Home » » မြစ်ဆုံ တန်ဖရဲကျေးရွာတွင် စက်ကြီးများဖြင့် ရွှေ တူးလျက်ရှိ၊ ပြဿနာများစွာ ကြုံနေရသောကြောင့် ဒေသခံများ ရွှေမှော် ပိတ်ပေးရန် ဆန္ဒရှိ

မြစ်ဆုံ တန်ဖရဲကျေးရွာတွင် စက်ကြီးများဖြင့် ရွှေ တူးလျက်ရှိ၊ ပြဿနာများစွာ ကြုံနေရသောကြောင့် ဒေသခံများ ရွှေမှော် ပိတ်ပေးရန် ဆန္ဒရှိ




ရွှေမှော် လုပ်ငန်းခွင် မြင်ကွင်း
ရွှေမှော် တူးဖော်ရေး လုပ်ကွက် တစ်ခု မြင်ကွင်း
မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာ စံပြကျေးရွာသို့ ပြောင်းရွှေ့ခဲ့ကြရသော တန်ဖရဲကျေးရွာ ဒေသခံများ၏  လိမ္မော်ခြံ၊ ရော်ဘာခြံများ နှင့် လယ်ယာများ တွင် ဒေသခံများကို အသိပေးခြင်း မရှိဘဲ လွန်ခဲ့သောလမှ စ၍ ခိုးဝင်ကာ စက်ကြီးများဖြင့် ရွှေတူးဖော်လျက်ရှိကြောင်း သိရသည်။
ရွှေမှော် လုပ်ငန်းခွင် မြင်ကွင်း“မကျင်ကြနဲ့တော့လို့ သူတို့ကို သွားပြောတယ်။ ရွှေကျင်တဲ့လူတွေ က မင်းတို့လျော်ကြေးရပြီးပြီ မဟုတ်လား ဆိုပြီး ပြန်ပြော လာတယ်”ဟု လိမ္မော်ခြံပိုင်ရှင် ဦးလဂန်မုန်ရာက ပြောပြသည်။
တန်ဖရဲတွင် လက်ရှိ ၄ဝ၁ ခေါ် ၄ လုံးထိုးကား အင်ဂျင်စက်ကြီး များဖြင့် စက်ဆိုင်း ၁၆ ဆိုင်းက ကျင်းအနက်ပေ ၄ဝ၊ ၅ဝ လောက်ထိ နေ့ည ရွှေတူးဖော်နေလျက် ရှိသည်။ ရွှေဆိုင်းတစ်ဆိုင်းတွင် ကျင်းသား အယောက် ၂ဝ ဝန်းကျင်ရှိသည်။ ၂၄ နာရီတွင် ရွှေ ၂ ကျပ်သား လောက်ရရှိကြောင်းလည်း သိရသည်။ ထိုတန်ဖရဲကျေးရွာ တွင် ရွှေ ကျင်သူများကို လွန်ခဲ့သော ၅ လ ပိုင်းက ပြည်နယ်အစိုးရက ပိတ် ပင်ထားပြီးဖြစ်သည်။ ဒေသခံများ လက်ဖြင့် တစ်ပိုင်တစ်နိုင် ရွှေကျင် သူအချို့ကိုလည်း ရဲကဖမ်းခေါ်သွား ခဲ့ဖူးကြောင်း သိရသည်။
ရွှေမှော် တူးဖော်ရေး လုပ်ကွက် တစ်ခု မြင်ကွင်း“အခုလို ကျွန်မတို့ရွာမှာ ရွှေ တူးဖော်နေကြတာကို မြင်နေရတော့ အခုတန်ဖရဲမှာ လူတွေများလာတော့ တကယ့်ကို စိတ်မကောင်းဘူး။ပစ္စည်း ပျောက်တာတွေ ခဏခဏဖြစ်တယ်။ တန်ဖရဲရွာမှာရှိတဲ့ နွားတွေမှာ အမြီး မပါတော့ တဲ့နွားတွေ အများကြီးပဲ။ လူပေါင်းစုံဆိုတော့ နွားမြီးတွေက အစ ခိုးဖြတ်ပြီး စားကြတယ်”ဟု တန်ဖရဲရွာမှ အောင်မြင်သာ ရွာသစ်သို့ ယာယီပြောင်းရွှေ့ခဲ့ရသူတစ်ဦး ဖြစ်သူ မမွန်ဂျာကပြောသည်။
ယခုလို ရွှေကျင်းများမှာ ကျင်း နက်သောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေကြသည်။

ယာယီနေ ထိုင်နေသော အောင်မြင်သာ ဒေသခံများ ၏ ကျွဲ၊ နွားများ သည် အောင်မြင်သာ စံပြကျေးရွာတွင် ကျောင်းစရာ စားကျက် မရှိသော ကြောင့် တန်ဖရဲကျေးရွာ တွင်သာ ထားရှိကာ ကျောင်းလျက် ရှိသည်။ ကျွဲ၊ နွားများ ကျင်းထဲ ကျပြီးသေခြင်းလည်း ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ လုပ်စားနေတဲ့ ခြံဝင်းတွေမှာ စက်ကြီးတွေနဲ့ နေ့တိုင်း ကျင်နေကြတော့ ကျွန်တော်တို့ ဒေသခံတွေ လုပ်စားစရာ နေရာ မရှိတော့ဘူး။ ကျွန်တော်တို့ ဒေသခံ ခြံပိုင်ရှင်တွေက မလုပ်စားရဘူး။ ကျွန်တော်တို့ လုပ်စားရင်တော့ ဖမ်းတယ်။ တခြားလူတွေက လာလုပ်စားလို့ရတယ်။ ဒါတွေကိုကြည့်ပြီး တကယ်ကို စိတ်မကောင်း ဘူး။ မလုပ်စားရဘူး ဆိုရင်လည်း ဘယ်သူမှ လာမလုပ်စားနဲ့။ ဘယ်သူကိုမှ လည်း ရွှေတူးဖော်ခွင့် မပေးနဲ့။ မျှမျှတတပေါ့။ ကျွန်တော်တို့ ဒေသခံ တွေက အဲဒါမျိုးကို လိုချင်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။


ဦးလဂန်မုန်ရာ၏ လိမ္မော်ခြံ၊ Jade Land ကုမ္ပဏီပိုင် ရော်ဘာခြံ နှင့် တန်ဖရဲဒေသခံများ၏ လယ်ယာများ တွင် ရွှေ တူးဖော်လျက် ရှိသည်။ ဦးလဂန်မုန်ရာ၏ လိမ္မော်ခြံ တွင်မူ လိမ္မော်သီးများ အတော်ပင် သီးလျက် ရှိသည်။ ရွှေကျင်သော ကျင်းသားများသည် တန်ဖရဲကျေး ရွာရှိ ခြံများမှ သစ်သီးများ၊ ကြက်များနှင့် ပန်းပင်တွေပါ မကျန် ဒေသခံ များကို အသိမပေးဘဲ စားသုံးလျက် ရှိကြောင်း သိရသည်။ အခုကဲ့သို့ ပြဿနာများစွာ ကြုံနေရသော ကြောင့် ဒေသခံများက ထိုရွှေမှော်ကို အမြန်ပိတ်ပေးရန် ဆန္ဒရှိနေကြကြောင်း ဆက်လက်သိရသည်။

မြန်မာအင်ဒီပဲန်ဒင့် မှ ဖော်ပြသည် ။

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG