သမ္မတ။ ။ ပြည်တွင်းက မီဒီယာ အဖွဲ့တွေ၊ ပြည်ပက မီဒီယာ အဖွဲ့တွေ အားလုံး စုံစုံညီညီနဲ့ တွေ့ဆုံရတဲ့ အတွက်
ကြောင့် ကျေးဇူးတင်တဲ့ အကြောင်း ရှေးဦးစွာပြော ကြားလိုပါတယ်။
ကျနော်တို့ တွေ့နိုင်ပြုနိုင်အောင် စီစဉ်ပေးကြတဲ့ ပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်တဲ့ အကြောင်း ပြောကြားလိုပါ တယ်။
မီဒီယာတွေနဲ့ တွေ့ဆုံရတဲ့ အကြောင်းအရင်းကလည်း သုံးခု ရှိပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ နှစ်ဆန်းပိုင်းလောက် မှာ ကျနော်တို့ ပြည်ပ ခရီးစဉ်တွေ တော်တော်သွားရပါတယ်။ တချို့လည်း တနိုင်ငံနဲ့တနိုင်ငံ ချစ်ကြည်ရေးအရ ဖိတ်တော့ သွားရတာတွေ ပါပါတယ်။ ပြည်ပ ခရီးစဉ်တွေ သွားရတယ်ဆိုတာ တကယ်တော့လည်း မလွယ်ပါဘူး။ နားချိန်တောင် ကျနော်တို့ မရပါဘူး။ အထူးသဖြင့် နယူးယောက်ကို UN Assembly (ကုလ ညီလာခံ) တက်ဖို့သွား ရတာဆိုရင် သုံးရက်လုံးလုံး မနားရပါဘူး။ နားချိန် မရှိသလောက် များပါတယ်။
အဲဒီအထဲမှာ ကျနော်တို့ရောက်တဲ့ နိုင်ငံတွေမှာ သတင်းထောက်တွေ မီဒီယာတွေက တွေ့ချင်ပြုချင်တယ် ဆိုတော့ ကိုယ်ကလည်း ငြင်းလို့ပြုလို့ မကောင်းဘူးဆိုတော့ ကိုယ်ကလည်း တွေ့လိုက်ပါတယ်။
တချို့မေးခွန်းတွေက အခက်အခဲမရှိသလို တချို့မေးခွန်းတွေက အခက်အခဲရှိပါတယ်။ တချို့အကြပ်အတည်းတွေ၊ ခက်တာတွေ ကြုံတွေ့ ရပါတယ်။ ဥပမာအဖြစ် ပြောရမယ်ဆိုရင် BBC WORLD NEWS ကနေ မစ္စတာစတီဖင် လာပြီးတော့ အင်တာဗျူး လုပ်ပါတယ်။ သူ့အင်တာဗျူးကလည်း ကျနော်တို့က တခါမှ မကြုံဖူးဘူး။ မီးတွေ ဘာတွေ ကလည်း တခါတည်း ဆင်တာဆိုတော့ မျက်နှာမထားတတ်အောင် ဖြစ်ရတယ်။ သူမေးတဲ့ မေးခွန်းတွေကလည်း
တော်တော်လေး ခက်ပါတယ်။ ခက်ခဲသော်လည်း ကျနော်တို့ ဖြေနိုင်ခဲ့ပါတယ်။ ဖြေပြီးတော့မှ ကျနော်တို့သိရတာ က Hard Talk ဆိုတာ ပါပါတယ်။ Hard Talk အင်တာဗျူးကတော့ အခက်ခဲဆုံးပဲ။ တော်ရုံတန်ရုံ အာရှခေါင်း
ဆောင်၊ အာရှကျား၊ ဆိုတာတွေကတောင် ရှောင်တယ်။ ကျနော်ကတော့ Hard Talk ဆိုတာ ဘာမှန်းမသိလို့
ရောက်သွားတာ၊ တကယ်ဆို ရှောင်ဖို့ ကောင်းပါတယ်။ သူ့မေးခွန်းတွေက တော်တော်လေးလည်း ခက်တဲ့အတွက်
ကြောင့် ခက်ခက်ခဲခဲ ဖြေရပြုရတယ်။
ပြောချင်တဲ့ ရည်ရွယ်ချက် သုံးခုကတော့ ပြည်ပနိုင်ငံတွေ သွားရပြုရတယ်။ ပြည်ပမီဒီယာတွေနဲ့ တွေ့ရတယ်။ အခု
ပြည်တွင်းမီဒီယာတွေနဲ့ မတွေ့ဖြစ်တာ ကျနော်က အတော်လေး ကြာပါပြီ။ ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ သင့်တယ်ဆိုပြီးတော့မှ သက်ဆိုင်ရာ ဝန်ကြီးတွေကို ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ကို စီစဉ်ခိုင်းခြင်းဖြစ်ပါတယ်။
နောက်တခုက ခင်ဗျားတို့က မေတ္တာပို့မှာလည်း ကြောက်တာပေါ့ဗျာ။ သမ္မတ က ပြည်ပက မီဒီယာတွေနဲ့ တွေ့တွေ့
နေပြီးတော့၊ ငါတို့ကျတော့ ပစ်ထားတယ်၊ လှည့်တောင် မကြည့်ဘူး ဆိုပြီးတော့ ဒါလည်းကြောက်ရတာ တချက်ပါ တယ်ပေါ့လေ။
တတိယအချက်ကတော့ မီဒီယာဟာ ကျနော်တို့အစိုးရ အဖွဲ့ရဲ့နားတွေ မျက်စိတွေ ဖြစ်ပါတယ်။ နားမျက်စိတွေ
ဖြစ်တဲ့ အတွက်ကြောင့် ခင်ဗျားတို့ရဲ့ အမြင်၊ ခင်ဗျားတို့ရဲ့ သဘောထားတွေ နောက်တခါ ကျနော်တို့ရဲ့ အမြင် ကျနော်တို့ရဲ့ သဘောထားတွေ ဒါတွေကို နှစ်ဦးနှစ်ဖက် သိရှိနေဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက်သိနေရုံနဲ့လည်း မပြီးသေးပါဘူး။ အရေးကြီးဆုံးကတော့ ပြည်သူသိဖို့ အရေးကြီးပါတယ်။ ပြည်သူသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖွဲ့ကတော့ ခင်ဗျားတို့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။
အဲတော့ ဒီကနေ့ အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာနဲ့ ပေါင်းစပ်လိုက်မှသာလျှင် ပိုမိုပြီးတော့ ထိရောက်အောင်မြင်မယ်လို့ ကျနော်တို့ ခံယူထားပါတယ်။ ဒါကြောင့်မို့လို့ အခုနကလို မီဒီယာကို မကြောက်ဖို့၊ မီဒီယာနဲ့အခုနကလို ပေါင်းစပ်ပြီးမှ ဆောင်ရွက်ဖို့ မီဒီယာတွေကနေ သိချင်ပြုချင်တဲ့ဟာတွေ
မေးတာပြုတာတွေ စိတ်ရှည်သည်းးခံပြီးတော့ မှန်မှန်ကန်ကန် ဖြေကြားပေးဖို့၊ ဒါတွေလည်း ဝန်ကြီးဌာနတွေကို ကျနော်မကြာခဏ သတိပေးထားပါတယ်။
ကျနော်တို့ အစိုးရ ဒီကနေ့ ဘာတွေ လုပ်နေသလဲ၊ ဘယ်လိုတွေ လုပ်နေသလဲ၊ ဒီလုပ်ငန်းတွေ ဘာကြောင့် ကျနော်တို့ လုပ်နေရတာလဲ။ နောက်တခုက ဒီလုပ်ငန်းတွေ လုပ်ရင်းကိုင်ရင်း ပြုပြင်ပြောင်းလဲရင်နဲ့ ကျနော်တို့ အခုနကလို တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒီအတွေ့အကြုံ၊ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်
နေရလဲ ဒါတွေကို ပထမဦးဆုံးအနေနဲ့ မီဒီယာ အဖွဲ့တွေက သိထားမှ ဒါကိုဝေဖန်နိုင်မယ်၊ အကြံပေးနိုင်မယ်။
နောက်ထပ် ပြည်သူတွေကို အသိပေးနိုင်မယ်။ ပြည်သူတွေကို အသိပေးနိုင်မှ ပြည်သူတွေကလည်း ဝေဖန်မယ်၊ အကြံပေးမယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ကျနော်တို့ အစိုးရက ကောင်းအောင် လုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါတွေကိုသိဖို့ အတွက် မီဒီယာကနေ တဆင့် ဆက်သွယ် ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် မီဒီယာဟာ ကျနော်တို့ အစိုးရအတွက် အရေးကြီးတဲ့ ဆက်သွယ်ရေး ယန္တယား တခုဖြစ်တယ်လို့ ကျနော်တို့ ခံယူထားပါတယ်။
ပြည်သူတွေဆီက အချက်အလက်တွေကို ပြည်သူတွေအတွင်း ထဲထဲဝင်ဝင် ရယူရမှာ ဖြစ်သလို အစိုးရအဖွဲ့ရဲ့ သတင်းအချက်အလက်တွေကို ဝန်ကြီးဌာနအတွင်း ဝင်ရောက်ပြီးမှ ရယူရမှာ ဖြစ်တဲ့အတွက်ကြောင့် ဟိုတုန်းကဆို ဝန်ကြီးဌာနတွေက မီဒီယာဆို တော်တော်လေး ကြောက်ပါတယ်။ ကျနော်လည်း အပါအဝင် ဖြစ်ပါတယ်။ အခု
တော့ ကျနော်လည်း အားပေးထားပါတယ်။ ငါလည်း မကြောက်တော့ဘူး၊ မင်းတို့လည်း မကြောက်ကြနဲ့။
မေးသမျှကတော့ မှန်မှန်ကန်ကန်သာ ဖြေပေးပါဆိုပြီးတော့ ကျနော်ပြောထားတယ်။ မယုံရင်လည်း ဦးစိုသိန်းတို့ ဦးအောင်မင်းတို့သာ မေးကြည့်ပေတော့။ မကြောက်တော့ပါဘူး။ Hard Talk လိုဟာမျိုး တွေ့ပြီးမှတော့ ကျန်တာ
တော့ သိပ်ပြီးမကြောက်တော့ ပါဘူး။ ဝန်ကြီးဌာနတွေလည်း ပြောထားပါတယ်။ ပြည်သူထဲက သတင်းတွေလည်း ထဲထဲဝင်ဝင် ဝင်ပြီးတော့ ကျနော်တို့ကို ဝေဖန်သလို၊ အသိပေးသလို၊ ပြောကြားသလို အကြံပေးသလို အစိုးရ အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေအတွင်း မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် မီဒီယာတွေကလည်း
ဆောင်ရွက်ကြဖို့ အဲသလို ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ အရင်ကလို မကြောက်တဲ့ အတွက်ကြောင့် ကျနော့်ကိုပဲ အရင်စပြီးမေးနိုင်ပါတယ်။
အသံဖိုင်များသွားရောက်နာထောင်နိုင်ပါသည် ။
http://www.mizzimaburmese.com/interview/10294-2012-10-21-13-37-41.html
mizzima မှ ဖော်ပြသည် ။

0 comments:
Post a Comment