Home » » KIO ဌာနချုပ်တွင် မူးယစ် တိုက်ဖျက်ရေး လူထုအစည်းအဝေး ကျင်းပ

KIO ဌာနချုပ်တွင် မူးယစ် တိုက်ဖျက်ရေး လူထုအစည်းအဝေး ကျင်းပ



 ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု အစည်းအဝေးတရပ်ကို အင်္ဂါနေ့က ကျင်းပခဲ့သည်။

မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကချင်လူမျိုးများ ပျက်စီးဆုံးရှုံးမှုများ ရှိလာသဖြင့် မူးယစ် ဆေးဝါးအား စုပေါင်း တိုက်ဖျက်သွားရန် KIO စစ်ဦးစီးချုပ်၊ ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းဆောင် ဗိုလ်ချုပ် ဂမ်ရှောင် က ကချင်ဘာသာဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ မူးယစ်ဆေးဝါးကို တိုက်ဖျက်ပေမယ့် အစိုးရဘက်က ပါဝင်ဖို့ မရှိလို့ တိုက်ဖျက်လို့ မရဘူး။ မူးယစ်ဆေးဝါးနဲ့ ကျနော်တို့ လူမျိုးကို တိုက်ဖျက်နေတယ်။ နိုင်ငံရေး ဆွေးနွေးတာတော့ မရှိဘူး။ လက်နက်တွေ၊ တပ်မ ရှိသမျှ အင်အားတွေ လေယာဉ်ကအစ ဖြည့်တင်း နေတယ်ဆိုတာတွေ ပြောတယ်” ဟု KIO အရာရှိတဦးက
ပြောပြသည်။
kiodestorydrugmeeting
အစိုးရနှင့် KIO တို့အကြား စစ်ရေး အခြေအနေများကိုလည်း စစ်ဦးစီးချုပ်က ရှင်းလင်း ပြောကြားခဲ့သည်ဟု တက်ရောက်ခဲ့သူ လိုင်ဇာ ဒေသခံ တဦးက ပြောသည်။

“အခုဖြစ်နေတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးအကြောင်းတွေ၊ မူးယစ်ဆေးဝါးကြောင့် ဆုံးရှုံးမှုတွေကို ဘယ်လို လုပ်သင့်တယ် ဆိုတာတွေ ပြောတယ်။ ကျနော်တို့ လူမျိုးတွေကို အစိုးရက ဘာတွေ လုပ်နေတယ်ဆိုတာတွေ၊ မူးယစ်ဆေးဝါးနဲ့ ဖျက်ဆီးနေတာတွေကို ပြောတယ်” ဟု မဇ္စျိမကို ပြောပြသည်။

အဆိုပါ လူထုအစည်းအဝေးသို့ KIO ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လိုင်ဇာမြို့ခံများနှင့် စစ်ပြေး ဒုက္ခသည်များ အပါအဝင် စုစုပေါင်း ၂,၅ဝဝ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

KIO က ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလမှစ၍ ယမန်နှစ် ၂ဝ၁၁ ခုနှစ် မတ်လထိ မူးယစ်ဆေးဝါး သုံးစွဲသူများကို တိုက်ဖျက်ရေး ခြောက်လကြာတွင် အောင်မြင်မှု ရရှိခဲ့သည်ဟု ဆိုသည်။

အစောပိုင်းတွင် အစိုးရ၏ မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ တိုက်ဖျက်ရေးတွင် ပါဝင်လုပ်ဆောင်နိုင်ခဲ့သော် လည်း ၂ဝ၁၁ ခုနှစ် ဇွန်မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ လည်း ရပ်ဆိုင်းခဲ့ရသည်။

KIO နှင့် အစိုးရ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မဆွေးနွေးမီအထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မူအားဖြင့် သဘောတူခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် မေလမှ စတင်ကာ ဆက်ဆံရေး ပြတ်တောက်ခဲ့ရသည်။

၁၉၆၄ ခုနှစ်မှစ၍ KIO နယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါဒ ထားရှိခဲ့သော်လည်း လက်နက်ကိုင်
တော်လှန်ရေးအတွင်း ဘိန်းတိုက်ဖျက်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ကြောင်း KIO ဗိုလ်ကြီးနော်ဘူ က ပြောသည်။

၁၉၉၁ ခုနှစ်အတွင်း KIO က “ဘိန်း လုံးဝ မစိုက်ရ” ဆိုသည့် အမိန့်ကို ထုတ်ပြန်ပြီး ဘိန်းခင်းများ ဖျက်ဆီးခြင်းနှင့် ပညာပေး တိုက်ဖျက်ခဲ့သဖြင့် နဖော့ဒေသ၊ တရုတ်နယ်စပ် လွယ်ဂျယ်၊ ရှမ်းပြည်နယ်စပ်အချို့၌ ဘိန်းစိုက်ပျိုးခြင်းများ မရှိတော့ဘဲ အခြား အစားထိုးသီးနှံ ကြံနှင့် စပါး စိုက်ပျိုးအောင်မြင်ခဲ့သည်ဟုလည်း ၎င်းက မဇ္ဈိမကို ပြောဆိုခဲ့ဖူး သည်။

မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူများကို အရေးယူခဲ့သော်လည်း ဘိန်းရောင်းဝယ်ဖောက် ကားသူ အများစုမှာ ဆင်းရဲသူ အောက်ခြေလူတန်းစားများသာ ဖြစ်၍ အရေးယူမှုသည် မအောင်မြင်ကြောင်း ဗိုလ်ကြီးနော်ဘူ က ပြောသည်။

တိုက်ပွဲတွေ ဆက်ဖြစ်နေ

တနင်္လာနေ့တွင် KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရတပ်များအကြား ဖားကန့် မြို့နယ်၊ ကသိုင်းတောင် အနီးတွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA ရှေ့တန်းမှ ဗိုလ်ကြီးတဦးက ပြောသည်။

“မနေ့က ၁၁ နာရီလောက်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာ။ သူတို့ အင်အားက တိုးလာတာပဲ။ ပစ်လိုက် နားလိုက်၊ ပစ်လိုက် နားလိုက်ပါပဲ။ သူတို့ လက်နက်ကြီးနဲ့ တနေကုန် ပစ်တယ်” ဟု မဇ္စျိမကို ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)လက်အောက်ခံ မိုးညှင်းမြို့အခြေစိုက်ထားသည့် ခလရ ၁၅၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်(နမခ)ခလရ ၂၂၈ နှင့် ၃၈၉ တို့မှ တပ်အင်အား ၃ဝဝ ကျော်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။ အစိုးရတပ်ဖက်မှ လက်နက်ကြီး ၆ဝ မမ၊ ၈၄ မမ၊ ပဒိုဇာ ၄ဝ မမ တို့ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

တနှစ်ကျော် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် စစ်ပြေး ဒုက္ခသည်ပေါင်း ၉ဝ,ဝဝဝ ကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် KIO တို့ အလွတ် သဘောတွေ့ဆုံမှုသာ ရှိခဲ့ပြီး တရားဝင် ထပ်မံ တွေ့ဆုံမည့် နေရာ ညှိနှိုင်းရန် ခက်ခဲလျက် ရှိနေသည်။


 (မဇ္စျိမ) ။        ။မှဖော်ပြသည် ။

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG