Home » » သမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ နိုဝင်ဘာလဆန်းတွင် ကျင်းပမည်

သမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ နိုဝင်ဘာလဆန်းတွင် ကျင်းပမည်


 ကောလိပ်မှသည် တက္ကသိုလ်အဆင့်သို့ မကြာခင်ကမှ တိုးမြှင့်လိုက်သော သမဝါယမ တက္ကသိုလ်နှစ်ခုသို့ တက်ရောက် ပညာသင်ကြားလိုသူများအတွက် ဝင်ခွင့်စာမေးပွဲကို နိုဝင်ဘာလဆန်းတွင်
ပြုလုပ်သွားမှာ ဖြစ်သည်။

သန်လျင်နှင့် စစ်ကိုင်း သမဝါယမ တက္ကသိုလ်များအတွက် ဝင်ခွင့်စာမေးပွဲတွင် သမဝါယမ ဖြစ်တည်လာပုံ၊ သမဝါယမလုပ်ဆောင် လည်ပတ်ပုံအစရှိသည့် သမဝါယမနှင့် ပတ်သက်သော ဗဟုသုတမေးခွန်းများကို ဖြေကြား ရမှာ ဖြစ်သည်။ အင်္ဂလိပ်စာနှင့် ပတ်သက်၍ စာမေးပွဲစစ်ရန် လျာထားသော်လည်း အာဏာပိုင်များအနေဖြင့် ဆုံးဖြတ်ချက် မချရသေးပေ။

သမဝါယမ တက္ကသိုလ်နှင့် ကောလိပ်သို့တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲကို ၂ဝ၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သည့်သူများကိုသာ ဖြေဆိုခွင့်ပြုခြင်းဖြစ်ပြီး အောင်မြင်သူများသည် ဒီဇင်ဘာလဆန်းပိုင်းမှ စတင် တက်ရောက်ကြရမှာ ဖြစ်သည်။

သမ တက္ကသိုလ်အတွက် စာသင်နှစ် လေးနှစ် သတ်မှတ်ထားပြီး ဘွဲ့ပေးသွားမှာဖြစ်သည်။ ကောလိပ်အောင်ထား သူများကိုမူ တတိယနှစ် သင်တန်းမှ စတက်ခွင့်ပြုမည်။ ကျန်ရှိနေသေးသော သမဝါယမ ကောလိပ်နှစ်ခုအတွက် ဝင်ခွင့်စာမေးပွဲကိုလည်း နိုဝင်ဘာလဆန်းတွင် တပြိုင်တည်း ပြုလုပ်မှာဖြစ်သည်။ သမ တက္ကသိုလ်များနှင့်
ကောလိပ်များအတွက် ဝင်ခွင့်တင်ထားသူပေါင်း ၃၆ဝဝ ကျော်ရှိသည်။

ကောလိပ်အဆင့်တွင် ဘာသာရပ် ၁ဝ ခု သင်ကြားပေးပြီး တက္ကသိုလ်အဆင့်သင်ကြားမှုတွင် ပထဝီဝင် ဘာသာရပ် တစ်ခု ထပ်မံတိုးလာမှာဖြစ်သည်။

"ဒီပညာနဲ့ ဘွဲ့ရပြီးသူတွေက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေမှာ ဒီဘွဲ့ကို အသုံးချပြီး ဝင်ရောက်လုပ်ကိုင်နိုင်သလို သမဝါယမဝန်ကြီးဌာန လက်အောက်ရှိ အစိုးရ ရုံးတွေမှာလည်း အလုပ်ဝင်လုပ်လို့ရတယ်" ဟု သမဝါယမတက္ကသိုလ် (သန်လျင်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာသိန်းထွန်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဒီဂရီပေးသော သမဝါယမကောလိပ်များကို ဖောင်ကြီးနှင့် မန္တလေးတို့တွင် ၁၉၉၄ ခုနှစ်က ဖွင့်လှစ် ခဲ့ပြီး သံလျင်နှင့် စစ်ကိုင်းတို့တွင် ၁၉၉၆ ခုနှစ်များတွင် ဖွင့်လှစ်ခဲ့သည်။ ဇွန် ၂၁ ရက်နေ့က သန်လျင်နှင့် စစ်ကိုင်း သမဝါယမကောလိပ်များကို တက္ကသိုလ်အဆင့် ပြောင်းလဲရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။


Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG