Home » » Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်တွင်ပျက်ကျမှုမှတ်တမ်း ဓါတ်ပုံများ

Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်တွင်ပျက်ကျမှုမှတ်တမ်း ဓါတ်ပုံများ



 
 
သက်တမ်း ၂၂ နှစ်နီးပါးရှိပြီဖြစ်သော ဖော်ကာ-၁၀၀ အမျိုးအစား အဲပုဂံ လေကြောင်းလိုင်းပိုင် လေယာဉ်သည် ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်တွင် မှားယွင်း ဆက်သက်မှုဖြစ်ပွါးပြီး လေပျံတစ်ခုလုံးမီးလောင် ပျက်စီးပွားခဲ့ရသော ပုံများဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် အဲပုဂံလေကြောင်းခရီးစဉ်အမှတ် ...W9-011 လေယာဉ်အမှတ် XY-AGC ဖော်ကာ F - 100 အမျိုး အစားလေယာဉ်မှာ လေယာဉ်အမှုထမ်း ၆ ဦး၊ လုံခြုံရေး ၂ ဦး၊ နိုင်ငံခြားသား ၅၁ ဦးအပါအ၀င် ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦးလိုက်ပါလာပါကြောင်း၊ ယနေ့နံနက် ၀၈၅၅ နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်းများကြောင့် ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်းဆင်းသက်ခဲ့တဲ့အတွက် လေယာဉ်အမြီးပိုင်းကျိုးပြီးမီးလောင်သွားခဲ့ကြောင်း၊ မီးသတ်ယာဉ်များနဲ့ တာဝန်ရှိသူများ ၀၉၀၀ နာရီမှရောက်ပြီး ၀၉၄၅ ချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါကြောင်း၊ ခရီးသည်များအနက် လေယာဉ်မှူး၊ တွဲဘက်လေယာဉ်မှူးနဲ့ နိုင်ငံခြား သား လေးဦးအပါအ၀င် ခရီးသည် ၉ ဦး ပေါင်း ၁၁ ဦးဒဏ်ာရာရရှိခဲ့ကြောင်း၊ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ ကြောင်း၊ လေယာဉ်မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ်စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပါကြောင်း နှင့် အသေးစိတ်အချက်အလက်များကို MRTV 4 , FMရေဒီယိုအစီအစဉ်များနဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်များကနေ ထုတ်ပြန်ကြေငြာပေးပါ့မယ့်အကြောင်း ဖတ်ရှုရပါသည်။  
 
နိုင်ငံခြားခရီးသည်အများအပြား တင်ဆောင်သွားပြီး၊ ကွယ်လွန်ခဲ့သော ခရီးသည်များစာရင်းမှာ အတိအကျမထွက်ပေါ်သေးဘဲ ဖေ့စ်ဘွက်စာမျက်နှာသတင်းများတွင်တော့ စတင်ဖော်ပြဖတ်ရှုမြင်တွေ့နေရပြီဖြစ်ပါတယ်။ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးအလောင်းကို လေယာဉ်တွင်းမှ တွေ့ရှိရသည်ဟု သတင်းများကဆိုပါသည်။ လေယာဉ်နှင့်တိုက်မိ၍ လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းနေသူ တစ်ဦးချက်ချင်း သေသွားခဲ့ရပြီး နောက်တစ်ဦးထပ်မံသေဆုံးသွားသည်ဟု ဖေ့စ်ဘွက်သတင်းများကဆိုပါသည်။ Tour Guide မနွဲ့လင်းရှိန် နှင့် ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦးပြား တို့ ကွယ်လွန်သွားသည်ဆိုသည့်သတင်းမှာ မှန်ကန်ကြောင်း အဲပုဂံလေကြောင်းလိုင်းမှ အတည်ပြုကြေငြာပါသည်။
 
 ကျန်ခရီးသည်များအနက်မှ စဝ်စံထွန်းဆေးရုံသို့ ၉ ဦးရောက်ရှိနေပါသည်။ ဂ ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရရှိပြီး ၁ ဦးမှာ ၄င်း၏ ခရီးသွားဖော်အတွက် အဖော်လိုက်သွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ၄င်းခရီးသည်များကိုလည်း ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပါသည် ဟု အဲပုဂံလေကြောင်းလိုင်းစာမျက်နှာတွင် ဖတ်ရှုရပါသည်။ အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း ကောင်းရာမွန်ရာသို့ ရောက်ရှိပါစေကြောင်းကိုလည်း ဆုတောင်းမေတ္တာပို့သပါကြောင်း နှင့် အဲပုဂံလေကြောင်းလိုင်းအနေဖြင့် လိုအပ်သော တာဝန်ယူမှုအားလုံးကို တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ပါကြောင်းကိုလည်း အသိပေးကြေငြာအပ်ပါကြောင်း ဖတ်ရှုရပါသည်။
 
ကွယ်လွန်သူများအားလုံး ကောင်းရာမွန်ရာရောက်ပါစေကြောင်းဆုတောင်းမိပါတယ်။ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း ဖော်ပြအပ်ပါတယ်။ ဓာတ်ပုံများကို ဖေ့စ်ဘွက်စာမျက်နှာပေါ်ရှိ - ထူးအိမ် (Htoo Eain)၊ ရဲဇာနည်၊ အာအက်ဖ်အေ၊ ကိုကျော်စွာမြင့်၊ အေအက်ဖ်ပီ နှင့် Eleven Media Group. မှ ရယူပါတယ်။ အကယ်၍ ခရိုက်တစ်ပေးရန်မေ့ကျန်ရစ်ခဲ့သော် တောင်းပန်အပ်ပါတယ်ခင်ဗျာ။
 
By: Zaw Win
 


 
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG