Home » » ပလောင် (တအာင်း)ဒေသ၌ ထိုးစစ်ပြင်းထန်နေ

ပလောင် (တအာင်း)ဒေသ၌ ထိုးစစ်ပြင်းထန်နေ

အဲာပိုန်

အစိုးရ တပ်ဖွဲ့များသည် ပလောင်ပြည် လွတ်မြောက်ရေး အဖွဲ့ လှုပ်ရှားနေသော ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်တုံမြို့ နယ်နှင့် ကွက်ခိုင်မြို့နယ်တို့တွင် အင်အား တထောင်ကျော်ဖြင့် ထိုးစစ်ဆင်နေသည်ဟု ပလောင်ပြည် လွတ်မြောက်ရေး ပါတီ ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောပါသည်။

 “အဓိကတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ကျနော်တို့နဲ့ ကချင်တပ်တွေ ရှမ်းတပ်ဖွဲ့တွေကို ရှင်းပစ်ဖို့ ထိုးစစ်ဆင်နေတာပါ။ ပြည်သာယာ စစ်ဆင်ရေးလို့ နာမည်ပေးထားပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံက တဆင့် ဒီနာမည်နဲ့ ထိုးစစ် ဆင်နေတာဖြစ်တယ်။ ဒီလို စစ်ဆင်ရေးမျိုးက ကျနော်တို့အတွက် မဆန်းပါဘူး” ဟု ဆိုပါသည်။

၎င်းဒေသတွင် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့ လက်အောက်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) မှ တပ်ရင်း (၂၅၁) တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA မှ လှုပ်ရှားတပ်များ တည်ရှိသည့်နေရာဖြစ်ပါသည်။

ဤစစ်ဆင်ရေးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပြည်သာယာ စစ်ဆင်ရေးဖြင့် ဗျူဟာ (၄) ခုတိုးချဲ့ကာ တပ်ရင်းပေါင်း (၁၆) ရင်း၊ (လူအင်အား ၁၅၀၀) ခန့်ဖြင့် နမ့်ဆန်မြို့နယ်၊ ကွက်ခိုင်မြို့နယ်နှင့် မန်တုံမြို့နယ်သို့ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်ကပင် ထိုးစစ်ဆင်ခဲ့သည်။
 သြဂုတ်လ ၂၈ ရက်နေ့တွင် ပလောင် တီအန်အယ်အေ တပ်ရင်း (၂၅၆) တပ်ဖွဲ့နှင့် ကချင် ကေအိုင်အေ တပ်ရင်း (၃၄) တပ်ဖွဲတို့က ပူးတွဲပြီး ကျောက်မည်မြို့ အခြေစိုက် ခမရ (၅၀၁) တို့နှင့် နမ့်ဆန်ခရိုင် မန်တုံမြို့နယ်တွင် စတင်တိုက်ပွဲ ဖြစ် ပွားခဲ့ပါသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် နမ့်ဆန်မြို့နယ်တွင် နောင်ချိုအခြေစိုက် တပ်ရင်း (၁၁၄) နှင့် ပလောင် တီအန်အယ်အေတပ် ရင်း (၂၅၆) တပ်ခွဲတို့က မိနစ် (၂၀) ခန့် ရင်ဆိုင် တိုက်ပွဲငယ် တစ်ခု ဖြစ်ပွားခဲ့သည်။
သြဂုတ်လ ၃၁ ရက်နေ့တွင် မန်တုံမြို့နယ် နမ့်ယန်းကျေးရွာနှင့် မန်မောက်ရွာကြား၌ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်တော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တို့ ပူးတွဲကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၁) အင်အား (၁၀၀) ကျော်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

 “ဒီလိုမျိုး စစ်ရေးနဲ့ ဖိအားပေးပြီးမှ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့နည်းဟာ စစ်မှန်သော ငြိမ်းချမ်းရေးကိုရရှိနိုင်မှာ မဟုတ်ကြောင်း” ပလောင် တပ်မှူး တစ်ဦးက ဆိုပါသည်။
 နမ်းဆန်မြို့နယ် မန်တုံမြို့နယ်နှင့် ကွက်ခိုင်မြို့နယ်များ၌နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ ထိုဒေသသည် ယခင် ပလောင် အမျိုးသား လွတ်မြောက်အဖွဲ့ (PSLA)၏ ဌာနချုပ် နေရာ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့စဉ် အစိုးရမှ တပ်ဖွဲ့ တခုလုံး အငိုက်ဖမ်းပြီး လက်နက် သိမ်းခဲ့ပါသည်။ ဤအခြေအနေကို မကြေနပ်သော ပလောင်များသည် တအာင်း လွတ်မြောက်ရေး တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းကာ ပြန်လည် တိုက်ခိုက်ခဲ့ပါသည်။

အစိုးရသည်၊ တခြားသော သွေးစည်းသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကို အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုများ ကမ်းလှမ်းခဲ့သော်လည်း  ပလောင် လွတ်မြောက်ရေး ပါတီနှင့် ကယန်းပြည်သစ်ပါတီ ကိုမူ ယနေ့အထိ ကမ်းလှမ်းမှု မရှိခဲ့ပေ။
အဆိုပါ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များ ၁၀၀၀ ကျော်ခန့် ရှိသည်ဟု DVB မြန်မာဘာသာ စာမျက်နှာ၌ ဖော်ပြ ထားပါသည်။ အသေးစိတ်ကို http://burmese.dvb.no/archives/30219 ဖတ်ရှူ့နိုင်ပါသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG