NMG

ယင်းပေါက်ကွဲမှုအား ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ ချောင်းမြောင်း ပစ်ခတ်ခြင်းဟု ထင်မှတ်ပြီး မသင်္ကာသည့် နေရာများသို့ ပစ်ခတ်သည့် အပြင် ဖားကန့်ဒေသ အခြေစိုက် စစ်ဗျူဟာ ကုန်းသို့ပစ်ခတ်ရာမှ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင် ဒေသခံ တဦးက အခုလို ပြောသည်။
“အရက်တွေ မူးနေကြတော့ ဗျူဟာကုန်းက ဘယ်မှာရှိမှန်း အဲဒီစစ်တပ်ကမသိဘူးဗျ။ ဗျုဟာကုန်းဖက်ကို ပစ်ထည့်လိုက်တော့ အဲဒါ ဗျူဟာကုန်းကလည်း သူတို့ကို ပြန်ပစ် တယ်ဗျ။ ပထမတော့ ကျနော်တို့လည်း KIA တွေ ပစ်တယ်ပဲ မှတ်နေတာ။ နောက်ပိုင်း သေခြာကြည့်လိုက်တော့ သူတို့အချင်းချင်းပဲ ပစ်နေတာ။ လက်နက်ကြီးတွေနဲ့။” ပစ်ခတ်မှု ဖြစ်ပွားစဉ် ကျောင်းပြန်လာသည့် ကျောင်းသူ (၃) ဦးအား အကြောင်းမဲ့ ပစ်ခတ်ရာမှ တဦးသေဆုံးကြောင်း ၎င်းက အခုလို ဆက်ပြောသည်။
“ကျောင်းသူလေး (၃) ယောက်က ကျောင်းက ပြန်လာတော့ သူတို့က ကြောက်ပြီးတော့ ထိုင်ပြီး ငိုနေကြတာ။ အဲဒီမှာ စစ်သား တယောက်က ဘာလို့ ငိုတာလဲ ဆိုပြီး သူတို့ကို ပစ်ထဲ့လိုက်တာဗျ။ အခုကျောင်းသူလေး တယောက်ရဲ့ ဗိုက်နဲ့ တင်ပါးမှာ ဖောက်ထွက် သွားပြီးတော့ မနေ့ကပဲ သေသွားတယ်ဗျ။”
အခြားမျက်မြင် ဒေသခံတဦးကလည်း ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရကြောင်း “သူတို့က မဲမဲမြင်ရာ ပစ်နေကြတာဗျ။ အဲဒီမှာ ကျနော်တို့ရွာသားတွေက ကြောက်လှန့်ပြီး ကုန်းပေါ် တက်ပြေးကြတော့ KIA ထင်ပြီး အော်လည်းအော် ပစ်လည်း ပစ်တယ်ဗျ။ လောလောဆယ်တော့ ဒဏ်ရာရတာ (၁၀) ယောက်ကျော်လောက် ရှိတယ်။ သေတာတော့ မသိသေးဘူးဗျ။” ဟု ပြောဆိုသည်။
လက်ပစ်ဗုံးကျကွဲစဉ် အနီးရှိ နေအိမ်မှ ၎င်းတို့အား ချောင်းမြာင်း ပစ်ခတ်သည်ဟု ယူဆပြီး ယင်းနေအိမ်အား အစိုးရတပ်က ၀ိုင်းဝန်း ပစ်ခတ်ခဲ့သည်။ နောက်ပိုင်းတွင် နေအိမ်အား ၀ိုင်းထားခဲ့ပြီး အိမ်ရှင်နှင့် ကလေးငါးယောက် ထွက်လာခဲ့ရာ အိမ်ရှင် အမျိုးသားအား ရိုက်နက်ခဲ့ သည်ဟု အဆိုပါ မျက်မြင်က ဆက်ပြောသည်။
ယင်းစစ်ကြောင်းသည် ယမန်နေ့ နံနက် (၄) နာရီ အချိန်ခန့်က ကျေးရွာအတွင်း ၀င်ရောက် ခဲ့ရာ ချောင်းဖြတ်ကူးစဉ် တပ်ဖွဲ့ဝင် တဦး၏ သေနတ်တလက် ချောင်းအတွင်း ကျသွား သည့်အတွက် ဒေသခံများအား ရှာဖွေခိုင်းခဲ့ပြီး ကျေးရွာအတွင်း အရက်သောက်နေ ကြောင်းနှင့် ညနေပိုင်း သေနတ်ပြန်ရ၍ ကျေးရွာအတွင်းမှ ပြန်ထွက်ချိန် ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်း ဒုက္ခသည် ကူညီရေး လုပ်ငန်း လုပ်ကိုင်သူ တဦးက လောလောဆယ် ဖားကန့် ဒေသအတွင်း ဒုက္ခသည် ဦးရေ (၉၀၀၀) ကျော်ရှိကြောင်းနှင့် “ကျနော်တို့က အခုဒီမှာ ဥပဒေမဲ့ ပေါ့ဗျာ။ အကာအကွယ်မဲ့တဲ့ လူတွေအနေနဲ့ နေထိုင်ရသလို ဖြစ်နေပြီဗျ။ အားလုံး လိုလို ဒုက္ခရောက်နေကြတယ်။ ဒီနေ့ဆိုရင် စာသင်ကျောင်းတွေတောင် ပိတ်ထားလိုက်ရတဲ့ အနေအထား ကြုံရတာပေါ့နော်။” ဟု ပြောဆိုသည်။
အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တို့ တနှစ်ကျော်ကြာ ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ် မြို့ပေါ်ဒေသ အပါအ၀င် တရုတ်မြန်မာ နယ်စပ် ဒေသများသို့ ထွက်ပြေးခိုလှုံနေသည့် ဒုက္ခသည် တစ်သိန်းခန့် ရှိပြီဟု ဒုက္ခသည် ကူညီရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။
NMG

0 comments:
Post a Comment