Home » » နယ်စပ်လုံခြုံရေး ဆွေးနွေးရန် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး မြန်မာသို့ လာရောက်

နယ်စပ်လုံခြုံရေး ဆွေးနွေးရန် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး မြန်မာသို့ လာရောက်

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး A.K. Antony သည် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်း အရာရှိများနှင့်
တွေ့ဆုံကာ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နှင့် မြန်မာ စစ်တပ်အား အရည်အသွေး မြှင့်
တင်ရေး ကိစ္စရပ်များ ဆွေးနွေးရန် ဇန်နဝါရီ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာ
သည်။

“နိုင်ငံခြားရေး ဝန်ကြီး Salman Khurshid နှင့် တပ်မတော် စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌနှင့် လေတပ် ဦးစီးချုပ် Chief Marshal N A K Browne တို့ မြန်မာနိုင်ငံအား နိုဝင်ဘာ နှင့် ဒီဇင်ဘာ လများတွင် အသီးသီး လာရောက် လည်ပတ်ခဲ့ပြီး မကြာမီတွင် A.K. Antony လာရောက်လည်ပတ်ခြင်းကို ကြည့်၍ မြန်မာနိုင်ငံသည် အိန္ဒိယ အတွက် အရေးပါ အရာရောက်ပုံကို တိုင်းတာ သိရှိနိုင်သည်” ဟု The Times of India သတင်းစာက ရေးသား ဖော်ပြထား
သည်။

ယခုခရီးစဉ်တွင် အိန္ဒိယ ကြည်းတပ်နှင့် ရေတပ် အရာရှိများလည်း လိုက်ပါလာခဲ့ပြီး မိုင်ပေါင်း ၁,၀၀၀ ခန့် ရှည်လျား
သည့် နှစ်နိုင်ငံ နယ်စပ်တလျှောက်တွင် ကင်းစောင့်မှု အခြေအနေများ တိုးတက်လာစေရေးနှင့်အတူ ပယ်လယ်ပြင် နယ်ခြားမျဉ်းတွင်လည်း ကင်းလှည့် စောင့်ကြပ်မှု အခြေအနေများ တိုးတက်လာစေရေးတို့အတွက် ဆွေးနွေးခဲ့ကြ
သည်ဟု အရာရှိ တဦးအား ကိုးကား၍ အိန္ဒိယ သတင်းစာက ဖော်ပြထားသည်။ 

ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မိုးရေးမြို့ရှိ တောင်တန်းသားကောင်စီ ဥက္ကဋ္ဌ နေအိမ်တွင် ဗုံးပေါက်ကွဲမှုတခု
ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူများမှာ မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေး ခိုဝင်သွားသည်ဟု မျက်မြင်များက ပြောဆိုကြ
သည်။ ထိုသို့ မြန်မာပိုင်နက် အသုံးပြုပြီး မိုးရေးမြို့အား တိုက်ခိုက်သူများအား မြန်မာဘက်မှ အရေးယူဖော်ထုတ်ပေး
ရန် ဒေသခံ အရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုဆန္ဒပြခဲ့ကြသေးသည်။

Frontier India News Network က ဖော်ပြထားရာတွင် နယ်စပ် လုံခြုံရေးကိစ္စ ဆွေးနွေးမှုများသည် နယ်စပ်ဧရိယာ
များတွင် ရှိသည့် အိန္ဒိယသူပုန်များ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ကန့်သတ်ရေးနှင့် အခြား တရားမဝင် လှုပ်ရှားမှုများ၊ ရာဇဝတ်မှုများကို ထိန်းချုပ်ကန့်သတ်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

အာသံ၊ မဏိပူရနှင့် နာဂလဲန်း ပြည်နယ်များမှ အိန္ဒိယ ခွဲထွက်သူပုန် အနည်းဆုံး ၈ ဖွဲ့မှာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ခိုလှုံလှုပ်ရှားနေကြသည်ဟု အိန္ဒိယ သတင်းစာများက ရေးသားကြသည်။

အိန္ဒိယ အစိုးရကို ဆန့်ကျင်ပြီး မြန်မာဘက်ခြမ်းတွင် အခြေစိုက် လှုပ်ရှားနေကြသည့် သူပုန်အုပ်စုများအား ရှင်းလင်း
ဖယ်ရှားပေးမည်ဟု အစောပိုင်း ကာလများက မြန်မာ အစိုးရက အာမခံ ပြောဆိုထားသည်။

ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မြန်မာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အိန္ဒိယ သံအမတ်ကြီး Villur Sundararajan Seshadri ကို နေပြည်တော်တွင် လက်ခံ တွေ့ဆုံခဲ့ကာ မြန်မာ့ လယ်ယာ နှင့် မွေးမြူရေး
ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယက နည်းပညာ အကူအညီများ ပေးအပ်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းများတွင် အိန္ဒိယက အကူအညီများ ပေးအပ်ရေး၊ ရထားပို့ဆောင်ရေး၊ စွမ်းအင် နှင့် လျှပ်စစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အိန္ဒိယမှ အကူအညီပေးရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သမ္မတရုံး ဝက်ဘ်ဆိုဒ် တွင် ရေးသားထားသည်။

ဒုတိယ သမ္မတ နှင့် အိန္ဒိယ သံအမတ်ကြီးတို့ ဆွေးနွေးပွဲသို့ နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်း နှင့် အခြားအရာရှိများလည်း တက်ရောက်ခဲ့ကြသည်။


မဇ္ဈိမသတင်းဌာန |

 
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG