AUN နှင့် မြန်မာ့တက္ကသိုလ်များ အနေအထား လေ့လာသုံးသပ်ချက်
အပိုင်း (က)

ASEAN University Network (AUN) အာစီယံ
တက္ကသိုလ်များ ကွန်ယက်သို့ ၀င်ရောက်ရန် ကြိုးစားသည့်အသံများ ကြားနေရပါသည်။
တိုက်တွန်းကြသည်။ အားပေးကြသည်။ ထောက်ခံကြသည်။ သို့သော် ရပါ့မလား၊
ဖြစ်ပါ့မလား၊ ဟုတ်ပါ့မလား သံသယများလည်း ရှိနေကြသည်။ လတ်တလောတွင် ရန်ကုန်
တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ AUN အဖွဲ့ဝင်
ဖြစ်သွားပါပြီ။ နောက်တက္ကသိုလ်များလည်း ဝင်ခွင့်အတွက် ပြင်ဆင်နေ ကြကြောင်း
ကြားရသည်။ ဘယ်လိုလဲ၊ ဘာလဲ၊ စပ်စုကြည့်မိ ပါသည်။ Operational Guidelines for
the Membership Enlargement of the ASEAN University Network (AUN) ကို
ကြည့်၍ စိတ်ကူးယဉ်မိပါတော့သည်။
အဖွဲ့ဝင်ခွင့်အတွက် AUN Admission Criteria စံသတ်မှတ်ချက် ၉ ချက် ထားရှိကြောင်း သိရသည်။
- recognition of the university's / institution status as a centre of excellence in priority disciplines
- faculty and academic strength
- experience in regional or international programmes
- existence of adequate laboratories, libraries and other facilities
- geographical balance
- ability to participate in and host AUN activities
- preference to be given to public rather than private universities
- preference to be given to comprehensive universities rather than specialised universities
- number of years the university has been established
criteria တစ်ခုချင်းနှင့် မြန်မာ့တက္ကသိုလ်များ အနေအထားကို လက်တို့ပြီး ဖောက်သည်ချချင်ပါသည်။
1. recognition of the university's / institution status as a centre of excellence in priority disciplines
တက္ကသိုလ်က နိုင်ငံတွင်း၊ ဖြစ်နိုင်ရင်
အရှေ့တောင်အာရှ ဒေသတွင်း leading university ဦးဆောင်တက္ကသိုလ် ဖြစ်ဖို့
လိုတယ်ဆိုပဲ၊ leading university ဖြစ်ဖို့ နေနေသာသာ၊ နိုင်ငံတွင်းမှာ good
follower ဖြစ်ဖို့တောင် leader က ဝန်ကြီးဌာနလား၊ ဦးစီးဌာနလား မကွဲပြားဘူး၊
တက္ကသိုလ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် autonomous မရှိတော့ အရာရာ
ဝန်ကြီးဌာနနှင့် ဦးစီးဌာနကို ဆရာခေါ်နေရတာ။
တက္ကသိုလ်မှာ excellence teaching / research
ဂုဏ်တွေ ရှိဖို့ လိုသေးတယ်။ တက္ကသိုလ်ရဲ့ သင်ကြားမှု သင်ယူမှု တွေက
ပြောင်ပြောင် မြောက်မြောက် ရှိရဲ့လား။ အစိုးရသတင်းစာ (၁၀-၁၁-၁၂ ထုတ်
ကြေးမုံ) တွင် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘယ်နှစ်ခု၊
ကမ္ဘာပေါ်တွင် တိုက်ကြီး ဘယ်နှစ်တိုက်ရှိကြောင်း၊ ကမ္ဘာမြေကြီးနှင့်
နေလည်ပတ်မှု အခြေအနေ စသည့် အခြေခံ ပထ၀ီပညာရပ်ကိုပင် မသိဖြစ်နေသော ပထဝီ
ဘွဲ့ရပညာတတ်၊ မြန်မာစာ အဘိဓာန်စီနည်းနှင့် သံခိပ်ကို မကြားဘူးသော
မြန်မာစာဘွဲ့ရ၊ မိမိ ပြောချင်သော၊ ပြောလိုသော အကြောင်းအရာကို အင်္ဂလိပ်စာ
ဘွဲ့ရပညာတတ်၊ သက်ရှိတိရိစ္ဆာန် တစ်ကောင်၏ ဖွဲ့စည်းပုံကို မသိသော သတ္တဗေဒ
ဘွဲ့ရပညာတတ်၊ အာဇာနည်နေ့ကို အဆိုတော် Rဇာနည် ၏ မွေးနေ့ဟု မှားယွင်း
မှတ်သားထားသော အခြေခံပညာ အထက်တန်း ကျောင်းတွင် မြန်မာစာအပါအဝင်
ဂုဏ်ထူးငါးဘာသာဖြင့် အောင်မြင်ကာ အမှတ် စုစုပေါင်း ၅၂၀ ကျော်ရရှိခဲ့သည့်
ဂုဏ်ထူးရှင်ကျောင်းသူ၊ Differential, Integral ကို နားမလည်သည့် သင်္ချာဘွဲ့ရ
ပညာတတ်၊ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာ နိုင်ငံတော်ကို
တည်ထောင်ခဲ့သူကို မသိဘဲ ယနေ့နိုင်ငံခေါင်းဆောင်ကြီးများ၏ အမည်ကို
ပြောကြားကြသော သမိုင်းဘွဲ့ရပညာတတ်၊ အခြေခံဓာတု ဒြပ်ပေါင်းများကို မသိသော
ဓာတုဗေဒ ဘွဲ့ရပညာတတ်၊ နေ့စဉ်နိစ္စဓူဝ တွေ့ကြုံနေရသည့် ပြစ်မှု၊ မှုခင်းများ၏
လိုအပ်သည့် အရည်အချင်း သတ်မှတ်ချက်ကို မသိသည့် ဥပဒေဘွဲ့ရ ပညာတတ် စသဖြင့်
ပညာရပ်နယ်ပယ်အလိုက် ဘွဲ့ရ ပညာတတ်များ၏ ပညာ တတ်မြောက်မှုမှာ စိတ်ပျက်ဖွယ်
(အလွန်) ကောင်းလှပါသည်။- ဟုဖော်ပြထားပါသည်။ ဆင်ခြင်ကြည့်ကြပါကုန်. . . . .။
တက္ကသိုလ်များ၏ လားရာအမြင်နှင့် ရည်မှန်းချက်
vision and mission တို့ တိတိကျကျ ထားရှိဖို့ လိုသေးတယ်တဲ့။ our vision
ဆိုတာကလည်း ဘာဆိုထားမှန်း သဲသဲကွဲကွဲမရှိ၊ ကြေးပြားပေါ်မှာပဲ ရေးထိုးထားတာ။
အဲသဟာကို နံရံပေါ်မှာပဲ ကပ်ထားတာ။ အဲသည်တော့ mission ဆိုတာကလည်း
ဝါးတားတားပဲပေါ့။ vision and mission တိတိကျကျ မရှိသေး၊ ရှိလည်း ထင်ဟပ်
ဖော်ဆောင်နိုင်စွမ်း မရှိတဲ့ တက္ကသိုလ်လို့တောင် ဆိုရမလောက်ပါဘဲ။
ကဲ ဒီလိုဆို ဒီ Criteria နှင့်ပင် နောက်ကောက်ကျလောက်ပါပေ့။ ထားလိုက်။ ကြည့်ကြက်လုပ်တာပေါ့ ဆိုပြီး နောက် Criteria ဆက်ရလျှင်။
2. faculty and academic strength ဌာနကြီးများနှင့် ပညာရပ် အရည်အသွေး အားကောင်းမှု
a high number of academic staff, with high
academic credential တဲ့ ထူးချွန်ထက်မြက်သော ပညာ အရည်အသွေး ရှိသည့်
ဆရာဆရာမများတဲ့။ ဆရာဆရာမဆိုတာ ပါရဂူဘွဲ့ရများ၊ အနည်းဆုံး မဟာဘွဲ့ရများ
ဖြစ်ကြပါသည်။ ထူးချွန်ထက်မြက်မှု ဆိုတာတော အင်း..... ဘွဲ့အသီးသီး
ရထားသူတွေပါ၊ ထူးချွန်-မချွန်၊ ထက်မြက်-မမြက် အရည်အသွေး ရှိ-မရှိ
ဆိုတာကတော့၊ အငြိမ်းစား ဆရာကြီးတစ်ဦး မိန့်ဖူးပါသည်၊ တုံးလွန်းလို့
အခြားဌာနတွေမှာ တိုးမရတာနှင့် ပညာရေး ရောက်လာတာတဲ့၊ လေးစားရတဲ့
ဆရာကြီးမို့လို့ ဘာမျှ ပြန်မပြောရဲပါ။ ဒီအတိုင်းပဲ လက်ခံထားခဲ့ပါတယ်။
ဘယ်လိုပဲပြောပြော လက်ရှိအခြေအနေထက် ပိုမို တိုးတက်အောင် လုပ်ဖို့တော့ အမှန်
လိုအပ်ပါတယ်။ မြန်မာလို သင်ရတဲ့ ဘာသာဆို စာခေါ်ပေး၊ အင်္ဂလိပ်လို
သင်ရတဲ့ဘာသာဆို ဘာသာပြန်ပေး၊ အချိန်တန်ရင် လုပ်သက်အရ ရာထူးတိုးဦးမှာဆိုတဲ့
အစွဲတွေနဲ့တော့ နေလို့ မရတော့ပါဘူး။ ဆရာဆရာမများ အရည်အသွေး မြင့်မားရေး
အရေးကြီးတယ်ဆိုတာ သတိပြုမိရန် လိုပါသည်။ ကဲ ဒီလိုဆို ဒီ Criteria လည်း
မစွန်သေးဘူးပေါ့၊ ထားလိုက်။ ဆက်လှုပ်လိုက်ပါဦးမယ်။
3. experience in regional or international programmes ဒေသတွင်း၊ နိုင်ငံတကာအတွေ့အကြုံ ရှိခြင်း
တက္ကသိုလ်များက အရှေ့တောင်အာရှ
ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပညာရေး လှုပ်ရှားမှုများမှာ
ပူးပေါင်းပါဝင်ခြင်း၊ ဆွေးနွေးပွဲ၊ အစည်းအဝေး များမှာ တက်ရောက်ဆွေးနွေး
တင်ပြခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိရန် လိုပါသည်။
effective participation and collaboration. ရှိရမှာ ဖြစ်ပါတယ်။ ကြုံတုန်း
နိုင်ငံခြားကို seminor, workshop တို့ တစ်ကြိမ်နှစ်ကြိမ် တက်ဖူးတဲ့
ဆရာကြီး တစ်ဦးပြော တာကို ဖော်သည်ချချင်ပါတယ်၊ နိုင်ငံခြားသွားရလို့
အထင်တကြီးနဲ့ no facility, no authority, no support, no aid, no
transparency, no accountability, no efficiency, no effectiveness တဲ့၊
နိုင်ငံခြားရောက်တဲ့အခါ ဘာလမ်းညွှန်မှုမှ မခံယူဘဲ ရဲရဲတင်းတင်း
ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် လုပ်လို့ရတာ တစ်ခုပဲရှိတယ်၊
လက်ဆွဲနှုတ်ဆက်တာတဲ့၊ တစ်ခုခု မှားခဲ့ရင် အပြုတ်ပဲဆိုလို့ ဘာမျှ
မလုပ်ရဲခဲ့ဘူးတဲ့။ နိုင်ငံခြားအစည်းအဝေး တက်ပြီးပြန်လာတဲ့ ဆရာကြီးတစ်ဦး
ပြောတာကိုလည်း ဖောက်သည်ချချင်ပါတယ်၊ နိုင်ငံခြားက ပြန်လာလို့
ဒီပြန်ရောက်ရင် ရင်ထဲရှိတဲ့အတိုင်း ပြောချင်တာ တစ်ခုပဲရှိတယ်၊
လွှတ်လိုက်တဲ့သူတွေကို ဆဲချင်တယ်၊ ဘာအချက်အလက်၊ အကြောင်းအရာမှ မပံ့ပိုးဘဲ
လွှတ်လိုက်လို့၊ ဟိုကြတော့ အရှက်ကို ကွဲရောတဲ့။ နိုင်ငံခြားဆက်ဆံရေးသည်
ဝန်ကြီးဌာန၊ ဦးစီးဌာန အလိုကျ ထားရာနေ၊ ခိုင်းရာလုပ်၊ စေရာသွား ဖြစ်ပါသည်။
နိုင်ငံတကာ အတွေ့အကြုံဆိုတာ ရွှေထက် ရှားသေး၊ ထိုအတွေ့အကြုံ မရှိသဖြင့်
ယခုလို အရည်အသွေး နိမ့်ပါးခြင်း ဖြစ်ပါသည်။ ကဲ ဒီလိုဆို ဒီ Criteria လည်း
မဟန်သေးဘူးပေါ့။ ခေါက်ထား၊ ဇွတ်တိုးကြည့်မယ်။
4. existence
of adequate laboratories, libraries and other facilities ဓါတ်ခွဲခန်း၊
သုတေသနခန်း၊ စာကြည့်တိုက်များနှင့် အခြားသော ပညာအရင်းအမြစ်များ
လုံလောက်ပြည့်စုံမှု
substantial research and reference
resources တဲ့၊ ဒါတွေက sufficient laboratories, libraries and other
infrastructures ပေါ်မူတည်နေပါသည်။ ဤသည်တို့ ပြည့်စုံကုံလုံမှ သင်ကြားမှု
သင်ယူမှု အောင်မြင်ထိရောက်မည် ဖြစ်သည်။ academic environment for high
quality education ဖြစ်ရန် ပြည့်စုံ ထိရောက်သည့် ဓာတ်ခွဲခန်း၊
စာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ လိုအပ်ပါသည်။ လက်ရှိ
ဘယ်လိုဖြစ်နေပါသလဲ။ ကျောင်းသားက တစ်ရာနှစ်ရာ microscope က တစ်ခုထဲ ၊
ပျက်လျှင် လျော်ရမှာမို့ အလှ မပျက်အောင် ရှုစား နေရုံမျှသာ။ လက်တွေ့တန်းမှာ
လက် တော်တော်တွေ့တယ်၊ ပုံတွေပဲ ဆွဲနေရလို့၊ electronics lesson တဲ့၊
မီးပျက်နေလို့ မမြင်မကန်းနဲ့ ပုံတွေပဲ လိုက်ကူးရတာ၊ စာကြည့်တိုက်က
နေ့စဉ်ထုတ် သတင်းစာတောင် နပ်မမှန်ဘူး၊ ပညာအထောက်အကူပြု စာအုပ်ဆိုတာ
ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ သီချင်း ဆိုရမလို၊
ရှိတဲ့စာအုပ်ကလည်း ခေတ်နောက်ကျပြီး ဟောင်းနေတာ ကိုင်ဖတ်လို့တောင်
မရတော့ဘူး၊ သင်ထောက်ကူပစ္စည်းဆိုတာ ခေတ်ဟောင်း ပြတိုက်ထဲက ပစ္စည်းတွေ ပြပွဲ
လုပ်တာလား မသိ၊ ကွန်ပျူတာ၊ အင်တာနက်၊ မာလတီ မီဒီယာလက်ချာ ဆိုတာတွေ
လူကြီးတွေ လာစစ်ရင် ခဏ ဝင်ထိုင်ရပါတယ်၊ ကိုင်ကြည့်ဖူးတယ် ဆိုပါစို့၊
စသည့်အသံများက လက်ရှိ အခြေအနေကို ညွှန်းနေတာပေါ့။ ကဲ ဒီလိုဆို ဒီ Criteria
လည်း မဖြစ်သေးဘူးပေါ့။ ကဲ ရပ်သင့်ပြီလားမသိ။ ဘယ်လိုထင်ပါသလဲ ပရိတ်သတ်ကြီး။
အဆင်ပြေပါသလား။
ဤအထိ ဖော်ပြခဲ့သော Criteria ၄ ခုသည် ASEAN
University Network (AUN) အသင်းဝင်ဖြစ်ရန် အဓိက လိုအပ်သော Criteria
များဖြစ်သည်။ နောက်ထပ် Criteria ၅ ခု ကျန်ပါသေးသည်။ ဤ Criteria ၄ ခု
နှင့်ပင် တပ်လန်လောက်ပါသည်။ မည်သို့ပင်ဖြစ်ဖြစ် ဆက်တိုး သင့်ပါသည်။
ပိုးဖလံမျိုး မီးကိုတိုးခြင်းမျိုး မဟုတ်သဖြင့် တက်ကြွနိုးကြားသူတွေ
ရှေ့ကို ချီတက်ကြရမလေ ဟူသော တေးသွားကို ညည်းတွားရင်း ကြိုးစားသင့်ပါသည်။
ပြင်သင့်တာတွေပြင်၊ ပြောင်းသင့်တာတွေ ပြောင်း၊ ဖြည့်သင့်တာတွေဖြည့်၊
တည်သင့်တာတွေတည် လုပ်ကြရပါတော့မည်။ ဤအလုပ်များသည် ပညာရေး လောကသားအားလုံး
ပြိုင်တူချီရမည့် အလုပ်ဖြစ်သည်။ အစိုးရချည်း အားကိုးမနေပါနှင့်၊
ပညာရေးဆိုင်ရာ mind-set ပြောင်းရမည်မှာ တစ်ဦးချင်းနှင့်ဆိုင်သော
ကိစ္စဖြစ်သည်။ အစိုးရက အမိန့်ထုတ်မှ ပြောင်းရမည့်ကိစ္စ မဟုတ်ပါ။
တစ်လျှောက်လုံး အမိန့်ပဲ နာခံနေရတဲ့ အကျင့်တွေ ဖျောက်ကြပါစို့။
ကမ္ဘာ့အဆင့် မဆိုထားဘိ အရှေ့တောင်အာရှအဆင့်
အဖွဲ့ဝင်ဖြစ်ရန်ပင် မလွယ်ကူကြောင်းသိလျှင် ထို အသိကို နာနာမှတ်။ ထိုမှ
လွတ်ကြောင်း ဖြစ်သော အရည်အသွေး တိုးတက်ရေး တရားကို အထုံပါအောင်ကျင့်၊
ကိုယ်တိုင်လည်း တကယ်လုပ်၊ ပတ်ဝန်းကျင်ကိုလည်း စည်းရုံး။ ဒီလိုနဲ့ .......
ဆရာဇော်ဂျီ ရေးသီခဲ့သလို တစ်စိတ်ဝမ်း တစ်လက်ညီ ပြည်ရေးကို ပြိုင်တူ
ချီကြရပါမည်။ ကဲ မြန်မာတို့ ဘာလဲ ဘယ်လဲ ဘယ်လိုလဲ ဘာလုပ်ကြမှာလဲ....။
(ကျန်သော Criteria ၅ခုကို အပိုင်း (ခ) တွင် ဆက်လက်တင်ပြပါမည်)
ကိုအော
***************************
AUN နှင့် မြန်မာ့တက္ကသိုလ်များ အနေအထား လေ့လာသုံးချက် (အပိုင်း-ခ)
AUN အဖွဲ့ဝင်ရန် တက္ကသိုလ်များ
ပြင်ဆင်ချိန်တွင် ထိပ်တိုက်တိုးသည့် Criteria ၄ ခုကို ဖောက်သည်ချခဲ့ပြီး
ဖြစ်ပါသည်။ ကျန် Criteria ၅ ခုနှင့် ရင်ဆိုင် တွေ့ရပုံကို ဆက်လက်
ပြောကြားသွားပါမယ်။
5. geographical balance နိုင်ငံအလိုက် မျှတမှု
for effective cooperation and exchange
ဖြစ်စေရေးအတွက် အရှေ့တောင်အာရှ ဒေသတွင်းမှာ အဖွဲ့ဝင် ဦးရေ a good balance
of members ဖြစ်ရေးဆိုပါတော့၊ တော်ပါသေးရဲ့ အရည်အသွေးတွေနဲ့
သိပ်မဆိုင်လို့၊ မြန်မာတက္ကသိုလ် ၂ ခုပဲ အဖွဲ့ဝင် ဖြစ်သေးတာ၊
ကျန်တဲ့တက္ကသိုလ်တွေ မျှော်နိုင်ပါသေးတယ်၊ အနည်းတော့
ဆွမ်းကြီးလောင်းချိန်မှာ ပါမှာပေါ့၊ ဒီ Criteria ကနည်းနည်းဟန်တယ်၊
ဆက်လှုပ်ရှားနိုင်ပါပြီ။
6. ability to participate in and host AUN activities
တက္ကသိုလ်တို့၏ financial and human
resources တွေက majority of AUN activities တွေမှာ ထဲထဲဝင်ဝင်
ထိထိရောက်ရောက် ပါဝင်ဖို့တဲ့။ တက္ကသိုလ်တွေရဲ့ ဘဏ္ဍာရေးဆိုတာ ဝန်ကြီးဌာန
ဦးစီးဌာနတွေက ခွဲဝေ သတ်မှတ် ခွင့်ပြုမှ ရတာ၊ တစ်ခုခုလုပ်ဖို့ ခွင့်ပြုမိန့်
တောင်းရတာ၊ ဘတ်ဂျက်ညှိရတာ၊ အောဒစ်က ထောက်မှာ စိုးရတာဆိုတဲ့ ကန့်သတ်ချက်တွေ
အောက်မှာ။ AUN activities တွေမှာ ပူးပေါင်း ပါဝင်ဖို့ဆိုတာ
ဘဏ္ဍာရေးပိုင်းကတော့ အိပ်မက်ပမာပါပဲ။ ဒီ Criteria က လူကြီးမကြိုက်တဲ့ အထဲမှာ
ရှေ့ဆုံးက ပါနေတယ်၊ လူ့စွမ်းအား အရင်းအမြစ်ပိုင်းကတော့ ရှိတန်ကောင်းပါရဲ့။
ဒါကလည်း အစိုးရက ဝန်ကြီးဌာနက ဦးစီးဌာနက ခွင့်ပြုမှပါ။ ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်အရည်အသွေး တိုးတက် ထက်မြက် နေအောင်လုပ်ထားလျင် အရှုံး
မရှိတန်ကောင်းပါဘူး၊ ဒီ Criteria က သိပ်မဆိုးသလို သိပ်တော့လည်း
မဟန်သေးပါဘူး၊ ရှေ့ဆက် တိုးကြည့်ပါစို့။
7. preference to be given to public rather than private universities ပုဂ္ဂလိကတက္ကသိုလ်ထက် လူထုတက္ကသိုလ်များကို ဦးစားပေးရေး
public and private university are
essential တဲ့၊ ယခုမှ လမ်းစ မှိန်မှိန်လေးရှိတုံး၊ တည်ထောင်ဖို့
ကြိုးစားနေဆဲပါ၊ ပုဂ္ဂလိက တက္ကသိုလ်တွေက အများပြည်သူတို့အတွက် greater
accessibility and opportunities and support ဖြစ်တယ်ဆိုတာ ပညာရှင်များ
ဝေဖန်ထောက်ပြလို့ သိကြရပေမယ့် တည်ထောင်ဖို့ ကြိုးပမ်းနေတုန်းဖြစ်ပါတယ်။
ဒါတောင် ပုစွန်ဦးနှောက်တွေက ကဖျက်ယဖျက် ခြေထိုးနေလို့ ခရီး
သိပ်မတွင်သေးပါဘူး။ ဒီ Criteria အတွက် ကြိုးစားဆဲဟု မှတ်ချက်ပြုရမှာပါ။
8. preference
to be given to comprehensive universities rather than specialised
universities ဘာသာရပ်အစုံ သင်ကြားသော တက္ကသိုလ်များကို ဦးစားပေးရေး
မြန်မာပြည်တွင် ဝန်ကြီးဌာန ၁၃ ခုအောက်မှာ
တက္ကသိုလ် ၁၆၁ ခု ရှိနေပါတယ်။ specialised universities များအဖြစ်
တည်ရှိနေတာလား ဆိုတော့ ဟုတ်သလိုလိုပါပဲ။ အားလုံး ပီပီပြင်ပြင်တော့
မဟုတ်သေးပါဘူး။ သင်ကြားတဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ ဝန်ကြီးဌာနအောက် ထည့်သွင်း
ထားတော့ ဝန်ကြီးဌာနအလိုကျ သူ့ဆိုင်းနဲ့သူတော့ ကနေကြတာပဲ။ ပညာရေး အောက်မှာ
comprehensive universities တွေရှိလား ဆိုတော့လည်း နောဇာနာမိ ငါမသိလို့
ဆိုချင်ပါသည်။ တိုးတက် ပီပြင်အောင် ပြောင်းလဲကြိုးစားဖို့ လိုပါသေးတယ်။
ဆရာကြီး ဒေါက်တာမောင်သိန်း၏ အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော
မြန်မာနိုင်ငံပညာရေးစနစ် ဟောပြောချက်ကို သတိမူသင့်ပါသည်။ ဒီ Criteria
အတွက်ကတော့ မဟန်သေးပါလို့ မှတ်ချက်ပြုရမှာပါ။
9. number of years the university has been established တက္ကသိုလ်၏ သက်တမ်း
ဟေး လာပြီဟေ့ ဒို့နဲ့ အပီကိုက်တာ၊
တက္ကသိုလ်ဖြစ်တာ အနည်းဆုံး ၁၀ နှစ် ရှိရမှာတဲ့။ ကောလိပ်ကို ဆိုင်းဘုတ်
ပြင်တင်လို့ ဒီဂရီကောလိပ်၊ ဒီဂရီကောလိပ်ကို ဆိုင်းဘုတ်ပြင်တင်လို့
တက္ကသိုလ်လို့ဖြစ်တာ အားလုံးလိုလို ၁၀ နှစ် ကျော်ပါပြီ။ ဒီ Criteria အတွက်
တက္ကသိုလ်အားလုံး ကိုက်ညီလို့ ခပ်တင်းတင်း ပြောလိုက်ရုံပဲ၊ နေပါဦး ၁၀ နှစ်
မပြည့်သေးတဲ့ တက္ကသိုလ်တွေ ရှိသေးလားမသိ၊ အဲဒါတွေ ခေါက်ထားလိုက်၊ ချန်ခဲ့၊
Criteria ၉ ခုမှာ ဒီတစ်ခုပဲ ကိုက်ညီတာ တော်ပါသေးရဲ့။
မြန်မာတက္ကသိုလ်များ အရည်အသွေးနဲ့ပတ်သက်လို့
နိမ့်လား မြင့်လား မေးရင် အရှေ့တောင်အာရှမှာတောင် AUN အဖွဲ့ဝင်ဖြစ်ဖို့
မလွယ်ဘူး၊ ရိုးရိုး အဖွဲ့ဝင်အဖြစ်တောင် မလွယ်သေးတာ၊ AUN QA
မှတ်ကျောက်နဲ့များ တိုက်ချ စစ်ကြည့်ရင် ဦးဖိုးချမ်းရွှေဆိုပြီး ပေါ်ကုန်မလား၊
ကြိုးစားလျှင် အရည်အသွေး တိုးတက်လာနိုင်ပါသည်လို့ပဲ ဖြစ်မလား၊ အရည်အသွေး
ပြည့်မီဆိုပြီး ဂုဏ်ပဲယူရမလား။
ဘာပဲဖြစ်ဖြစ် အရည်အသွေး
တိုးမြှင့်ခြင်းဆိုတာ အယူအဆဟောင်း၊ သဘောထားအလွဲ၊ လုပ်နည်းအမှား
တောအုပ်ကြီးကို ဖြတ်ပြီး လမ်းဖောက် ရတာပါပဲ၊ အထိအရှတွေ၊ အဟန့်အတားတွေ၊
အခက်အခဲတွေ မလွဲမသွေ တွေ့မှာပါ။ အနှစ် ၅၀ လောက် အာဏာရှင်စနစ်ဒဏ် အံကြိတ်
ခံပြီးမှ ဒီလောက်တော့ မမှုတော့ပါဘူး။ တို့ဗမာ သီချင်းထဲကလို တို့
ကိုယ်ကျိုး လုံးလုံးမပါ နောင်လာနောက်သား ကောင်းစားဖို့ရာ ဆိုတဲ့
စိတ်ကိုမွေး၊ နောင်အခါ အရည်အသွေးမြင့် တက္ကသိုလ်များမှာ မြန်မာလူငယ်တို့
အဆင့်အတန်းမြင့်မြင့် ပညာ သင်နိုင်ကြရန် ကြိုးစားကြရမှာပါ။ ကိုင်း အခု
မဟန်သေးလည်း နောင်အဆင်ပြေအောင် ဟေလားရေ မောင်တို့ ဝမ်းစမိုးသံ
သောသောညံအောင် ကြိုးစားကြပါဦးစို့။
ကိုအော

0 comments:
Post a Comment