အာဠာဝက“သခင်ဖိုးလှကြီး”သခင်ဖိုးလှကြီးကို
မကွေးခရိုင်၊ သရက်လေးပင်ရွာ၌ ဆင်းရဲသား မိဘနှစ်ပါးမှ ၁၉ဝ၈ ခုနှစ်လောက်
တွင် မွေးဖွားခဲ့သည်။ မျိုးရိုးအစဉ်အဆက် တိကျစွာမသိရပါသော်လည်း
ဖိုးလှကြီးမှာ မဟုတ်မခံ၊ တော်လှန် တိုက်ခိုက် လိုစိတ်ရှိသော မျိုးချစ်
အာဇာနည်တစ်ဦးဖြစ်သည်။ သူ့ အသက် ၁၄ နှစ်သား အရွယ်တွင် မြေခွန်
မပေးနိုင်သဖြင့် ဖခင်ကြီးကို မျက်နှာဖြူ ပုလိပ်တို့က လက်ထိပ်
ခတ်ဖမ်းဆီးသွားသည်။
“မြေခွန်မပေးနိုင်တာနဲ့ ဖမ်းရရောလားဗျာ”ဟု
မိခင်အိုကြီးကို ဖိုးလှကြီးက ပြောသည်။ သူတို့ မိသားစုမှာ ပေးစရာငွေ မရှိ၊
ပြေးစရာ မြေမရှိ ဘဝ ရောက်သွားပြီး ဖခင်ကြီးသည် မကွေးတွင် ထောင် ၆ လ
ကျသွားသည်။ သို့နှင့် ဖိုးလှကြီး လည်း မကွေးထောင်တွင်းသို့ ရောက်
ဖူးသွားသည်။ မကွေးထောင်ထဲတွင် မြန်မာအကျဉ်းသားများကို နယ်ချဲ့တို့က
နှိပ်စက် ညှဉ်းဆဲနေသည်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရ၍ ဖိုးလှကြီးမှာ
အင်္ဂလိပ်ကို တိုက်ခိုက်လိုစိတ် များ တဖွားဖွားပေါ်ခဲ့သည်။
ဖိုးလှကြီး၏ ငယ်ဆရာတော် မှာလည်း
တော်လှန်ရေး တပ်သားဟောင်း တစ်ဦး ဖြစ်သည်။ ပထမကမ္ဘာစစ်ကြီး ဖြစ်ကာစ ၁၉၁၄-၁၅
ခုနှစ် တွင် အင်္ဂလိပ်တပ်က စစ်သားစုရာ ဆရာတော်က ဖိုးလှကြီးကို စစ်တပ်ထဲ
ဝင်ခိုင်း သည်။ ဖိုးလှကြီးက အင်္ဂလိပ် ကျွန် မလုပ်လို၍ဟု ပြောကာ
ငြင်းဆန်ခဲ့သည်။ ထိုအခါ ဆရာတော်က “လူဆိုတာ စစ်ပညာ တတ်ရမယ် ကွ၊ နောင်အခါ
မင်းတို့ နယ်ချဲ့ကို တစ်သက်လုံး တိုက်ရဦးမှာ”ဟု ပြောသဖြင့် ဖိုးလှကြီး
လည်း စစ်ထဲ လိုက်သွားသည်။ မက်ဆိုပိုတေးမီးယားသို့ အပို့ခံရသည်။
သူသည် အင်္ဂလိပ်အရာရှိ မျက်နှာဖြူ
အကြပ်များကို လုံးဝကြည့်မရ။ တစ်နေ့တွင် ကပ္ပလီတစ်ဦးနှင့် မျက်နှာဖြူ အကြပ်
တစ်ဦး လက်ဝှေ့ထိုးကြရာ ကပ္ပလီ လဲကျသွားသည်။ ဖိုးလှကြီးလည်း လက်ဝှေ့စင်ပေါ်
ပြေးတက် ပြီး “ဗမာအကြောင်း သိစေမယ်”ဟု ပြောကာ မျက်နှာဖြူကို
ထိုးသတ်တော့သည်။ မျက်နှာဖြူက အင်္ဂလိပ်Boxing နည်းအတိုင်း လက်ဝှေ့အိတ်ဖြင့်
ထိုးသည်။ သခင် ဖိုးလှကြီး ကမူ လက်အိတ် မစွပ်ဘဲ ဒူး၊ တံတောင်များဖြင့်
ဗမာနည်းအတိုင်း ထိုးသတ်ရာ မျက်နှာဖြူ လဲကျသွားသည်။ ထိုကိစ္စတွင်
မျက်နှာဖြူတို့ မကျေမနပ်ဖြစ်ကာ ဖိုးလှကြီးကို ကွာတား တစ်ပတ်ချလိုက်သည်။
မက်ဆိုပိုတေးမီးယားမှ အပြန်
ဖိုးလှကြီးသည် မက်ဆိုပိုတေး မီးယား
စစ်မြေပြင်၌ စွန့်စွန့်စားစား တိုက်ခိုက်ပြီး ၃ နှစ်အကြာတွင် ဗမာပြည် သို့
ပြန်ရောက်ခဲ့သည်။ ငယ်ဆရာတော်မှာ ပျံလွန်နှင့်လေပြီ။ ဆရာတော်
ကွယ်လွန်သော်လည်း ဆရာတော်၏ မဟုတ်မခံ စိတ်ဓာတ်များ ကို ဖိုးလှကြီးရလိုက်သည်။
မကွေးသို့ ပြန်ရောက်လျှင် ဖိုးလှကြီးသည် စစ်ပြန်ကြီး ဘဝဖြင့် နာမည်
ကြီးလာသည်။ သူ့ကို မကွေး အရေးပိုင်က “မြေတစ်ကွက်ပေးမည်” ပြောပြီး
ရုံးသို့ခေါ်သည်။ ထိုအခါ ဖိုးလှကြီးက “ဗမာမြေကို ဗမာပိုင်တယ်။ အင်္ဂလိပ်က
ပေးစရာ မလိုဘူး”ဟု ပြော၍ ရုံးသို့ မသွားဘဲ နေသည်။ ဖိုးလှကြီးမှာ
ပတ်ဝန်းကျင်ကို အမြဲဂရုပြုနေသူဖြစ်သည်။ ချောက်/ရေနံချောင်းဘက်တွင် မြန်မာ
အလုပ်သမား များမှာ အင်္ဂလိပ်ပိုင် BOC ရေနံကုမ္ပဏီတွင် လစာ နည်းနည်းဖြင့်
မတန်တဆ အခိုင်းခံနေရသည် ကို တွေ့ရ၏။ မျက်နှာဖြူများ မှာ ဝိုင်းများ၊
ခြံများ၊ ကားများစီး၍ ဇိမ်ခံနေထိုင်ကြသည်။ ရေနံမြေ လုပ်သားထု ဘဝမှာ သေကျေ
ငတ်ပြတ်ကာ ငရဲသားလို ဖြစ်နေသည်။ သို့အတွက် ဖိုးလှကြီးက မျက်နှာဖြူကို
တိုက်ထုတ် ပစ်ရမည်ဟု ဟော ပြောခဲ့သည်။ ၉၁ ဌာနအုပ်ချုပ်ရေးလည်း
ပေါ်နေပြီဖြစ်ရာ ဖိုးလှကြီးတို့ ပိုမိုလှုပ်ရှားလာ သည်။ ရေနံမြေ အလုပ်
လုပ်နေစဉ် ဖိုးလှကြီးသည် ရေနံမြေလုပ်ငန်းမှ စာရေးကြီး ဦးညီခင်၏ သမီး
“မညွန့်” ကို လက်ထပ် ရယူခဲ့သည်။ ဦးညီခင်က သူတို့လင်မယားကို အမွေပြတ
်ကြေညာလိုက်သည်။
ရေနံမြေသပိတ်ကြီး ပေါ်လာပြီ
၁၉၃၈ ခုနှစ်လောက်က BOC အလုပ်သမားများ
ဘဝမှာ အဘက်ဘက် မှ ချွတ်ခြုံကျ လျက် ရှိသည်။ အလုပ် သမားများ တန်းလျား
ပြည့်ပြည့်စုံစုံ မရှိ။ သောက်ရေ၊ သုံးရေ မလုံလောက်။ သို့အတွက်
ဖိုးလှကြီးတို့ အဖွဲ့က ရေနံတွင်း ပိုင်ရှင်များထံမှ အောက်ပါကိစ္စများကို
တောင်းဆိုခဲ့သည်။
- ဘာသာရေးအလုပ်ပိတ်ရက် ၁ဝ ရက်ပေးကာ လစာမဲ့ခွင့်ရက် ၂ဝ နှင့် ပေါင်းပြီး နှစ်ချုပ်ခွင့်ရက် ၃ဝ ပေးရန်၊
- အလုပ်သမားတန်းလျားများ ပြည့်စုံအောင် ဆောက်လုပ်ပေးရန်၊ ရေ၊ မီး၊ မိလ္လာ ကိစ္စများ အဆင်ပြေအောင် စီစဉ်ပေးရန်၊
- အလုပ်သမားထု၏ သားသမီးများကို အခမဲ့ ပညာပေးရန်၊
- သားမယားများ ကိုယ်ဝန် ဆောင်ချိန် ဆေးရုံပြခွင့် ပေးကာ မီးဖွားလျှင် ဆေးရုံ၌ မွေးခွင့်ပေးရန်၊
- အလုပ်သမား တစ်ဦး နေမကောင်းလျှင် လစာဖြင့် ခွင့်ပေးပြီး ဆေးရုံ တက်ရောက်စေရန် စသည့် အရာများ ပါဝင်ပေသည်။
ထိုတောင်းဆိုချက်များကို အာဏာပိုင်တို့က
မလိုက်လျောသဖြင့် ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၊ စနေနေ့(၁၂၉၉ ခု၊ ပြာသို
လဆန်း ၁ဝ ရက်)တွင် ရေနံမြေ သပိတ်ကြီး စတင်ပေါ်ပေါက်ခဲ့သည်။
ရေနံမြေ အာဏာပိုင်များက အထက်ပါ
တောင်းဆိုမှုများကို မလိုက်လျောရုံမျှမက စီတန်းလမ်းလျှောက်ခြင်း၊ ဆန္ဒပြခြင်း
မပြုလုပ်ရန် အမိန့်ထုတ်ခဲ့သည်။ သို့နှင့် ဖိုးလှကြီးတို့က သပိတ်တိုက်ပွဲ
ကော်မတီကို ဤသို့ ဖွဲ့လိုက် သည်။ ကော်မတီဝင်များမှာ (၁) သခင် အောင်ဖေ၊ (၂)
သခင်ခ၊ (၃) သခင် ဘတင်၊ (၄) သခင်ဖိုးလှကြီး၊ (၅) သခင်လေးမောင်၊ (၆)
သခင်လှိုင်၊ (၇) သခင်တင်၊ (၈) သခင်ခင်၊ (၉) သခင်မြ-သာယာဝတီအမတ်၊ (၁ဝ)
အလုပ်သမား အမတ်တစ်ဦး ဘလှိုင်တို့ ဖြစ်ပေသည်။
ရန်ကုန်အရောက် ခြေလျင်ချီတက်
အထက်ပါ သပိတ်တိုက်ပွဲဝင် သခင်အဖွဲ့ကို
မကွေး ရာဇဝတ်ဝန်က ပုဒ်မ(ခ/၁၄၄) ထုတ်ကာ တားမြစ်သည်။ ၃ဝ.၁၁.၁၉၃၈ ရက် ၁၃ဝဝ
ပြည့် နတ်တော်လဆန်း ၉ ရက်တွင် အလုပ်သမားတပ်ကြီး ရေနံမြေမှ ရန်ကုန်သို့
စတင်ချီတက်သည်။ ချီ တက်သူများတွင် အမျိုးသမီး သခင်မများလည်း ပါသည်။
ရန်ကုန်သို့ ချီတက်သူ အားလုံးကို အာဠာဝက ဖိုးလှကြီးက ဦးဆောင်သည်။
ရေနံချောင်းသို့ အရောက်တွင် အခြား ဆန္ဒပြသူများ ပူးပေါင်း လာသဖြင့် သပိတ်
အင်အားမှာ ထောင်ကျော် ဂဏန်း ဖြစ်သွားသည်။
ရေနံမြေမှ ရန်ကုန်သို့ ချီတက်ရာ အရက် ၄ဝ
ကြာသောအခါ ၈.၁.၁၉၃၉ ရက်တွင် သပိတ်တပ် များ ရန်ကုန် သို့ ရောက်ကြသည်။
လမ်းတစ်လျှောက်တွင် တိုက်ပွဲဝင် သူများအား မြို့ရွာအသီးသီးမှ
ထမင်းထုပ်များ၊ စာရေရိက္ခာ များ ပေးလှူကြ၏။သပိတ်တပ်ဖွဲ့ မကွေး အရောက်တွင်
သခင်ဖိုးလှကြီး အဖမ်းခံရသည်။ ရန်ကုန်တက္ကသိုလ် မှ ဥက္ကဋ္ဌ ကိုဗဟိန်း၊
အတွင်းရေးမှူး ကိုဗဆွေတို့ ရောက်လာပြီး သပိတ် အဖွဲ့များနှင့် ပူးပေါင်း
လှုပ်ရှားခဲ့သည်။ စက်တင်ဘာ ၂၄ ရက် သပိတ်အဖွဲ့ နတ္တလင်းအရောက်တွင် ဖိုးလှကြီး
အချုပ်မှ လွတ်လာသည်။ အလုပ်သမား ထုက “ဖိုးလှကြီးကွ-အာဠာဝက-ကွ”ဟုအော်ဟစ်
ကြွေးကြော်ရာမှ သခင်ဖိုးလှကြီးမှာ “အာဠာဝက”ဘွဲ့ ရသွားတော့သည်။
အာဠာဝက ကို အရူးထောင်သို့ပို့
သပိတ်အဖွဲ့များ ရန်ကုန်တွင်
လှည့်လည်လှုပ်ရှားနေစဉ် သံလျင်၊ ဓနိတော၊ BOC,IBP ရေနံစက်ရုံများမှ အလုပ်
သမားများ သပိတ်အဖွဲ့သို့ လာရောက် ပူးပေါင်းခဲ့သည်။အာဏာပိုင်များက
ခေါင်းဆောင် များကို ဖမ်း၍ ထောင် ၁ လစီ ချထား လိုက်သည်။ ဖိုးလှကြီး ကိုလည်း
ဦးနှောက်ဖောက်သွားပြီဟု ပြောကာ အရူးထောင်သို့ အစောင့်ဖြင့် ပို့လိုက်သည်။
ဖိုးလှကြီးသည် အရူးထောင်မှ ပြန်လွတ်လာစဉ် ကိုရင်ကြီးဝတ်ပြီး (သပိတ်စစ်ပွဲ)
စာအုပ်ကို ရေးကာ ရန်ပုံငွေ ရှာသည်။
ထို့နာက် သပိတ်တပ်များသည် ရွှေတိဂုံ
ကုန်းတော်ဘက်မှ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး သပိတ် စခန်းများထိ
ချီတက်လှုပ်ရှားခဲ့သည်။ သပိတ်အဖွဲ့ဝင်များလည်း အသေခံတိုက်မည် အဓိဋ္ဌာန်ပြု၍
ကိုယ့် ကိုယ်ကို သရဏဂုံ တင်ကြ သည်။ သံမဏိ တိုက်ပွဲဝင်များဟု ကြွေးကြော်၍
လှုပ်ရှားနေစဉ် ဖိုးလှကြီး လူဝတ် လဲလာသည်။
ဦးပု ညွန့်ပေါင်း အစိုးရက
ဖိုးလှကြီးတို့အဖွဲ့အား လစာငွေကြေး၊ ရိက္ခာ၊ ရာထူးများဖြင့်
မြှူဆွယ်သော်လည်း ဖိုးလှကြီးတို့ လုံးဝလက်မခံဘဲ ဆက်လက်ဆန္ဒပြသည်။
ဖိုးလှကြီးက အစာငတ်ခံ တိုက်ပွဲဝင်သည်။ ထိုအချိန် ဆရာကြီး သခင်
ကိုယ်တော်မှိုင်း ရောက်ရှိ လာပြီး “ငါ့ တပည့်တွေက ဘာမဟုတ်တဲ့ ပရွက်ဆိတ်နဲ့
နပန်းလုံး နေကြတာကိုး။ ရှေ့မှာ ကျားနဲ့ သတ်ဖို့ရှိသေးတယ်”ဟုပြောဆိုသည်။
အင်္ဂလိပ် အစိုးရကို တိုက်ရန် နှိုးဆော်ခြင်း ဖြစ်၏။ ထို့နောက် ဦးပုအစိုးရသည်
“အလုပ်သမားတွေ လိုတာရပါစေ မယ်”ဟု အာမဘန္တေခံကာ၊ ရန်ကုန် မှ မကွေး၊
ရေနံချောင်းထိ သင်္ဘော ဖြင့် လိုက်ပို့ပေးသည်။
၁၉၄ဝ-၄၁ ခုတွင် ရဲဘော် သုံးကျိပ်
ဂျပန်ပြည်သို့ သွားသည် ကိုဖိုးလှကြီးအဖွဲ့က ထောက်ခံခဲ့သည်။ သို့အတွက်
နယ်ချဲ့ အစိုးရက ဖမ်းဝရမ်းများ ထုတ်ကာ ဖိုးလှကြီး၊ သခင်တင့်၊ သခင်မာတို့ကို
ဖမ်းဆီး ၍ ထောင်အတွင်း အကျဉ်းချ ထားခဲ့သည်။ ဖိုးလှကြီးတို့
အဖမ်းခံရချိန်တွင် အလုပ်သမားထုက “မီး တုတ်.. မီးတုတ်..ရှို့ရှို့၊ သခင်
မျိုးဟေ့- ဒို့ဗမာ၊ အရေးတော်ပုံ- အောင်ရမည်”စသည်ဖြင့်
ကြွေးကြော်ခဲ့ကြလေသည်။ နယ်ချဲ့တို့သည် လူခွဲသည့် အနေဖြင့် ဖိုးလှကြီးကို
မန္တလေးမှ တစ်ဆင့် မြစ်ကြီးနား ထောင်သို့ ပို့ပစ်လိုက်သည်။
ဖိုးလှကြီး၏ ဘဝနိဂုံး
ရဲဘော်သုံးကျိပ် ဗမာပြည်တွင်း
ပြန်ဝင်လာချိန်တွင် သခင်ဖိုးလှကြီး မှာ ဗန်းမော်ထောင်၌ ရှိနေသည်။ သတင်း
ကြားလျှင် BIA တပ်သားများ ဗန်းမော်သို့ ရောက်ရှိပြီး ဖိုးလှကြီး အဖွဲ့ကို
ထောင်မှ ထုတ်ယူသွားသည်။ ဖိုးလှကြီး ကိုလည်း ဗန်းမော်မြို့ အုပ်ချုပ်ရေးမှူး
အဖြစ် ခန့်ထား လိုက်သည်။ ဗန်းမော် အထက်ဘက်တွင် အခြေအနေ ကောင်းနေသော် လည်း
မြေလတ်၊ ရေနံချောင်း၊ မကွေးတွင် အလုပ်သမား လှုပ်ရှားမှုများ ရှိနေသည်။
သို့နှင့် ဖိုးလှကြီးလည်း ဗန်း မော်မှ ၆
လုံးပြူးတစ်လက်ယူလာ ကာ ရေနံမြေသို့ ရောက်ခဲ့သည်။ အလုပ်သမား ထုကို
ပြန်လည်ဦးဆောင် လှုပ်ရှားပြန်ရာ ဂျပန် ကင်ပေတိုင် အဖွဲ့က ဖိုးလှကြီးကို
ချောက် မြို့ အုပ်ချုပ်ရေးမှူး အဖြစ် ခန့်ထားလိုက်သည်။ ထိုအချိန်တွင်
ဖိုးလှကြီး၏ ကျန်းမာရေးမှာ သိပ်မကောင်းလှပါ။ အစာအိမ်ရောဂါ၊ ငှက်ဖျား
ရောဂါများ ဖြစ်နေသည်။ အစားမမှန်၊ အအိပ်မမှန် သည့်ပြင် အအေးပိုင်း
မြစ်ကြီးနား၊ ဗန်းမော် တွင် နေခဲ့ရ၍ ရောဂါမှာ ကျွမ်းနေလေပြီ။
ရောဂါဖြစ်နေသည့် ဖိုးလှကြီးကို သခင်မြက
သူ့အိမ်တွင် ထား ပြီး ဆရာဝန်ဖြင့် ကုပေးသည်။ အခြေအနေ မကောင်း မှ
ဆေးရုံတင်သည်။ ဆရာဝန်များက ခွဲစိတ်မှ ဖြစ်မည်ပြောရာ ဖိုးလှကြီးက လိုလို
ချင်ချင်ပင် ခွဲစိတ်မှု ခံယူခဲ့သည်။ ခွဲစိတ်မှု မအောင်မမြင် ဖြစ်ကာ
ဖိုးလှကြီး တစ်ယောက် ဘဝတစ်ပါးသို့ ဝမ်းနည်းစွာ ကူးပြောင်း သွားရကြောင်း၊
သူ့၏ စွန့်လွတ်စွန့်စား ဘဝများကို မြန်မာအင်ဒီပဲန်ဒင့်မှ တစ်ဆင့်
တင်ပြလိုက် ရပါသည်။
ကျမ်းကိုး
မြန်မာ့ရေးရာ သုတပဒေသာ (စာပေဗိမာန်)၊ပြည်သူ့ကြယ် ဂျာနယ် (မေလ/၁၉၇၇ ထုတ်)၊ ဒို့ဗမာ အစည်းအရုံး မှတ်တမ်းများ (ပြန်ကြား ရေးဝန်ကြီးရုံး)
0 comments:
Post a Comment