနေများ ဆက်လက်တင်းမာလာပါက ချောင်းတစ်ခုသာခြားသော တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးရန် စဉ်းစားထားကြောင်း စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေသူတစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။
ဒေသခံများနှင့် စစ်ဘေးဒုက္ခသည်များမှာ ပို၍နီးနီးလာသော လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် လိုင်ဇာမြို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ကို စိုးရိမ်နေကြသည်။
ကေအိုင်အေသို့ ဆက်သွယ်မေးမြန်းရာ လက်နက်ကြီးများဖြင့် လိုင်ဇာမြို့အနီး အလန်းဘွမ်းတောင်ကုန်းသို့ နေ့စဉ်လိုလို ပစ်ခတ်နေသော်လည်း လိုင်ဇာမြို့တွင်းသို့ ကျရောက်ခြင်းမရှိသေးကြောင်း 7Day News ၏ ဆက်သွယ်မေးမြန်းမှုကို ဇန်န၀ါရီ ၇ ရက်က ဖြေကြားသည်။
နိုင်ငံတော်သမ္မတက လိုင်ဇာမြို့ကို မသိမ်းရန် ညွှန်ကြားထားကြောင်း သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီးဦးအောင်မင်းကလည်း ပြောကြားထားသည်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်မည်ဟုလည်း ၎င်းကဆိုသည်။
လိုင်ဇာကို အစိုးရဘက်မှ တိုက်ခိုက်ပါက ပြဿနာများမှာ ရှင်းမရအောင် ရှုပ်ထွေးသွားနိုင်ကြောင်း စောင့်ကြည့်လေ့လာနေသူများက ပြောကြားသည်။
မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဦးမင်းဇော်ဦးကလည်း  “အပြန်အလှန်တိုက်ရင်းနဲ့ အမှတ်တစ်ခုကို ရောက်တော့မယ်။ အဲဒီအမှတ်က ဒီထက်တက်လာမယ်ဆိုရင် ပြဿနာအကြီးအကျယ်ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ လူမျိုးရေးအမြင်တွေ ကြီးလာမှာကို စိုးရိမ်တယ်” ဟု ပြောကြားခဲ့ပြီး စစ်ပွဲများဖြင့် ငြိမ်းချမ်းရေးကို မဖန်တီးနိုင်ဘဲ တွေ့ဆုံညှိနှိုင်းခြင်းဖြင့်သာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ကြောင်း ဇန်န၀ါရီလဆန်းပိုင်းက ပြောကြားခဲ့သည်။
စစ်ဘေးကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများမှာ တစ်နှစ်နှင့်ခြောက်လကျော် ကြာမြင့်လာချိန်တွင် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းတွင် စစ်ဘေးဒုက္ခသည် ၆၄၀၀၀ကျော်ရှိပြီး အစိုးရထိန်းချုပ်နယ်မြေအတွင်းတွင် စစ်ဘေးဒုက္ခသည်  ၃၃၀၀၀ ကျော်ရှိကာ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးရေမှာ တစ်သိန်းကျော်သွားပြီဖြစ်ကြောင်း လိုင်ဇာမြို့ရှိ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးဒွဲပီဆားက ပြောကြားသည်။
“အခု သတိထားပြီးနေဖို့ ပြောရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ ရွှေ့ဖို့က သိပ်မလွယ်ဘူးလေ။ အကယ်၍များ လုံးဝနေလို့ မရတော့ဘူးဆိုရင်တော့ ဘယ်တတ်နိုင်မလဲ” ဟု ဦးဒွဲပီဆားက ဇန်န၀ါရီ ၇ ရက်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
မန်စီမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့သဖြင့် ယခုရက်ပိုင်းအတွင်းမှာပင် ထိုဒေသတွင် နေထိုင်သူများမှာ ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည်ဦးရေတစ်ရာကျော် ထပ်တိုးလာသဖြင့် ယင်းတို့အတွက် ဗန်းမော်နှင့် မန်စီကြား တစ်နေရာတွင် ဒုက္ခသည်စခန်းအသစ်တစ်ခု ဖွင့်လှစ်ပေးနိုင်ရန် ပြင်ဆင်နေကြောင်း မြစ်ကြီးနား
အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အထွေထွေအတွင်းရေးမှူး  ဒေါက်တာခလမ်ဆမ်ဇွန်က 7Day News အား ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြဿနာများကို ဖြေရှင်းရန်အတွက် ကြားဝင်ဆောင်ရွက်သည့်အနေနှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေးဦးဆောင်သော အဖွဲ့သည် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ဇန်န၀ါရီ ၁ ရက်က သွားရောက်ခဲ့ပြီး ကေအိုင်အေခေါင်းဆောင်တစ်ဦးဖြစ်သော ဒုတိယ စစ်ဦးစီးချုပ်ဂွန်မော်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ကေအိုင်အိုဘက်မှ ထိန်းသိမ်းထားသော မြန်မာတပ်ဖွဲ့ဝင် ၃၀ ကျော်ကို အစိုးရထံ ပြန်လည်လွှဲ ပြောင်းရေးအတွက် ဆွေးနွေးခဲ့ပြီးသက်ဆိုင်ရာသို့   ပြောကြားထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၅ ရက်တွင် သတင်းတစ်ရပ်ထုတ်ပြန်သည်။ ထိန်းသိမ်းခံအစိုးရတပ်ဖွဲ့ဝင်များကို လွှဲပြောင်းရန် ကေအိုင်အေဘက်မှ အစိုးရ
ဘက်သို့   အကြောင်းကြားသော်လည်း  အကြောင်းပြန်ကြားခြင်းမရှိကြောင်း ကေအိုင်အေဘက် မှပြောသည်။
အစိုးရဘက်မှလည်း ၂၀၁၂ နှစ်လယ်ပိုင်းက ကေအိုင်အိုထိန်းသိမ်းထားသော တပ်ဖွဲ့ဝင် ၂၁ ဦးကို လွှဲပြောင်းမည်ကို လက်ခံရန် ဆောင်ရွက်ခဲ့ရာ  ကေအိုင်အိုဘက်မှ အကြောင်းပြန်ခြင်းမရှိသဖြင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း အစိုးရနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။
၂၀၁၁ ခုနှစ် ဇွန် ၉ ရက်ကတည်းက ပြန်လည်ဖြစ်ပွားလာခဲ့သော အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများမှာ တစ်နှစ်နှင့်ခြောက်လကျော် ကြာမြင့်ချိန်တွင် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိလာပြီး လတ်တလောတွင် နှစ်ဖက်တင်းမာနေသည့် အနေအထားသို့ ရောက်ရှိနေသည်။
အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးအတွက်  နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့သော အောက်တိုဘာ ၃၀ရက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် တပ်နေရာ  ပြောင်းရွှေ့ရေး ညှိနှိုင်းရန် တပ်မတော်မှ ဒုတိယ
ဗိုလ်ချုပ်ကြီးတစ်ဦး အဖွဲ့ဝင်အဖြစ် စေလွှတ်ခဲ့သော်လည်း တစ်ဖက်မှ စစ်ဘက်ခေါင်းဆောင် တက်ရောက်ရန် ပျက်ကွက်သဖြင့် အရေးကြီးသည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဇန်န၀ါရီ ၄ရက်ထုတ် နိုင်ငံပိုင်သ
တင်းစာများတွင် ဖော်ပြထားသည်။
ကေအိုင်အိုစစ်ဘက်ရေးရာမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ရွှေလီငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရခြင်းအကြောင်းမှာ ယင်းအနေနှင့် ဆွေးနွေးရေးအဖွဲ့တွင် မပါဝင်သကဲ့သို့ ဆွေးနွေးပွဲလာရန် ကြိုတင်ညှိနှိုင်းထားခြင်းမရှိခဲ့သဖြင့် မလာရောက်ခြင်းဖြစ်ကြောင်း 7Day News ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ အစိုးရဘက်မှ လေကြောင်းတိုက်ခိုက်မှုများ စတင်လာခဲ့ပြီး ဒီဇင်ဘာလလယ်တွင် မြန်မာတပ်မတော်သားများ လဂျားယန်တွင် ဒဏ်ရာများဖြင့် ဖမ်းဆီးခံထားရသည့် ဗီဒီယိုဖိုင်များ အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီးနောက်တွင် နှစ်ဖက်ပိုမိုတင်းမာလာသည်။  ဒီဇင်ဘာ ၂၃ ရက်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးအကြောင်းကြားလာသော လဂျားယန်တွင် အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်ရန်ရှိသဖြင့် ကေအိုင်အေတပ်များ ရွှေ့ပေးရန် အကြောင်းကြားစာ ပို့အပြီးတွင် လိုင်ဇာမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားမှု စိပ်လာပြီး အတင်းမာဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU)က နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်န၀ါရီ ၆ရက်က တွေ့ဆုံရာတွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော
ပဋိပက္ခမှာ   ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အဟန့်အတားတစ်ခုဖြစ်နေကြောင်းပြောသည်။ ရာစုနှစ်တစ်ဝက်ကျော် ပြည်တွင်းစစ်ဖြစ်ခဲ့၍ တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး သံသယအနည်းငယ်ကျန်ရှိနေသေးကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေမှုအား စောင့်ကြည့်နေသူများအတွက် ကချင်ပြည်နယ်အရေးသည် သံသယဖြစ်ဖွယ်ဖြစ်လာနိုင်ကြောင်း ကေအင်န်ယူမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကေအင်န်ယူဥက္ကဋ္ဌ မူတူးစေးဖိုးကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ကချင်ပြည်နယ် ပဋိပက္ခမှာ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေပြီး ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့က မည်သို့ကူညီပံ့ပိုးပေးရမည်ကို စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG