Home » » ကာမိုင်း ရဲခစန်း KIA စီးနင်း၊ ရဲသား တဦး ကျဆုံး၊ အမျိုးသမီး နှစ်ဦး သေဆုံး

ကာမိုင်း ရဲခစန်း KIA စီးနင်း၊ ရဲသား တဦး ကျဆုံး၊ အမျိုးသမီး နှစ်ဦး သေဆုံး



 ဖားကန့်မြို့နယ်၊ ကာမိုင်း ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ် KIA ၏ တပ်ဖွဲ့များက အင်္ဂါနေ့ နံနက်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး နှစ်ဦးသေဆုံးကာ ရဲတပ်သားတဦး ကျဆုံးခဲ့သည်ဟု KIA နှင့် ကားမိုင်းမြို့ခံများက ပြောသည်။

ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် အရပ်သား နှစ်ဦး သေဆုံးသွားသည်ဟု သိရပြီး ၎င်းတို့ဘက်မှ တပ်သား တဦး ကျဆုံးခဲ့သည်ဟု KIA တပ်ရင်း ၆ မှ အရာရှိ တဦးက ပြောသည်။

“ကျနော်တို့လည်း အရပ်သား မထိခိုက်အောင်တော့ လုပ်ခိုင်းတယ်။ ဒါပေမယ့် ရဲစခန်းအထဲမှာ ရှိနေတော့ သူတို့ပစ်လို့ သေတာလား။ ကျနော်တို့ ပစ်လို့ သေတာလားတော့ မသိဘူး” ဟု ပြောသည်။

ထိုသို့ သွားရောက် စီးနင်းတိုက်ခိုက်ရခြင်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ KIA တပ်ရင်း ၆ လက်အောက်ခံ စခန်းအား အစိုးရ၏ နမခ စစ်ဌာနချုပ်နှင့် ကချင်ပြည်နယ် မပခ လက်အောက်ခံ တပ်ရင်း ၃ ရင်း၏ အင်အား ၄၀၀ နီးပါးဖြင့် လာရောက် တိုက်ခိုက်မှုများကြောင့် ယခုကဲ့သို့ ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟုလည်း ၎င်း KIA အရာရှိက ဆိုသည်။

“ဟုတ်ပါတယ်။ ကျနော်တပ်ဖွဲ့တွေပဲ။ ဒီလို ၁၄ ရက်နေ့ကနေ ၁၆ နဲ့ထိ ကျနော်တို့ တပ်ခွဲ ၁ ကို သူတို့ လာပစ်လို့ ကျနော်တို့ မလိုလားဘူး။ ဒီမနက် ၄၀ နာရီ ၁၅ မိနစ်လောက်မှာ ကားမိုင်းထဲက စခန်းကို သွားပစ်ခိုင်းတယ်။ သူတို့ အစိုးရ ဒီလိုလုပ်ရင် ဒီလို ဖြစ်တတ်တယ်ဆိုတာကို ပညာပြတာပဲ” ဟု အဆိုပါ အရာရှိက  ပြောသည်။

ထိုရဲစခန်းမှ တိုမီးသေနတ်၊ M 21 နှင့် M 22 လက်နက်ပေါင်း ၂၀ ခန့် သိမ်းယူခဲ့သည်ဟုလည်း ပြောသည်။

ကားမိုင်းမြို့လယ်ခေါင်ရှိ (ဒေသအခေါ် ရဲစခန်းကုန်း)သို့ KIA များ လာရောက်စီးနင်းသည့် မြင်ကွင်းကို “ဒီမနက် ရဲစခန်းကို ၄ နာရီ ၄၀ မိနစ်လောက်ကနေ ၅ နာရီကျော်လောက်ထိ မိနစ် ၂၀ လောက် ပစ်ခတ်ပြီး စခန်းက ပစ္စည်းတွေ သိမ်းယူပြီးတော့ ပြန်ထွက်ခွာသွားတယ်” ဟု ကာမိုင်း မြို့ခံ တဦးက  ပြောသည်။

ကားမိုင်းမြို့အဝင် အင်းတော်ချောင်း သံဘောင်ဘေလီ တံတားကိုလည်း KIA တပ်ဖွဲ့များ ဖောက်ခွဲခဲ့ရာ အနည်းငယ်
စောင်းသွားရာမှ ယခု ပြန်လည် ပြုပြင်ထားပြီး လူသွားလာနိုင်ပြီ ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

စာသင်ကျောင်း၊ မူကြိုကျောင်းနှင့် ဈေးများကိုလည်း ပိတ်ထားလိုက်ရသည်ဟု သိရသည်။ သက်ကြီးရွယ်အိုများ၏ ခရစ္စမတ် မိတ်ဆုံစားပွဲ ကျင်းပနေသော်လည်း ထိတ်လန့်စွာဖြင့် ကျင်းပနေရသည်ဟု ဆိုသည်။

ထိုရဲစခန်းကုန်းတွင် အကျဉ်းထောင်ရှိပြီး ထိုအကျဉ်းထောင်အား ဖွင့်ပေးခြင်း ရှိမရှိကိုမူ မသိရှိရသေးပေ။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG