Home » » စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်းနှင့် တွေ့ဆုံခြင်း

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်းနှင့် တွေ့ဆုံခြင်း


နိုင်ငံ ခေါင်းဆောင်များ၊ ကမ္ဘာ့ခေါင်းဆောင်များက မြန်မာပြည်၏ ပြောင်းလဲ လုပ်ကိုင်လာသည့် နိုင်ငံရေး အခင်းအကျင်း အား ဒီမိုကရေစီစနစ် ဖေါ်ဆောင်နေသည့် အချိန်ရောက်နေပြီဟု အသိအမှတ်ပြုလာကြသည် ကို တွေ့ရသည်။ လက်ရှိ မြန်မာပြည် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ဆောင်သည့် နေရာတွင် အတိုင်းအတာတစ် ခုအထိ အောင်မြင်မှု ရှိလာသည် ဆိုသော်လည်း အချို့ဒေသများတွင် ငြိမ်းချမ်းရေး မရသေးဘဲ နှစ်ဖက်ယုံ ကြည်မှု ကိုသာ တည်ဆောက်ထား ကြသည်ကို တွေ့ရသည်။ ကချင်ပြည်နယ်၏ အခြေအနေများကို မည်သို့ ကိုင်တွယ် ဖြေရှင်းလျှင် ငြိမ်းချမ်းရေး ရနိုင်မည်ကို ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်း နှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါသည်။

ဦးခက်ထိန်နန်း
ဦးခက်ထိန်နန်း


ဦးခက်ထိန်နန်း။ ။ ကချင်ပြည်နယ်ရဲ့အနေအထားက နိုင်ငံရေး ပြဿနာ ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးအရ ဖြေရှင်းနေတော့ အနာတခြား ဆေးတခြား ဖြစ်နေတယ်။ ကချင်ပြည်နယ် ဟာ ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ ရဖို့ဆိုတာ နိုင်ငံရေးအရ ဆွေးနွေးမှပဲ ရမယ်။ တိုက်ပွဲတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ ၊ ၆ဝ ကတည်းက ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ခဲ့တယ်။ အဲဒီလိုနည်း နဲ့အဖြေရှာလို့ မရခဲ့ဘူး ဆိုတာလည်း ကျွန်တော်တို့အားလုံး သိခဲ့တယ်။ ဒါကြောင့် အခုတိုက်ပွဲနဲ့ အဖြေမရှာဘဲနဲ့ နိုင်ငံရေးအရ ဆွေးနွေးခြင်းအားဖြင့် ရှာမှပဲ အဖြေကောင်းရမယ်။

မေး။ အခုဆိုရင်ငြိမ်းချမ်းရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ ဆောင်ရွက်တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့တွေ တော်တော် များများနဲ့ နားလည်မှုရခဲ့ပြီလို့သိရတယ်။ ဒါပေမယ့် ကချင်ပြည်နယ် အခြေအနေက ပိုဆိုးလာတယ်။ အဲဒီ အပေါ်မှာ သုံးသပ်ပြစေ ချင်ပါတယ်။

ဖြေ။ ကျန်တဲ့အဖွဲ့တွေနဲ့ ကချင်ပြည်နယ်က မတူတဲ့ အနေအထား အချို့ရှိတယ်။ ကချင်ပြည်နယ်က ၁၉၉၄ ခုနှစ်မှာ အခုလိုပဲ ငြိမ်းချမ်းရေးယူခဲ့ပြီး ၁၇ နှစ်လုံးလုံး ဒေသဖွံ့ဖြိုးရေးတွေကို အတူတူ လက်တွဲပြီး လုပ်ကိုင်ခဲ့တယ်။ ကျန်တဲ့ အဖွဲ့တွေကတော့ အခုမှငြိမ်းချမ်းရေး စယူတာ။ ကချင်ပြည်နယ်က ၁၇ နှစ်လုံးလုံး ဒေသဖွံ့ဖြိုးရေးတွေကို အတူတူ လက်တွဲလုပ်ကိုင် ခဲ့ပြီးတော့မှ နောက်တစ်ခေါက် မရည်ရွယ်ဘဲနဲ့ ပဋိပက္ခ ဖြစ်လာတဲ့ အနေအထား ဖြစ်လာတယ်။ အခုလည်းပဲ ငြိမ်းချမ်းရေးအဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးနေကြ ပေမယ့်လည်း ရှေ့တန်း မှာ နီးနီးကပ်ကပ် နေနေတဲ့ တပ်အချင်းချင်းက နေ့စဉ်ထိတွေ့နေတော့ တပ်ရဲ့ ဆုံးဖြတ်နိုင်တဲ့ အကြီးအကဲတွေ ပါဝင် တွေ့ဆုံပြီးတော့ ဆွေးနွေးမှပဲ ဒီထက် ပိုပြီးတိုးတက်လာမယ်။

မေး။ နှစ်ပေါင်း ၅ဝ ကျော်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတော့ ထူးထူးခြားခြား တိုးတက်မှုတွေ မတွေ့ရတာဘာ ကြောင့်ပါလဲ။
ဖြေ။ အဲဒါကတော့ တည်ငြိမ် အေးချမ်းမှု မရှိဘူး ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု မရှိလာနိုင်ဘူးဆိုတာ ဒါကသက်သေပဲ။
မေး။ ကချင်ပြည်နယ်ဟာ သယံဇာတတွေ အများကြီး ထွက်တဲ့ဒေသ ဖြစ်တော့ ကချင်ပြည်နယ် အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရခဲ့ပါသလဲ။
ဖြေ။ သယံဇာတနဲ့ ပတ်သက်လို့လည်း နိုင်ငံရဲ့ ပေါ်လစီဟာ အင်မတန်မှ အရေးကြီးပါတယ်။ သယံဇာတဟာ တကယ်တမ်း ပေါ်လစီ ကောင်းရင်၊ စနစ်ကောင်းရင်၊ ဒေသခံတွေကိုရော နိုင်ငံတော်ကိုရော တကယ် အကျိုး ထိရောက်ပြီး တကယ် အကျိုးပေးနိုင်ပေမယ့် လို့လည်း ပေါ်လစီစနစ်က မကောင်းဘူးဆိုလို့ရှိရင် ဒီသယံဇာတ ဆိုတာ ဒေသခံ နဲ့ နိုင်ငံတော် အတွက် တစ်ခါတလေတော့ အနှောင့်အယှက် ဖြစ်တတ်ပါတယ်။
မေး။ ကချင်ဒေသဟာ သယံဇာတ ပေါများတဲ့ဒေသ ဖြစ်ပြီး ဖွံ့ဖြိုးမှုအားမှာတော့ တော်တော် နည်းနေတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးမှာပေါ့။ အခုလွှတ်တော်ထဲမှာရော ကချင်ဒေသနဲ့ပတ်သက်ပြီး တင်ပြ ဆွေးနွေးမှုတွေ ထပ်ပြီး လုပ်ဖို့ရှိပါ သေးသလား။
ဖြေ။ ကျွန်တော်ကတော့ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး အဆိုတစ်ခုတော့ တင်ထားတာရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ၊ အတိုက်အခိုက် ပဋိပက္ခနဲ့ ပတ်သက်တာကိုတော့ ဟိုတလောက မေးခွန်း ၄ ခုမေးခဲ့တာ ရှိပါသေးတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့လည်း အဆိုတစ်ခု ရှိသေးတယ်။ လာမယ့် လွှတ်တော်မှာ ပါလာမယ် ထင်တယ်။
မေး။ အခုဆိုရင် ကချင်ပြည်နယ် အတွက် ငြိမ်းချမ်းရေး အဖွဲ့တွေ တော်တော်များရဲ့ လုပ်ဆောင်ချက်တွေ ကို တွေ့နေရတယ်။ ဘာမှသိပ်ပြီး မထူးခြားသေးဘူးနော်။
ဖြေ။ ငြိမ်းချမ်းရေးအဖွဲ့တွေထဲမှာ ကျွန်တော်လည်း ၆ ကြိမ်လောက် ပါပြီးပြီ။ ဒါပေမယ့် တစ်ခုရှိတာက တပ်ကိစ္စပေါ့။ ရှေ့တန်းမှာက တပ်ကိစ္စ ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ တပ်မတော်က ဆုံးဖြတ်နိုင်တဲ့ အကြီးအကဲတွေ ဆွေးနွေးမှပဲ အဖြေကောင်း ရနိုင်တယ်။ ကျန်တဲ့အဖွဲ့တွေ လောက်နဲ့တော့ ငြိမ်းချမ်းရေး မရ နိုင်ဘူး။
မေး။ စစ်ခေါင်းဆောင်ပိုင်း အနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးနိုင်ရင် အကောင်းဆုံး ဖြစ်နိုင်ပါသလဲ။
ဖြေ။ တစ် အချက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်တွေ၊ လုပ်ငန်း ကော်မတီတွေ၊ ၉ ကြိမ်၊ ၁ဝ ကြိမ်လောက် တွေ့ပြီးပါပြီ။ ဒါပေမယ့် လက်မှတ် မထိုးနိုင်သေးဘူး။ နောက်ဆုံး ဘယ်မှာ အဆုံးအဖြတ်ပေးဖို့ အခက်အခဲဖြစ်သလဲ ဆိုရင် တကယ် ပဋိပက္ခ ဖြစ်နေတဲ့ တပ်တွေ ကိစ္စမှာ လာပြီးတော့ အခက်အခဲ ဖြစ်တယ်။ အဲဒါကြောင့် ဒီတစ်ခေါက် ပြန်တွေ့ဖို့ ဆုံဖို့ကျတော့ ဟိုဘက် ကရော၊ ပြီးတော့ ဒီဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှာ ဥက္ကဋ္ဌအနေနဲ့ ဗိုလ် ချုပ်ကြီး စိုးဝင်းလည်း ပါတယ်။ သူက တပ်မတော်ဘက်က အနေနဲ့ပေါ့။ ဒီတစ်ခေါက် တွေ့ဆုံမှုမှာ သူပါဝင်ဖို့ ဆိုတာကို အပေါ်ယံက သဘောတူ ထားတယ်။ သူကိုယ်တိုင်ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် မှု လုပ်ငန်း ကော်မတီမှာ ဥက္ကဋ္ဌ၊ တပ်မတော်မှာ ဆိုရင်လည်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ပေါ့၊ နောက်ဆုံး ဒီတပ်ကိစ္စကို ဆုံးဖြတ်ရမယ်၊ ဆွေးနွေးရမယ်ဆိုတော့ သုကိုယ်တိုင် ပါဝင်ဖို့ အပေါ်ယံ ဆွေးနွေးထားတယ်။ အဲဒီလို ဆွေးနွေးထားတဲ့ နေရာမှာ  သဘောတူတဲ့ လက်မှတ် ထိုးတာတို့ ဘာတို့တော့ မရှိသေးဘဲနဲ့ ဒီတစ် ခေါက်ပြန်ဆုံရင်တော့ ကေအိုင်အေ ဘက်ကလည်း ဆုံးဖြတ်နိုင်တဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဦးဂွမ်မော် တို့ပါဝင်မယ်။ ဒါပေမယ့် ကေအိုင်အေ၊ ကေအိုင်အို ဘက်က ပြောတဲ့ နေရာကလည်း ဒီဘက်က မသွားနိုင်ဘူး။ ပြီးတော့ ဒီဘက် အစိုးရပိုင်း  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ က ခေါ်တဲ့နေရာ ကိုလည်း ကေအိုင်အေက မလာနိုင်ဘူး ဖြစ်နေတယ်။ နေရာ အခက်အခဲ ဖြစ်နေတယ်။ နှစ်ဖက်တပ်တွေ က ခေါင်းဆောင်တွေ တွေ့ဖို့ဆိုတာတော့ အပေါ်ယံ သဘောတူထားကြတယ်။ ဒါပေမယ့် တွေ့ဖို့နေရာ ခက်ခဲနေတယ်။

မေး။ ဆွေးနွေးမှု ရရှိလာမယ်ဆိုရင် ဘယ်အတိုင်းအတာအထိ အောင်မြင်မှုရလာမလဲ။ နောက်ပြီးတော့ ဆွေး နွေးမှု မရသေးတဲ့အချိန် တိုက်ခိုက်မှုတွေဟာ ဘယ်လောက်အထိ ဆုံး ရှုံးနေသလဲဆိုတာ တစ်ဦးတည်း အမြင်ကို သိချင်ပါတယ်၊

ဖြေ။ ဘယ်နေရာဖြစ်ဖြစ် ဒီတစ်ခေါက်သာ တပ်မတော်ပိုင်းဆိုင်ရာ အကြီးအကဲတွေ ပါလာမယ် ဆိုရင်၊ ကေအိုင်အေ၊   ကေအိုင်အိုဘက် က ကာကွယ်ရေး ဦးစီးချုပ်တွေ ပါလာပြီးတော့ ဆွေးနွေးဖြစ်တယ် ဆိုရင်၊ တစ်ခုခုတော့ တိုးတက်လာလိမ့်မယ်။ ကေအိုင်အေ၊ ကေအိုင်အို တကယ် လက်မှတ်ထိုးဖြစ်နိုင်မယ်ဆိုရင်၊ နောက်ထပ် ငြိမ်းချမ်းရေး ယူထားတဲ့ ၁ဝ ဖွဲ့နဲ့ပါ အတူတူ လက်မှတ်ထိုး ပေးနိုင်မယ်ဆိုရင်၊ နိုင်ငံရေးအရ ဆက်ပြီးတော့ ဆွေးနွေးသွားရင် ခေတ်သစ် စနစ်သစ် ဒီမိုကရေစီ နိုင်ငံထူထောင်တဲ့နေရာမှာ အခြေခံ အကျဆုံး လုပ်ငန်းတစ်ခုကို ဆောင်ရွက်လာ နိုင်လိမ့်မယ်လို့ ထင်ပါတယ်၊

 http://www.myanmarij.com/ မှ ဖော်ပြသည် ။

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG