အမြော်အမြင်၊ ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အလေ့အထကို ပုံသွင်းယူခြင်း
နိုင်ငံတခုမှာ လူအများက ဘယ်လောက်
အတိုင်းအတာထိ ကြီးမား ကျယ်ပြန့်စွာ တူညီတဲ့ အမြော်အမြင် ရှိကြလဲ...
ဘယ်လောက်ထိ သွေးစည်း ညီညွတ်နိုင်ကြသလဲ .. ဘယ်လောက်ထိ
ပူးပေါင်းဆောင်ရွက်နိုင်ကြသလဲ.. ဒါတွေကို ကျနော်တို့ ပြန်ပြီး
စိစစ်သင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် ဒီကိစ္စအပေါ်မှာ အမြဲတမ်း
အားမလိုအားမရ ပြောဆို ဆုံးမ ပဲ့ပြင်ပေးလေ့ရှိတာ လူတိုင်း သိကြ
လက်ခံကြပါတယ်။
ဒီကိစ္စဟာ အစိုးရအပါအဝင် ကျနော်တို့
ပြည်သူတွေအားလုံး အမြဲတမ်း အထူး သတိထား ဖြည့်ဆည်း မြှင့်တင်သင့်တဲ့
ကိစ္စတခုလို့ ဆိုချင်ပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရမယ့်
တာဝန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်နဲ့ အဖွဲ့အစည်းတွေမှာ
တာဝန်ယူရတဲ့ ခေါင်းဆောင်တွေက အချိန်အခါ အားလျော်စွာ အားတက်သရော
လုပ်ပေးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဒါမှလည်း နောက်လိုက်တွေက အလေးအနက်
လိုက်လုပ်လာနိုင်စရာရှိလို့ နိုင်ငံဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ
ကောင်းတဲ့ဘက်က ပုံသွင်းယူလာနိုင်ဖို့ ရှိပါမယ်။
ဂျပန်နိုင်ငံက အဖြစ်တခု
ဥပမာ ဂျပန် ဆိုပါတော့.. ၂ဝ၁၁ မတ်လ ၁၁
ရက်နေ့က ဆုနမိ ရေလှိုင်း (magnitude 9.0) ကြောင့် လူ နှစ်သောင်းကျော်
သေဆုံးပျောက်ဆုံးရပြီး ဒုက္ခ အကြီးအကျယ်ရောက်တော့ တနိုင်ငံလုံးက မျှဝေ ခံစား
တာဝန်တွေ ခွဲယူ အနစ်နာခံပေးကြပါတယ်။ လျှပ်စစ်ဓါတ်အားကို လျှော့ပေးရတော့
တနိုင်ငံလုံး မညီးမညူ လျှော့သုံးကြတယ်။
စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ အဲဒီတုန်းက
ဂျပန်ဝန်ကြီးချုပ် (နာအိုတို ခန်း) အပေါ် အတိုက်အခံဘက်က ဒေါသတကြီး
စွပ်စွဲသူတွေ ရှိခဲ့ကြပါတယ်။ အဲဒီအခါမှာ ဝန်ကြီးချုပ်ဟာ ရာထူးကနေ
နှုတ်ထွက်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။
အစိုးရ အပြောင်းအလဲမှာ
ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်လျော့ ထိခိုက်မှာစိုးလို့ နောက်ထပ် ၆ လ
အချိန် ထပ်ယူရတာကို ရှင်းပြပြီး လစာငွေ မယူဘဲ ဆက်လုပ်ပါရစေလို့လည်း တဖက်သပ်
ကတိပေးခဲ့ပါတယ်။ ခေါင်းဆောင်တဦးရဲ့ တာဝန်ခံယူရဲတဲ့ စံနမူနာပါ။ ပြဿနာတခု
ရှိလာရင် အစိုးရကို အတိုက်အခံတွေက ဖြုတ်ချဖို့ လုပ်တတ်တဲ့ နိုင်ငံရေးစရိုက်
တခုကိုလည်း သတိပြုနိုင်ပါတယ်။
ခံစားမှု ပါတဲ့ နိုင်ငံရေး
နိုင်ငံရေးမှာ ချစ်ခြင်း၊ မုန်းခြင်း
ခံစားမှု မထည့်ကြရင်၊ တယူသန်စိတ် မထားကြရင် အကောင်းဆုံး နိုင်ငံရေး
ဖြစ်စဉ်တွေကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ ဒေါသစိတ်ခံနဲ့ နိုင်ငံရေးကို
မပြုမူသင့်ပါဘူး။ အခွင့်သာရင် ကလဲ့စားချေချင်တဲ့ ရန်ငြိုး အာဃာတစိတ်နဲ့လည်း
မပြုမူသင့်ပါဘူး။ ဂရုဏာ ဒေါသ ဖြစ်ရင်တောင် ထိန်းနိုင်သမျှ အကောင်းဆုံးပါ။
“ဒေါသ” ဟာ အမှားကို ကျူးလွန်မိဖို့ ကြောက်စရာအကောင်းဆုံး အမြဲတမ်း ရန်သူ
ဖြစ်တာကြောင့်ပါ။
အခြားတဘက်မှာဆိုရင် အလွန်အကျွံ
ယုံလွယ်စိတ်လည်း မရှိသင့်ပါ။ တိုင်းပြည်အတွက် အမြော်အမြင်ထားပြီး ညီညွတ်
ပူးပေါင်းမှုမျိုးနဲ့ ဘယ်လိုမှ မတူတဲ့ မျက်ကန်းမျိုးချစ်စိတ်ဟာ နောက်ဆုံး
တိုင်းပြည်ကိုသာ ပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။ ပုဂ္ဂိုလ်ရေးရာ လေးစားချစ်ခင်
ကိုးကွယ် ကြည်ညိုမှုဟာ နိုင်ငံရေးမှာ တော်တော်ဒုက္ခပေးပါတယ်။ ဥပမာတခု ပေးရရင်
ခရိုနီစနစ်ကို မွေးလိုက်သလို ဖြစ်တတ်ပါတယ်။ အာဏာရှင်စနစ်ကို ဖန်တီးဖို့
အကြောင်းရင်းထဲက တခုလည်း အပါအဝင် ဖြစ်ပါတယ်။
နိုင်ငံရေး ခေါင်းဆောင်နဲ့ မီဒီယာ
နိုင်ငံ့အရေး တာဝန်ကြီးကြီး ယူထားရသူတွေ၊
ခေါင်းဆောင်တွေဟာ သူတို့ စီမံဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး
ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံယူ ဆောင်ရွက်နေတဲ့အကြောင်း အများတကာကို
အသိပေးရပါတယ်။ အရေးပေါ် လိုအပ်ရင်လည်း ပြည်သူကို ရှင်းလင်းစွာ ပြောဆိုလေ့
ရှိပါတယ်။ အဲဒီအခါမှာ သူတို့ဟာ မီဒီယာနဲ့ မဖြစ်မနေ ဆုံတွေ့ရပါတယ်။ ဒါဟာ
ဒီမိုကရေစီရဲ့ ထုံးစံပါ။ သူတို့ဟာ မီဒီယာနဲ့ တွေ့ဆုံတဲ့ခါမှာ
အများပြည်သူရဲ့ သံသယဖြစ်စရာ၊ ဇဝေဇဝါ ဖြစ်နိုင်စရာတွေကို
ရှင်းလင်းပြောပြနိုင်တဲ့အပြင် လမ်းကြောင်းတွေ မမှားရအောင်လည်း
ထိန်းညှိပေးနိုင်ပါတယ်။
မီဒီယာဟာ နိုင်ငံအတွက် အလွန်အရေးပါလှတာကြောင့် စတုတ္ထမဏ္ဍိုင်လို့တောင် တင်စားထားရပါတယ်။ ဒါကြောင့် မီဒီယာဟာ ရေရှည်တည်တန့် ခိုင်မြဲစွာ
လွတ်လပ်နေဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။
ပြည်သူဘက်က ကိုယ်စားပြုပေးတာကြောင့် တိုင်းပြည်ရဲ့ အမြင့်ဆုံးရာထူး
ယူထားသူကအစ မီဒီယာကို တလေးတစား တန်ဖိုးထားရမှာ ဖြစ်ပါတယ်။
အကြောင်းအကျိုး သင့်တယ်ဆိုရင် မီဒီယာက
တွေ့ဆုံချင်တဲ့ မေတ္တာရပ်ခံမှုကို ဘယ်သူမှ မငြင်းပယ်အပ်ပါဘူး။
ခေါင်းဆောင်ဟောင်းတွေ၊ ဝါရင့် နိုင်ငံရေးသမားတွေ၊ အချိန်လုရတဲ့
ကျော်ကြားသူတွေကလည်း ဒီအချက်ကို အလေးအနက် ထားလာရင် ဘက်စုံအမြင်မျိုးကို
မီဒီယာက စွမ်းဆောင်ပေးနိုင်ဖို့ ရှိပါတယ်။
လွတ်လပ်စွာ တွေးခေါ် ပြောဆို ရေးသား
ဆန္ဒထုတ်ဖော်တာဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတခုပါ။ တချိန်တည်းမှာ အများကို
မထိခိုက်စေဘဲ မိမိရဲ့ လွတ်လပ်ခွင့်ကို အကျိုးရှိရှိ အသုံးချကြရတာကလည်း
ဒီမိုကရေစီရဲ့ အလေ့အထကောင်းပါပဲ။ ဒါတွေကို မီဒီယာဘက်မှာ ကောင်းကောင်း
ကျင့်သုံးကြပါတယ်။ အစွန်းမရောက်စေဖို့ မီဒီယာကျင့်ဝတ်တွေနဲ့ ပြန်လည်
ထိန်းညှိထားရပါသေးတယ်။
မီဒီယာဘက်က မေးတဲ့အခါမှာ
လူတွေ့ အင်တာဗျူးတွေမှာ ခေါင်းဆောင်တွေကို
မေးမြန်းကြတဲ့အခါ တရားရုံးမှာ စစ်မေးတဲ့ပုံစံနဲ့ မတူညီဘဲ ကွာခြားနေရမှာပါ။
လုပ်ငန်းသဘောချင်း မတူညီတာကြောင့် ဖြစ်ပါတယ်။
မီဒီယာရဲ့ မေးခွန်းတိုင်းမှာ ရည်ရွယ်ချက်
ရှိထားပြီး ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်ဟာ မီဒီယာ ဆောင်ပုဒ်ဖြစ်တဲ့
ဘက်လိုက်ခြင်း မရှိတဲ့ အများအကျိုးပြုဖို့သာ ဖြစ်စေရပါမယ်။
အခြားရည်ရွယ်ချက်နဲ့ ခံစားချက်တို့ကို ထည့်ပြီး မမေးရပါဘူး။ အခြေအနေတခုနဲ့
သက်ဆိုင်တဲ့ မေးခွန်းတွေကသာ အင်တာဗျူးရခြင်းရဲ့ ရည်ရွယ်ချက်ကို
အကျိုးပြုနိုင်ပါတယ်။ မီဒီယာဘက်က ထောင့်စေ့အောင် မေးနိုင်သမျှ
ပြည်သူတွေအတွက် တန်ဖိုးတစုံတရာ ဖြစ်စေပါတယ်။
မီဒီယာ အင်တာဗျူး ဖြေနိုင်ဖို့ အရည်အချင်း
ခေါင်းဆောင်တွေဘက်က ပြန်ဖြေရာမှာလည်း
မေးခွန်းတိုင်းဟာ ခေါင်းဆောင်တွေကို ခေါင်းဆောင် အရည်အချင်း စမ်းသပ်နေတာ
ဖြစ်ပါတယ်။ မီယာဘောင်ဝင်ပြီး အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ကြိုက်ရာ
မေးခွန်းတွေ ဘာမေးမေး ပြန်ဖြေနိုင်ရပါမယ်။
ပြန်ဖြေနိုင်ရမယ့် အရည်အချင်း
အထူးကျွမ်းကျင်နေရမှာက ပြောစရာကို မလိုပါ။ အရည်အချင်းတွေက အတော့်ကို
များနေမှာပါ။ မိမိရဲ့အားနည်းချက်ကိုလည်း အမြဲတမ်း ပြင်ဆင် သတိထားနေရတာလည်း
အရည်အချင်းတခုပါ။ စကားအလိမ္မာ သုံးရတဲ့အပြင် ဦးဆောင်နိုင်စွမ်း၊
အတွေ့အကြုံ၊ ပညာ၊ ကိုယ်ကျင့်တရား သီလ၊ မေတ္တာ၊ သမာဓိတွေလည်း
အားကောင်းနိုင်သမျှ လိုချင်တဲ့ နိုင်ငံရေး အဝန်းအဝိုင်းကို ကိုယ်တိုင်
ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်း
အဲဒီလို အရည်အချင်းတွေနဲ့ အတော့ကို
ပြည့်စုံနေသူတဦးကို နမူနာပြ ရွေးထုတ်ရရင် ဒေါ်အောင်ဆန်းစုကြည်က သင့်တော်မယ်
ထင်ပါတယ်။ ဒေါ်စုဟာ မွေးလာကတည်းက နိုင်ငံရေး အရိပ်အာဝါသအောက်မှာ
ထိန်းကျောင်းပဲ့ပြင်မှုကို ခံယူရသူပါ။ နှစ်ပေါင်း ၅ဝ ကျော်လောက်ကတည်းက
နိုင်ငံရေးနဲ့ ဘွဲ့ရလာသူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နှစ်တာ
ကာလတလျှောက်လုံးမှာလည်း အခက်ခဲဆုံး နိုင်ငံရေး လောကဓံကို နိုင်ငံအဆင့်
မြင့်မားတဲ့ နေရာကနေ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ခဲ့သူ ဖြစ်ပါတယ်။
နိုင်ငံတကာသုံး ဘာသာစကားအားဖြင့်လည်း
မိခင်ဘာသာစကားလို အဓိပ္ပာယ်ပေါက် ပြောဆိုနိုင်စွမ်း ရှိသူပါ။
ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပြောဆို ဆွေးနွေးမှု အများဆုံး လက်ရှိ
မြန်မာတွေထဲမှာ ဒေါ်စုက နံပါတ်တစ် ဖြစ်နေမလားပါပဲ။
ဒါ့အပြင် ဖျတ်ခနဲ ချက်ကျကျ ဖြတ်ထိုးဥာဏ်
သုံးပြီး ပြန်ဖြေတတ်တာတွေ၊ မြင်ရသူ စိတ်ကြည်ရွှင်အောင် ပြုံးပြောရယ်မောပြီး
ဖြေတတ်တာတွေ၊ မေးသူတိုင်း မေးလို့ရနိုင်အောင် မျှမျှတတ ဖြစ်စေတာတွေ၊
မေးသူတွေ ကျေနပ်တဲ့အထိ ဖြစ်နိုင်သလာက် စိတ်ရှည်တာတွေဟာ အတုယူလောက်တဲ့
အရည်အချင်းတွေလို့ ကျနော် ယူဆမိပါတယ်။
အဘက်ဘက်က တော်တော်တန်တန်
ပြည့်စုံလုံလောက်တဲ့ အရည်အချင်းတွေ ရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ တော်ရုံတန်ရုံ မေးခွန်းတွေကို ကျွမ်းကျင်စွာ ပြန်ဖြေနိုင်မယ်လို့
ကျနော်ကတော့ အမြဲ ယုံကြည်ထားပါတယ်။
မီဒီယာ အင်တာဗျူး ဖြေသူ
မီဒီယာကို ပြန်ဖြေနိုင်ဖို့ အရည်အချင်း
လိုအပ်ချက်ရှိသူ ခေါင်းဆောင်တွေ အနေနဲ့ မီဒီယာကို ပေါ့ပေါ့ဆဆ
လျှော့မတွက်လိုက်ဖို့ သတိပြုသင့်ပါတယ်။ ထမင်းစား ရေသောက်သလို လွယ်ကူတဲ့
ကိစ္စမျိုး မဟုတ်ပါ။ မီဒီယာကို ဖြေဆိုတဲ့အခါ စကားတလုံး ကျန်ခဲ့ရင်၊
ပိုသွားရင်၊ မှားသွားရင်၊ အဓိပ္ပာယ်တခု လွဲချော်သွားရင် တတိုင်းတပြည်လုံး
သိမယ့်ကိစ္စဖြစ်လို့ မိမိအတွက်ရော အခြားအတွက်ပါ ထိခိုက်နစ်နာစရာ တစုံတရာ
ဖြစ်သွားတတ်ပါတယ်။ ပြန်ဖြေဖို့ ဆိုင်းငံ့သွားတာမျိုး၊ ထစ်ထစ်ငေါ့ငေါ့
ဖြစ်သွားတာမျိုးတွေဟာ အသေးအမွှားလို့ ထင်ရပေမယ့် အနည်းဆုံးအနေနဲ့တော့
ပရိသတ်ရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းတတ်ပါတယ်။
မီဒီယာမှာ ဖြေဆိုဖို့ မိမိဘက်မှ အကောင်းဆုံး
ပြင်ဆင်မှု ရှိထားတာ အတော်အတန် စိတ်ချရပါမယ်။ မီဒီယာနဲ့ တွေ့ရမှာ
မကြောက်သင့်သလို တွေ့လိုက်လို့ နာမည်ကြီးလာဖို့ကိုလည်း မျှော်လင့်
မထားသင့်ပါဘူး။ အင်တာဗျူး အဖြေမတတ်လို့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမိတဲ့
အဖြစ်တွေလည်း ရှိနေခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ မင်္ဂလာရှိသောနေ့ ဖြစ်ပါစေ။
လွင်အောင်စိုး
၈-၁၂-၂ဝ၁၂
(မှတ်ချက်.. ဒီစာကို ရေးဖြစ်ရတဲ့
အကြောင်းရင်းကတော့ Koko Zar ရဲ့ စာတပုဒ်ကို ဖတ်မိလို့ ဖြစ်ပါတယ်။
ကောင်းတာဖြစ်ဖို့ လုပ်နေကြတာကို လမ်းမချော်သွားစေချင်တဲ့ Koko Zar ရဲ့
ဆန္ဒနဲ့ ခံစားချက်ကို နားလည်ရပါတယ်။ သူ့ရဲ့ ဆန္ဒဟာ အမှန်ပဲ ကောင်းမွန်ပါတယ်။
လူတိုင်းမှာ ဒီလိုဆန္ဒရှိနေကြရင် Koko Zar က အခုလို ထုတ်ရေးမိလာဖို့
အကြောင်း ရှိလာမှာ မဟုတ်ပါဘူး။)


0 comments:
Post a Comment