ပါဂျောင်အရေးတွင် အသက် ချမ်းသာရာ ရခဲ့သော
ABSDF ကျောင်းသား တပ်မတော် ရဲမေဟောင်း နန်း အောင်ထွေး ကြည်က ABSDF
မြောက်ပိုင်းအနေဖြင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပေါက်ဖွားလာခဲ့ သည့်
မူဝါဒအတိုင်း ရှိသည်ဟု ဆိုသော်လည်း ကေအိုင်အေနှင့် မြန်မာ့တပ်မတော်
အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း ပျောက် ကွယ်နေခဲ့ကာ ယခုတိုက်ပွဲ ကာလတွင်မှ
ပြန်ပေါ်ထွက်လာရခြင်းကို နားမလည်ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြား
ခဲ့သည်။
သို့ရာတွင် ယခင်က အပစ်အခတ်
ရပ်စဲခဲ့သောအချိန်၌ ကေအိုင် အေအနေဖြင့် ABSDF ကို မောင်းထုတ် ခဲ့သည်ဟု
ပြောကြခြင်းများအပေါ်တွင် “သူက အပစ်အခတ် ရပ်စဲထားတာ။ ရန်ဖြစ်ရင်
မင်းငါ့အိမ်မှာ မနေနဲ့၊ နေရင်လည်း ရန်မဖြစ်နဲ့ ဆိုတာမျိုး ဖြစ်မယ်
ထင်ပါတယ်” ဟု တွေးမိကြောင်း နန်းအောင်ထွေးကြည်က ဆက်လက် ပြောကြားသည်။
ယင်းသည် လိုင်စင်မြေတွင် အသက်မသေဘဲ
ကျန်ခဲ့သော် လည်း ABSDF မြောက်ပိုင်း၏ ဖမ်းဆီး ထိမ်းသိမ်းမှု ကို ခံခဲ့ရကာ
၁၉၉၂ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ကေအိုင်အေသို့ တရားဝင်လွှဲပြောင်း ခံခဲ့ရသော
ရဲမေ တစ်ဦး ဖြစ်သဖြင့် လက်ရှိ အနေအထားတွင် ABSDF ၏ တိုက်ပွဲတစ်ပိုင်း၊
ငြိမ်းချမ်းရေး တစ်ပိုင်း ဟန်ချက် အပေါ် မည်ကဲ့သို့ မြင်ပါသနည်းဟု
မေးမြန်းခဲ့ရာ နန်းအောင်ထွေးကြည်က “ဒီ ABSDF မြောက်ပိုင်းက အဲဒီ ကေအိုင်အေ
အပစ်အခတ် ရပ်စဲရေး မှာကတည်းက ပျောက်သွားပြီ။ ဘာကြောင့်လဲ ဆိုတော့
သံချောင်းတို့က တောင်ပိုင်း ရောက်သွား တယ်။ တာဝန်အရှိဆုံးဖြစ်တဲ့
ရော်နယ်အောင်နိုင် (ခေါ်) အောင်နိုင်လည်း AB ထဲမှာ မရှိတော့ဘူး။ သူက ဆက်လည်း
မလုပ်တော့ဘူး။ သံချောင်းဆိုလို့ရှိရင် SSC ထဲ ကို ရောက်သွားတယ်ဆိုတော့
ဘယ်မှာလဲ ABSDF မြောက်ပိုင်း ဆိုတာ တောထဲမှာလည်း မရှိတော့ဘူး။
ကျွန်မပြောရရင်တော့ ABSDF မြောက်ပိုင်း ဆိုတာဟာ ပျောက်သွားတယ်။ ကွဲသွားတယ်။
တပ်ပျက်သွားတယ် လို့လည်း ပြောလို့ရတယ်။ အခု လက်ရှိ အစိုးရနဲ့ တိုက်ပွဲတွေ
ဖြစ်နေတယ် ဆိုတော့ တိုက်ပွဲဖြစ်လိုက်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ABSDF
မြောက်ပိုင်း ဆိုတာလေးကို ကမန်းကတန်း ရှိတဲ့သူတွေနဲ့ ဖွဲ့လိုက်တယ်။
ရှိတဲ့သူတွေနဲ့ ပြန်ဖွဲ့လိုက်ပြီး တော့မှ အင်အား အနေနဲ့ စုတယ်။ တချို့သတင်း
ကြားနေရတာကတော့ စစ်သား စုဆောင်းရေးတွေ လုပ်တယ်။ အင်အားဖြည့်တယ်။
အဲဒီလိုတွေ ကြားတယ်။ ဒါပေမယ့် ၁၉၉၂ ခုနှစ်မှာ ၅၅ ဦး ထွက်ပြေးသွားပြီးတော့
ကျွန်မတို့ ၉ ယောက်က အကျယ်ချုပ် ကျနေတဲ့အချိန် ရော်နယ်အောင်နိုင်(ခေါ်)
အောင်နိုင်က စစ်ရေးတာဝန်ခံ၊ ဒုဥက္ကဋ္ဌ သံချောင်း ကိုယ်တိုင်က ၁၉၉၂ ခုနှစ်၊
ဇွန်၊ ဇူလိုင်လ လောက်မှာ စစ်သား စုဆောင်းရေး လုပ်တယ်။ စစ်သား စုဆောင်းရေး
ဆိုတာက ဖမ်းတာပဲ။ ဒါတွေက ကျွန်မတို့ မျက်စိရှေ့မှာ ဖမ်းတာ။ အခုလက်ရှိ
မြန်မာပြည် မြောက်ပိုင်း လူသတ်သမား လှစိုင်း ကိုယ်တိုင် ဦးစီးနေတယ်။
ကျွန်မက ဘာလို့ လူသတ်သမား လှစိုင်းလို့ ပြောသလဲ ဆိုတော့ သူကိုယ်တိုင်
မောင်မောင်ကို ဓားနဲ့ ခုတ်သတ်ခဲ့တယ်။ ဒါကြောင့် ကျွန်မက သူ့ကို
လူသတ်သမားလို့ ပြောတာ။ တောင်ပိုင်းက ဥက္ကဋ္ဌ သံခဲကတော့ အခု
ပြည်တွင်းမှာလာပြီးတော့မှ ဒီအစိုး ရဆီမှာ ပေါ်လစီ တစ်ခု ရှိမှာပေါ့။
ဟုတ်တယ်မဟုတ်လား။ ငြိမ်းချမ်း ရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ သူတို့
လာတောင်းနေတယ်ဆိုတော့ အားလုံးက အတူတူပါပဲဆိုပြီး သူတို့ ပြောထားတယ်လေ။
ကျွန်မအနေနဲ့ ဘယ်လိုမြင်ရမလဲ မသိဘူး။ တော်တော် စဉ်းစားတာ” ဟု သူ၏ အမြင်ကို
ရှင်းပြသည်။
တစ်ဖန် ယင်း၏ အတွေ့အကြုံ အရ ABSDF
မြောက်ပိုင်း၏ နိုင်ငံ ရေးဆိုင်ရာ မူဝါဒတွင် ပြည်တွင်း နိုင်ငံရေး
အခြေအနေနှင့် ဟန်ချက်ညီအောင် မည်ကဲ့သို့ လှုပ်ရှားဆောင်ရွက် ခဲ့ပါသနည်းဟု
မေးမြန်းရာ “ကျွန်မတို့ မြောက်ပိုင်း မှာ ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်ဟာ
မူဝါဒကြောင့် မဟုတ်ဘူးလို့ ကျွန်မ ပြောချင်တယ်။ အဓိက က မျိုးဝင်း
ခေါင်းဆောင် မှု ကြောင့်လို့ ကျွန်မ တပ်အပ် ပြောရဲတယ်။ ဒါပေမယ့် ABSDF
မြောက်ပိုင်းမှာ ကိုယ်ဝင်လိုက်ပြီး ကတည်းက ကျွန်မတို့မှာ ပြင်ပလောကနဲ့
လုံးဝ အဆက်အသွယ်ပြတ်သွားတယ်။ ဒါ အမှန်ပြောတာ။ သူတို့ လူကြီးပိုင်း တွေသာ
သိလိမ့်မယ်။ ဘယ်တော့မှ အောက်ပိုင်း ရဲဘော်ရဲမေတွေကို ချပြခြင်း မရှိဘူး။
ပြည်တွင်း နိုင်ငံရေး အခြေအနေကို ကျွန်မတို့ မသိခဲ့ဘူး။
အဲဒီထဲကိုရောက်တာနဲ့ ကျွန်မတို့မှာ သတင်းစာဆိုတာ ဖတ်ပိုင်ခွင့် မရှိဘူး။
တောင်ပိုင်းလို မဟုတ်ဘူး။ ကိုယ်က တပ်တွင်းထဲမှာပဲ နေရတယ်။ ခွင့်ပြုချက်
မရှိဘဲနဲ့ တပ်ပြင်ပကို သွားလို့မရဘူး။
“ရဲဘော် ရဲမေတွေကို တစ်လ တစ်ခေါက်တောင်မှ
ရှင်းလင်း ပြောကြားခြင်း မရှိခဲ့ဘူး။ ကျွန်မတို့ ရဲဘော် ရဲမေ များဟာ
တပ်အတွင်းထဲကို ရောက်လာတဲ့ အချိန်မှာ မျက်စိပိတ်၊ နားပိတ်တွေ ဖြစ်ကုန်တယ်။
ဘာမှ မသိတော့ ဘူး။ ပြည်ပ တစ်ကမ္ဘာလုံးနဲ့ မပြောနဲ့ ကိုယ့်နိုင်ငံ အတွင်းမှာ
ဖြစ်သွားတဲ့ဟာ ဆိုရင်လည်း ဥပမာ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတယ် ဆိုတာပဲ
သိတယ်။ ဒါလောက်ပဲ။ လူကြီးပိုင်းတွေက တစ်ခါမှ အခြေခံ ရဲဘော်ရဲမေတွေကို တစ်လ
တစ်ခေါက် ကလေးတောင်မှ ဒီလိုမျိုး သဘောတရား ရေးရာတို့ ဘာတို့မှာ ဆွေးနွေး
တာတို့ ရှင်းလင်း ပြောပြတာတို့ လုံးဝမရှိခဲ့ဘူး။ နိုင်ငံရေးနဲ့
ပတ်သက်ပြီးတော့ အတွေ့အကြုံ ရှင်းလင်းပွဲဆိုတာ ကျွန်မတို့ ဒီမြောက်ပိုင်းမှာ
တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျွန်မ ကိုယ်တိုင်ကိုက Pro team (propaganda team)
ဝါဒ ဖြန့်ချိရေးက အသံလွှင့်သူ အနေနဲ့ သူတို့ချရေး ပေးလိုက်တဲ့ဟာကို
ကျွန်မဖတ်ရတယ်။ ကျွန်မကိုလည်း သူတို့ သင်ကြားပေးခြင်း ဘာမှ မရှိဘူး။
အဲဒါတွေလည်း သူတို့ စိတ်မဝင်စားဘူး။ သံချောင်းတို့
မျိုးဝင်းတို့ကိုယ်တိုင်ကို နိုင်ငံရေး အမြင် လုံးဝ မရှိဘူး။ စစ်တိုက်မယ်၊
သတ်မယ်၊ ဖြတ်မယ် ဆိုတာကလွဲပြီး သူတို့မှာ နိုင်ငံရေးအမြင် လုံးဝ မရှိဘူး”
ဟု ပြန်လည် ရှင်းပြပါသည်။
နန်းအောင်ထွေးကြည်သည် ၁၉၈၈ ခုနှစ်၌
ရန်ကုန်တက္ကသိုလ် စိတ်ပညာ အဓိက၊ စာပေးစာယူ တက်ရောက် လျက် ရှိပြီး
လူထုလှုပ်ရှားမှု အပြီးတွင် တောခိုခဲ့ကာ ABSDF မြောက်ပိုင်းမှ ၁၉၉၂
ခုနှစ်တွင် လွတ်မြောက်ပြီး ကေအိုင်အေမှ တစ်ဆင့် ထိုင်းနိုင်ငံသို့
ရောက်ခဲ့သည်။ ယခု အခါ ဩစတြေးလျနိုင်ငံတွင် အခြေ ချနေထိုင်ကာ ယခုအကြိမ်သည်
၁၉၈၈ ခုနှစ်နောက်ပိုင်းမွေးရပ်မြေသို့ ပထမဆုံးအကြိမ် ပြန်လည် ရောက်လာခြင်း
ဖြစ်သည်။
မြန်မာအင်ဒီပဲန်ဒင့်
သတင်းသမားများက သတင်းအစစ်အမှန်
0 comments:
Post a Comment