Home » » KIO အမှုဖြင့် မြစ်ကြီးနား ၁၀ တန်းကျောင်းသား ရုံးထုတ်စစ်ဆေး

KIO အမှုဖြင့် မြစ်ကြီးနား ၁၀ တန်းကျောင်းသား ရုံးထုတ်စစ်ဆေး



 မြစ်ကြီးနားမြို့မှ ဒဿမတန်း ကျောင်းသား မောင်ဇော်ဆိုင်းအောင် ကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ စာအား စက်ပစ္စည်းအရောင်းဆိုင် တခုသို့ သွားပေးစဉ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ နိုဝင်ဘာလ ၅ ရက်နေ့က မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။

ဒီဇင်္ဘာလ ၄ ရက်နေ့က မြို့မ ရပ်ကွက်ရှိ ပန်ချာဘီ လူမျိုးပိုင် ရိုမီးနှင့် ညီအစ်ကိုများ စက်ပစ္စည်း အရောင်းဆိုင်သို့
ဇော်ဆိုင်းအောင် က စာသွားပေးစဉ် ဆိုင်ရှင်များက သူခိုးဟု စွပ်စွဲ၍ ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်းဖြစ်ပြီး ရုံးထုတ်စစ်ဆေးရာ တွင် တရားလို ရဲအုပ် ရဲလွင် စွပ်စွဲသည့်အတိုင်း ကာယကံရှင်က KIO တပ်ကြပ်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သော် လည်း ကချင်တရားရေးဆိုင်ရာ အထောက်အကူပြုကွန်ယက်အဖွဲ့ (KLANG) မှ ရှေ့နေ ဦးမာခါး က ထိုဖြောင့်ချက် အပေါ် သံသယရှိနေသည်။

“မတရား ဖြောင့်ချက်ယူထားတယ်။ သူက ကျောင်းသားလေ။ သူတို့ ပြောတာက ၂၀၀၇ မှာ ဇော်ဆိုင်းအောင်က
ရွှေမှော် သွားတယ်။ ၂၀၀၈ မှာ KIO ဖမ်းသွားတယ်။ အဲဒါ ခုထိ KIO တပ်ကြပ်ဟုတ်တယ်လို့ ထွက်ဆိုထားတယ်။ သူက အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ ဘယ်လိုမှ တပ်ကြပ်မဖြစ်နိုင်ဘူး” ဟု ဦးမာခါး က ဆင်ခြေတက်သည်။

မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဒု-တရားသူကြီး ဦးဇော်လင်းထွန်း ရှေ့မှောက်၌ ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအမှုအား ကွန်ယက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ဆိုသည်။

မောင်ဇော်ဆိုင်းအောင်နှင့်အတူ လိုက်ပါလာသူ KIO ဝန်ထမ်း ကိုကို မှာမူ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ၎င်း၏ အမွှာညီ ဖြစ်သူ အစိုးရ သစ်တောဌာနမှ ဒုဗိုလ် ညီညီ အား ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

KIO ၏ စာမှာ မည်သည့်အကြောင်းအရင်းများ ရေးသားထားသည်ကို သိရှိရန် KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ထံ မဇ္စျိမအနေဖြင့် ဆက်သွယ်သော်လည်း မရခဲ့ပေ။

ဇော်ဆိုင်းအောင်မှာ ကျန်းမာရေးမကောင်းသဖြင့် ကျောင်းမတက်ရဘဲ အပြင်ဖြေရန် ကျူရှင်တက်ရောက်နေသူ တဦးဖြစ်ကြောင်း မိခင် ဒေါ်ကျန်ဖန်လု က ပြောသည်။

“အဲဒီမနက်မှာ ဘုရားကျောင်းသွားရအောင်ပြောတာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတယ်။ နောက် ရဲတပ်ဖွဲ့က သူ့လက်ထဲမှာ စာရွက်စာတမ်း တွေ့တယ်ဆိုပြီး ဖမ်းထားတယ်လို့ လာပြောတယ်။ ဘာစာရွက်ဆိုတာ မပြောဘူး။ သူ ကျန်းမာရေး မကောင်းလို့ အိမ်မှာပဲ နေတာ။ အူတက် ခွဲထားလို့ အလုပ်ကြမ်းတောင် မလုပ်ခိုင်းဘူး” ဟု မဇ္စျိမကို
ပြောသည်။

အထိန်းသိမ်းခံ မောင်ဇော်ဆိုင်းအောင်နှင့် ဒုဗိုလ် ညီညီတို့မှာ မိသားစုများနှင့် တွေ့ဆုံခွင့် မရသေးပေ။ လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ကြုံတွေ့နေရမှုအပေါ် တရားဥပဒေ စိုးမိုးရေးနှင့်
အေးချမ်းတည်ငြိမ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား ကချင်ပြည်နယ်မှ တရားရုံးများသို့ လာရောက် စုံစမ်းစစ်ဆေးစေလိုကြောင်း ယနေ့ ကျရောက်သော လူ့အခွင့်အရေးနေ့မှာ ပြောလိုသည်ဟု ရှေ့နေ ဦးမာခါးက ဆိုသည်။

“ကချင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေး မရှိဘူး။ အာဏာပိုင်တွေက ကြိုက်သလို လုပ်နေတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ကျနော်တို့ ကချင်ပြည်နယ်ကို ဖိတ်ခေါ်ချင်တယ်။ လွတ်လပ် တရားမျှတတဲ့တရား စီရင်ရေး စနစ်တွေ ရှိမရှိ လာစစ်ဆေးစေချင်တယ်။ သူတို့အဖွဲ့ကနေ ရှောင်တခင် ဝင်ရောက် စစ်ဆေးတာမျိုး လာလုပ်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG