Home » » တရုတ်မြန်မာနယ်စပ် ကျောက်မျက်ဈေးကွက် – Gem trade in China Burma border

တရုတ်မြန်မာနယ်စပ် ကျောက်မျက်ဈေးကွက် – Gem trade in China Burma border

တရုတ်-မြန်မာနယ်စပ်က ရွှေလီ-ကျယ်ကောင် ကျောက်ဈေးကွက်ကြီးဟာ အဓိက အားဖြင့် ကျောက်စိမ်း   တွေပဲ အများဆုံး ရောက်နေတာကြောင့် ကျောက်စိမ်း ဈေးကွက်ကြီး အဖြစ်နဲ့ပဲ လူသိများနေရပေမဲ့ တကယ်ကတော့ ကျောက်စိမ်း အမျိုးမျိုးတွေအပြင် ကျောက်စိမ်း မဟုတ်တဲ့ တခြားသော အဖိုးတန် ကျောက်မျက် အမျိုးမျိုးတွေလဲ နည်းမျိုးစုံနဲ့   ရောက်ရှိ ရောင်းဝယ်  နေကြတဲ့ ဈေးကွက်ကြီးတခုဖြစ်ပါတယ်။

‘အနီ နဲ့အပြာ’ လို့ပဲ လွယ်လွယ်ကူကူ ခေါ်ဝေါ်နေကြတဲ့ ပတ္တမြားနဲ့ နီလာတွေအပြင်၊ အညံ့ပန်းရောင်စုံ၊ ထပ်တရာ၊ ပြောင်ခေါင်းစိမ်း၊ မျောစိမ်း မျောဖြူ၊ ဖရဲအူတွေသာမက၊ စလင်း နဲ့ ပယင်း တွေအပါအဝင် ကျောက်မျက်မျိုးစုံ ဝင်ပါတယ်။

အပြာ (နီလာ) တွေကတော့ မိုးကုတ်နဲ့ သပိတ်ကျင်းဖက်ကပဲ လာတာ အများဆုံးဖြစ်ပေမဲ့ အနီ (ပတ္တမြား) တွေကတော့ မိုးကုတ် ကျပ်ပြင်၊ ဝါးဖြူတောင်၊ သပိတ်ကျင်းထွက်တွေသာမက မိုင်းရှူး နဲ့ နမ့်ခမ်းထွက် အနီတွေလဲ ရှိသလို အာဖရိကလို့ ခေါ်တဲ့ အာဖရိကအနီတွေလဲပဲ ကျောက်ဈေးထဲမှာ ရှိနေပါတယ်။

အနီ အပြာနဲ့ ကျောက်မျက်မျိုးစုံဝင်ရာမှာ ‘တာပလာ’ ‘လုံးချော’ စသဖြင့် သွေးထားပြီးသား အပွင့် တွေနဲ့ အသင့်ဝတ် လက်ဝတ် ရတနာ ထည်တွေ သာမက၊ အရိုင်း အတိုင်း – ပုံဆောင်ခဲ (crysatl) အတိုင်း အရောင်းအဝယ်ပြုနေကြတဲ့ ကျောက်မျက်မျိုးစုံတွေလဲ ရှိပါတယ်။

မသွေးရသေးတဲ့ အနီအပြာ၊ အညံ့ပန်းရောင်စုံ၊ ဂေါ်မိတ်၊ ဥဒေါင် စတဲ့ ကျောက်မျက်မျိုးစုံတွေလဲပဲ ဝင်သလို၊ ထပ်တရာ နဲ့ ဖရဲအူတွေဆိုရင်၊ အရိုင်းခဲ အတိုင်း ‘ခရစ်စတယ်ဈေးကွက်’ အဖြစ်နဲ့တောင် အရောင်းအဝယ် ရှိပါတယ်။

ရွှေလီ-ကျယ်ကောင်ကျောက် ဈေးကွက်ကြီးအတွင်းမှာ အနီအပြာ ကျောက်ဈေးကွက်ဟာလဲ လိုင်းတလိုင်းအနေနဲ့ တွင်တွင်ကျယ်ကျယ်ရှိခဲ့တာကြောင့်၊ အနီအပြာကျွမ်းကျင်တဲ့ မိုးကုတ်သူမိုးကုတ်သား    တော်တော်များများ- ရွှေလီကျောက်ဈေးကွက်    အတွင်းမှာ အထိုင်ချ နေထိုင် ရောင်းဝယ် နေကြတာတွေ ရှိရုံမက၊ ‘အနီ-အပြာ’သပ်သပ်ကိုပဲ ကျောက်သွေး ကျောက်ဖြတ်၊ ‘အရောင်တင်-ကွင်းတင်’လုပ်ငန်း လုပ်ကိုင် စားသောက်နေကြသူတွေလဲ ရှိနေပါတယ်။

ဒါပေမဲ့ – ဒီနှစ်ထဲမှာကတော့ – တရုတ်ပြည်မှာ အဓိကကျောက်ဖြစ်တဲ့ ကျောက်စိမ်းဈေးကွက်ကြီးတခုလုံးတောင် အရောင်းအဝယ်တွေ ထိုင်းမှိုင်း အေးစက်နေ လေတော့၊ အနီအပြာနဲ့ (ကျောက်စိမ်းမဟုတ်တဲ့ )တခြားသော ကျောက်မျက်မျိုးစုံတွေရဲ့ အရောင်းအဝယ်တွေဟာလဲ ပိုလို့ ပိုလို့တောင် ပါးလျားနေတဲ့ အခြေအနေရှိပါတယ်။

အနီအပြာသမားတွေတချို့၊ အစိမ်း(ကျောက်စိမ်း) လိုင်းဖက် ကူးပြောင်း လုပ်ကိုင်ကြတာတွေလဲ ဒီနှစ်ထဲမှာ                 တော်တော်များများရှိလာနေပေမဲ့၊ အစိမ်းဈေးကွက်ကလဲ မကောင်းပဲ ဖြစ်နေတာကြောင့် “မိုးကုတ်မှာကလဲ ကျောက်လုပ်ငန်းအခြေအနေက မကောင်း၊ ဒီဖက်မှာကလဲ ဈေးကွက်က မကောင်း၊ အနီအပြာ မကောင်းလို့ အစိမ်းကို ပြောင်းလုပ်ပြန်တော့လဲ အစိမ်းဈေးကွက်ကလဲ မကောင်းနဲ့ဆိုတော့ ဘာလုပ်လို့ ဘာကိုင် ရမှန်းတောင် မသိတော့ပါဘူးဗျာ”လို့ မိုးကုတ်သား ကျောက်သမား တယောက်ကတော့ ညည်းပါတယ်။

ရွှေလီမှာ စလင်းကျောက်တွေချည်း ဝယ်တဲ့ဆိုင်မျိုးလဲ တွေ့ရပြီး၊ လတ်တလောနှစ်တွေအတွင်းမှာတော့ ‘ပယင်း’တွေလဲ ဈေးကွက်ထဲကိုတွင်တွင် ကျယ်ကျယ် ရောက်လာခဲ့တာ တွေ့ရပါတယ်။ ကချင်ပြည်နယ် တနိုင်း ဒေသဖက်က ထွက်တဲ့ပယင်းတွေ ကျယ်ကောင် ရွှေလီဈေးကွက် အတွင်းမှာ တွေ့ရပြီး၊ အရိုင်းတုံးတွေရော အချောတုံးတွေ သာမက ပုတီးလက်စွပ်စတဲ့ လက်ဝတ်လက်ထည်တွေပါ တွေ့ရပါတယ်။

စလင်းတွေက ကီလိုချိန်နဲ့ချိန်တွယ်ရောင်းဝယ်ကြတာဖြစ်ပြီး၊ ပယင်းတွေ ကတော့ တုံးပြတ် အတိုင်း ရောင်းဝယ် ကြတာရှိသလို၊ ‘ဂရမ်ချိန်’နဲ့ ရောင်းဝယ်ကြတာလဲ ရှိပါတယ်။ ပယင်းရဲ့ အရည်အသွေးကိုလိုက်ပြီး (၁) ဂရမ်ကို ယွမ် (၂ဝ)ကနေ ယွမ်(၅ဝ)အထိ လက်ရှိပေါက်ဈေးရှိပါတယ်။

ဘီဘီစီ
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG