
၁၉၄၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ကန်တော်ကလေး၊ မြူနီစီပယ်ကျောင်း၌ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ပြောကြားသောမိန့်ခွန်း ဖြစ်ပါသည်။
Written by မောက္ခ
ဗမာပြည် ဗမာတိုင်း၏ အစည်းအဝေးတိုင်းတွင် အချိန်မမှန်ကြသည်ကို တွေ့ရကြောင်း။ ဤကဲ့သို့ ဖြစ်ရခြင်းမှာလည်း ကျွန်နိုင်ငံဖြစ်နေသည့်အတွက် ပညာရေးစနစ် ညံ့ဖျင်းခဲ့ရာ အချိန်နှင့် စည်းကမ်းကို ရိုသေရမည့် အလေ့အထများ၊ အသိဥာဏ်များ မဝင်စားခဲ့ကြကြောင်း။
စည်းကမ်းစနစ်ကို လူတိုင်းသဘောပေါက်၍ လိုက်နာခြင်းသည် လွတ်လပ်သောတိုင်းပြည်နှင့် ကောင်းသော ပညာရေးစနစ်များ ထွန်းကားသည့် တိုင်းပြည်များတွင်သာ ရှိကြရကြောင်း။ ဗမာပြည်မှာတော့ အရင်းစစ် အမြစ် မြေကဆိုသကဲ့သို့ ဗမာတစ်မျိုးလုံး ကျွန်ဖြစ်သည့်နေ့ကစ၍ ဗမာ့ပညာရေး ဆုတ်ယုတ်ခဲ့သလောက်၊ စည်းကမ်း စနစ်သဘော နားလည်မှုများလည်း ခေါင်းပါးခဲ့ရကြောင်း။
ဗမာရှင်ဘုရင်များလက်ထက်က ဗမာတိုင်း ပညာရေးအထက်တန်းကျသဖြင့် စည်းကမ်းလည်းရှိခဲ့ကြကြောင်း။ ယခု ပညာတတ်များမဲ့၍ စည်းကမ်းများ မဲ့လာခဲ့ရာ ဗမာပြည် မလွတ်လပ်၍သာဟု မှတ်ယူရမည်ဖြစ်ကြောင်း။
ကျွန်ဖြစ်ခဲ့ရတဲ့ တိုင်းပြည်များအဖို့မှာ အုပ်စိုးသူများက ခိုင်းနိုင်ရုံလောက် ပညာရေးကိုသာ သင်ပေးကြကြောင်း။ သို့သော် တစ်ချို့ပုဂ္ဂိုလ် အနည်းငယ်ခန့်က သင်ပေးတာထက်ပိုပြီး တတ်ကြလို့ သူတို့ရဲ့ ထင်းခွေရေခပ်ပညာ ရေး စနစ်စံချိန်ကိုချိုးပြီး ထွက်ခဲ့ကြခြင်းသာဖြစ်ကြောင်း။
ဆင်ခြေပေးနေတယ်
ကျွန်နိုင်ငံတွင် ကျွန်စနစ်လောက်သင်ပေးကြသော်လည်း ခေတ်ကိုကျော်၍ တက်ခဲ့ကြသူများ ရှိသဖြင့်လည်း ကမ္ဘာ့အခြေအနေသည် ပြောင်းလဲခဲ့ရကြောင်း။ ယခု ဗမာပြည်တွင် အလယ်တန်းပညာကို မသင်မနေရစနစ် တစ်ခုကို လုပ်မည်ဆိုက အထူးသင့်လျော်ကြောင်း။ သို့သော်လည်း ဆိုင်ရာ အစိုးရက လူတိုင်းစာတတ်ကြမှာ ကို စိုးရိမ်နေသည့်အတွက် ကျောင်းအဆောက်အဦ မရှိဘူး၊ ဆရာမရှိဘူး၊ ငွေကုန်တယ်၊ အချိန်ကုန်တယ် စသည်ဖြင့် အမျိုးမျိုးဆင်ခြေပေးနေကြောင်း။
ငွေလည်းမကုန်၊ ကျောင်းအဆောက်အဦလည်း ဘုန်းတော်ကြီးကျောင်းတွေရှိပြီးသားဖြစ်သည်။ ဆရာများလည်း လိုသလောက်ရနိုင်ပါသည်။ သို့သော် ဆရာဖြစ်လက်မှတ်ရသူကိုတော့ များများမရနိုင်ခြင်းအကြောင်းက အစိုးရ ကိုယ်တိုင် ဆရာဖြစ်သင်ကျောင်းအနည်းငယ်မျှသာ ထားခဲ့ခြင်း၊ ပညာရေးတွင် ဝါသနာပါကြသော ဆရာ၊ ဆရာမများအားလည်း အဝတ်အစား လုံလောက်အောင် ရနိုင်သည့် လစာများ မပေးသဖြင့် လက်မှတ်ရဆရာ များ ယခုကဲ့သို့နည်းပါးရကြောင်း၊ ဖြစ်အောင် လုပ်မည်ဆိုလျှင် အစိုးရကိုယ်တိုင်လည်း လုပ်နိုင်ကြောင်း၊ အစိုးရ လုပ်မပေးလျှင် ကျုပ်တို့ဟာကျုပ်တို့ လုပ်နိုင်ကြောင်း၊ ဘိလပ်မှာ သူတို့လုပ်ချင်တာဆိုလျှင် အထက် အောက် လွှတ်တော်နှစ်ရပ်စလုံးမှာ သဘောတူအတည်ဖြစ်အောင် လုပ်ကြကြောင်း၊ ယခုသူတို့လုပ်နိုင်ရက်နှင့် မလုပ်ဘဲ နေတာကို မလုပ်ပေးချင်လို့သာနေကြကြောင်း။
အစိုးရကို သိပ်အားမကိုးနဲ့
နောက်ဆုံး အစိုးရကိုချည်း အားမကိုးဘဲ ကျောင်းဆရာဆိုလျှင် ဗမာပြည်က ကျောင်းဆရာတွေအားလုံး တစ်စု တစ်ရုံးတည်းနဲ့ ဗမာပြည်၏ လွတ်လပ်ရေး ပညာရေးစနစ်ကို တီထွင်ကြရမည်ြဖစ်ကြောင်း၊ ကျုပ်တို့ကြိုက်တဲ့ ပညာရေးစနစ်မှန်ကိုရဖို့ရာတော့ တိုင်းပြည်လုံးဝလွတ်လပ်မှပင် ဖြစ်မည်ဖြစ်၍ ဆရာများလည်း ထိုအချိန်ကျမှ လခပိုရမည်မှာ သေချာကြောင်း၊ ယခုအချိန်တွင် အတတ်နိုင်ဆုံး ကျောင်းဆရာနှင့် ကျောင်းသားအင်အားကြီး စုမိပြီး မိမိတို့ရည်မှန်းသော ပညာရေးစနစ်ကို လုပ်ကြရမည်ဖြစ်ကြောင်း။
ဝန်ကြီးများနှင့်တွေ့ပြီး စကားပြောလိုက်သည့် ကတိများကို ဘယ်အခါမျှ မယုံကြည်ကြစေလိုကြောင်း၊ ပညာရေး သည် နိုင်ငံရေးဖြစ်သဖြင့် နိုင်ငံရေးလွတ်လပ်မှ ပညာရေး လွတ်လပ်မည်ဖြစ်သဖြင့် နိုင်ငံရေး လွတ်လပ်အောင် ကြံဆောင်ကြရန် တိုက်တွန်းလိုက်ပါကြောင်း။
လွတ်လပ်ရေးသတင်းစာ၊ (၃၀.၄.၄၆)
0 comments:
Post a Comment